မန္တလေး – မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာနှင့် ကပ်လျက်တည်ဆောက်နေသော ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန် ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်တွင် ၎င်းရွာမှ ရွာသူရွာသား ၁၀ဝ ခန့်က မန္တလေးမြို့ ၃၅ လမ်း နှင့် ၆၂ လမ်းထောင့် မနော်ရမ္မံဥယျာဉ်အနီးတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ဒေသခံများ သဘောထားဆန္ဒမပါသော ဘိလပ်မြေစက်ရုံဖျက်သိမ်းပေးရေး …တို့အရေး…”၊ “မတရားမှုများ အလိုမရှိ”၊ “ဖမ်းဆီးထားသော တောင်သူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး တို့အရေး” စသည့် ကြွေးကြော်သံများဖြင့် နံနက် ၁၁ နာရီခန့်မှ ၁၁ နာရီခွဲခန့်အထိ ဆန္ဒထုတ်ဖော်ခဲ့သည်။
“ဒီကုမ္ပဏီကြီး အလိုမရှိကြောင်းပြောနေတာကို ဆက်လက်လုပ်နေတယ်။ ကျွန်မတို့က ကိုယ်ပိုင်တဲ့လမ်းကို တားတော့ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချတယ်။ ဥပဒေက ကျွန်မတို့ဘက်မှာမရှိဘူး။ ကုမ္ပဏီဘက်မှာပဲရှိတယ်”ဟု အောင်သပြေ ကျေးရွာသူ မသင်းသင်းခိုင်က ပြောသည်။
ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့အကြားရှိ ကျောက်တောင်များမှ ကုန်ကြမ်းယူပြီး တစ်ရက်လျှင် တန် ၅၀၀၀ ထုတ်လုပ်မည့် အဆိုပါ ဘိလပ်မြေစက်ရုံစီမံကိန်းကို ယခင် သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက ရန်ကုန်အခြေစိုက် “မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီလီမိတက်”ကို လုပ်ပိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် လမ်းဖောက်ခြင်းကို ကန့်ကွက်ခဲ့သည့် ဒေသခံ ရွာသားငါးဦးတို့ကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှုဖြင့် ထောင်ဒဏ်တစ်လစီ ပြီးခဲ့သည့်နိုဝင်ဘာလက ချမှတ်ခဲ့သည်။ ထို့ပြင် နောက်ထပ် ဒေသခံ ၂၁ ဦးမှာလည်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဥပဒေအရ တရားစွဲခံခဲ့ရသေးသည်။
ရွာသားများက စက်ရုံအဝင်အထွက်လမ်းအတွက် ၎င်းတို့၏ မြေများကို အစိုးရက သိမ်းယူခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ထိုစီမံကိန်းသည် ၎င်းတို့ကျေးရွာ၏ လယ်ယာမြေများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သည်ဟုဆိုကာ ဆန့်ကျင်နေကြခြင်းဖြစ်သည်။
“ဒီကရှေ့လျှောက် ကျွန်မတို့ လမ်းတွေတားမယ်။ ရဲကဖမ်းလည်း ကျွန်မတို့ သူသေကိုယ်သေ ချတော့မယ်။ မနက်ဖြန်ကစ အဲဒီကုမ္ပဏီ ရပ်တန်းကရပ်ပါ”ဟု ၎င်းက ဆက်ပြောသည်။
ထိုဆန္ဒပြရာသို့ မဟာအောင်မြေအထွေထွေအုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးက လာရောက်တားဆီးခဲ့သော်လည်း ဖမ်းဆီးခြင်းမရှိခဲ့သည်ကို တွေ့ရသည်။
“ဖြေလျှော့ပေးတဲ့အနေနဲ့ သူတို့ကိုမဖမ်းပါဘူး ကျွန်တော်တို့ညှိနှိုင်းပေးတာပါ။ ထိပ်တိုက်ဆွေးနွေးပေးတာပါ ”ဟု မဟာအောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က ပြောသည်။
ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့က လာရောက်တားဆီးပြီးနောက် ဆန္ဒပြပွဲရုပ်သိမ်းကာ ပြန်လည်ထွက်ခွာသွားကြသည်။