သတင်း

မိုးကုတ်မြို့တွင် ရေပူရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ရေပူရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းလွင်မှာ ၎င်း၏နေအိမ်၌ ယမန်နေ့ (ဇူလိုင်၂၁) ညနေ ၅ နာရီခန့်က သေနတ်ဖြင့် ပစ်ခံရသဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့ကြောင်း မျက်မြင်တွေ့ရှိသူကို ကိုးကား၍ ရပ်ကွက်နေ ပြည်သူတစ်ဦးက အတည်ပြုသည်။

ဦးစန်းလွင်မှာ ရေပူရပ်ကွက်နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် လူသုံးဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်လာကာ အိမ်ကို ခဲဖြင့်ထုသဖြင့် ဦးစန်းလွင်က ထွက်ကြည့်ရာတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပါးစောင်တွင် ကျည်ဖောက်ဝင်ဒဏ်ရာရခဲ့သည့် ဦးစန်းလွင်ကို မိုးကုတ်မြို့နယ်ဆေးရုံ၌ ကုသနေပြီး ကွယ်လွန်သွားပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ယနေ့(ဇူလိုင် ၂၂) မွန်းလွဲပိုင်းအထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူ့ကိုသတင်းပေး၊ ဒလန်၊ တပ်ထောက်ခံသူဆိုပြီး ယူဆကြတာပေါ့။ အဲဒါကြောင့် လုပ်ကြံတယ်ထင်ပါတယ်။ ဘယ်သူဘယ်ဝါလုပ်တယ်ဆိုတာတော့ မသိရသေးဘူး” ဟု အထက်ပါ ရေပူရပ်ကွက်နေသူက ပြောသည်။

စစ်တပ်သတင်းပေး ဒလန်ဟု စွပ်စွဲခံရခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဆေးကုသမှုအခြေအနေကို သိရှိနိုင်ရန် ဦးစန်းလွင်၏ မိသားစုထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။ 

အထက်ပါ ရပ်ကွက်သားတစ်ဦး၏ အဆိုအရ ဦးစန်းလွင်သည် ယခင်ကပင် ရေပူရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီးချိန်တွင်လည်း စစ်ကောင်စီက ၎င်းကိုပင် ဆက်လက်ခန့်ထားခဲ့သည်ဟု သိရသည်။

သေနတ်ဖြင့် ပစ်ခတ်မခံရမီ ဇူလိုင် ၁၇ ရက်ကလည်း ဦးစန်းလွင်၏ နေအိမ်ရှေ့၌ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲခဲ့သေးသည်ဟု သိရသည်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ရက်ဆက် ဆန္ဒပြသည့် နိုင်ငံအနှံ့မှ မြို့များအနက် မိုးကုတ်လည်းအပါအဝင်ဖြစ်ပြီး စစ်ကောင်စီက ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့်အပြင် ဆန္ဒပြရာတွင် ပါဝင်သူများကိုလည်း ဖမ်းဆီးအရေးယူခဲ့ရာ နာမည်ကျော် ရေပူဆရာတော်လည်း ပါဝင်ခဲ့သည်။

မိုးကုတ်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းလွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာ မရှိသေးပေ။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ မှစ၍ ဇူလိုင်လ ဒုတိယပတ်အထိ နိုင်ငံအနှံ့တွင် အုပ်ချုပ်ရေးမှူး ၄၀ ခန့်အထိ သတ်ဖြတ်ခံခဲ့ရကြောင်း စစ်ကောင်စီက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဖော်ပြထားသည်။

Myanmar Now က ပြုစုထားသည့် စာရင်းများအရ စစ်တပ်က အာဏာသိမ်းပြီး ငါးလကျော်အတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် စစ်ကောင်စီဘက်တော်သား ရပ်ကျေးအဆင့် အုပ်ချုပ်ရေးပိုင်းနှင့် သတင်းပေးဒလန် စုစုပေါင်း ၅၀ ကျော်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၉ ဦး ပါဝင်သည်။

Show More

Related Articles

Back to top button