သတင်း

တယ်လီနောထွက်ခွာမှုကြောင့် အချက်အလက်လုံခြုံမှုအပေါ် စိုးရိမ်မှုများရှိလာ 

နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောအုပ်စုက တယ်လီနော(မြန်မာ) ကို လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 အုပ်စုထံ လွှဲပြောင်းရောင်းချလိုက်ပြီးနောက် မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာ အချက်အလက်လုံခြုံမှုအပေါ် စိုးရိမ်လာကြောင်း တယ်လီနောအသုံးပြုသူများက ပြောသည်။ 

စစ်အာဏာသိမ်းပြီးနောက် ဖုန်းအသုံးပြုသူများ၏ အချက်အလက်လုံခြုံမှုအတွက် အာမခံချက်နည်းသွားသော်လည်း ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပတ်သက်၍ တယ်လီနောကွန်ရက်ကို ယုံကြည်အားထားခဲ့သော်လည်း ယခုအခါ ထိုယုံကြည်မှု ပျောက်ဆုံးသွားသည်ဟု တယ်လီနောသုံးစွဲသူတစ်ဦးက ဆိုသည်။ 

“တယ်လီနောက အရင်က စစ်တပ်ရဲ့ဖိအားပေးမှုတွေကို အတိအလင်းငြင်းဆန်တဲ့ ပုံစံမျိုးတွေလည်း ရှိတယ်။ အဲ့ဒါတွေကြောင့် တယ်လီနောသုံးရတာ အားရှိတယ်။ M1 Group ကို ရောင်းချလိုက်တဲ့အတွက် စစ်တပ်ဘက်ကို ရောက်သွားတယ်လို့ ခံစားရတယ်” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်တွင် နေထိုင်သူ ထိုအမျိုးသားက ပြောသည်။ 

ဆက်သွယ်ရေးအော်ပရေတာ လေးခုရှိသည့်အနက် Mytel နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) ကို စစ်တပ်က အဓိကထိန်းချုပ်ထားသောကြောင့် တယ်လီနောနှင့် အူရီဒူးကိုသာ အားထားသုံးစွဲခဲ့သော်လည်း တယ်လီနောကို M1 Group က ပိုင်ဆိုင်တော့မည်ဖြစ်ရာ အချက်အလက်လုံခြုံမှုကို စိုးရိမ်မိသည်ဟု ၎င်းက ဆိုသည်။ 

နိုင်ငံတကာဆက်သွယ်ရေးလုပ်ငန်းကြီးဖြစ်သည့်အပြင် စားသုံးသူအခွင့်အရေးကို အလေးအနက်ထားသည့် အော်ပရေတာဖြစ်သောကြောင့် တယ်လီနောထွက်ခွာသွားမှုအပေါ် နှမြောမိကြောင်းလည်း တယ်လီနောကွန်ရက်အသုံးပြုသူ အဆိုပါအမျိုးသားက ဆိုသည်။

မိုဘိုင်းဖုန်းသုံးစွဲသူများ၏ အချက်အလက်ကို အာဏာပိုင်များက တိုက်ရိုက်ရယူရန် ကြိုးစားခဲ့ရာတွင် တယ်လီနောက လူ့အခွင့်အရေးရှုထောင့်အရ မေးခွန်းထုတ်မှုများရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆိုက်ဘာလုံခြုံရေးဥပဒေ အတည်ပြုရန် စစ်ကောင်စီ၏ အားထုတ်မှုကိုလည်း ကန့်ကွက်ခဲ့သည်။

နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီဖြစ်သောကြောင့် လူ့အခွင့်အရေးနှင့် ပုဂ္ဂလိကဆိုင်ရာ အချက်အလက်လုံခြုံမှုကို ပိုအလေးထားနိုင်သော်လည်း ဆက်သွယ်ရေးလုပ်ငန်းမှာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ တွင် ပြဋ္ဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေအောက်တွင်သာ ရှိနေခြင်းကြောင့် အပြည့်အဝ မလွတ်လပ်သေးကြောင်း အမည်မဖော်လိုသည့် အိုင်တီပညာရှင်တစ်ဦးက ဆိုသည်။

“တကယ်တမ်းထိန်းချုပ်မှုက သူတို့ဆီ(အော်ပရေတာတွေ) မှာ အပြည့်အဝရှိတာတော့ မဟုတ်ဘူး။ Main Gateway ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနက ပေးထားတဲ့အပေါ်မှာပဲ ဖြတ်သွားတဲ့ဟာကို နဂိုကတည်းက ဥပဒေထဲမှာလည်း ထည့်ပြီးချုပ်ထားတယ်။ အများအားဖြင့်က ဒီဥပဒေကပဲ ချုပ်ကိုင်ထားတယ်” ဟု ၎င်းက ဆိုသည်။

တယ်လီနော(မြန်မာ)ကို လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း သန်းကြွယ်သူဌေး Najib Mikati ပိုင်သည့် M1 Group က အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ပြီးခဲ့သည့်ဇွန်လအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။ M1 Group သည် မြန်မာစစ်တပ်ပိုင် Mytel အတွက် ဆက်သွယ်ရေးတာဝါတိုင်များငှားရမ်းသုံးဆွဲခွင့်ပေးမှုဖြင့် အမည်ပျက်စာရင်းထည့်သွင်းခံရဖူးသော Irrawaddy Green Towers ကုမ္ပဏီတွင် ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသည့် ကုမ္ပဏီလည်းဖြစ်သည်။ 

Irrawaddy Green Towers က ဇူလိုင် ၂၄ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တစ်ခုအရ ၎င်းတို့ကုမ္ပဏီသည်  မြန်မာနိုင်ငံဥပဒေများအရ Mytel ကို တာဝါတိုင်များမျှဝေသုံးဆွဲခွင့်ပြုထားကြောင်းဆိုသည်။ ” တခြားအော်ပရေတာတွေအတွက် ဆောက်ထားတဲ့ တာဝါတိုင်တစ်ခုခုပေါ်မှာ Mytel က ကိရိယာတစ်ခုခုတပ်ဆင်ချင်ပါတယ်ဆိုရင်လည်း ဒီလိုလုပ်ဖို့ ခွင့်ပြုထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြန်မာနိုင်ငံ၌ အကြီးဆုံးဆက်သွယ်ရေးတာဝါတိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Irrawaddy Green Towers ကို လူဇင်ဘတ်နိုင်ငံအခြေစိုက် CVC ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ၂၀၂၀ အတွင်း အမေရိကန်ဒေါ်လာသန်း ၇၀၀ ဖြင့် ဝယ်ယူရန်သဘောတူခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ဆိုင်းငံ့ထားသည်ဟု နိုင်ငံတကာသတင်းများက ဆိုသည်။

တယ်လီနောမြန်မာပိုင်ရှင်သစ်သည် စစ်တပ်နှင့် အဆက်အဆံရှိသည့် M1 အုပ်စုဖြစ်သောကြောင့် စစ်တပ်ပိုင်စီးပွားရေးနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ဆန့်ကျင်သပိတ်မှောက်နေသည့် ပြည်သူများအနေဖြင့် တယ်လီနောကွန်ရက်ကို ရွေးချယ်အသုံးပြုရေးမှာ စဉ်းစားစရာဖြစ်လာသည်။ 

ပဋိပက္ခဖိစီးသည့်​ အာဏာရှင်နိုင်ငံများတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်လာသည့် M1 အုပ်စုသည် တယ်လီနောနှင့် နှိုင်းယှဉ်ပါက ဒစ်ဂျစ်တယ်အခွင့်အရေးစံနှုန်းဘက်တွင် အားနည်းနိုင်သော်လည်း ကွန်ရက်အသုံးပြုသူများ၏ အခွင့်အရေးအတွက် စေ့စပ်အရေးဆိုရာတွင် ကျွမ်းကျင်သူများဖြစ်လာနိုင်ကြောင်း Free Expression Myanmar အဖွဲ့၏ အကြံပေး Oliver Spencer က ဆိုသည်။ 

“လူပေါင်း ၁၆ သန်းလောက်က သူတို့ရဲ့ ဒစ်ဂျစ်တယ်အခွင့်အရေးကို ကာကွယ်ပေးနိုင်ဖို့ တယ်လီနောကို ယုံကြည်အားထားခဲ့ကြတယ်။ ဘယ်သူ့ကိုပဲရောင်းရောင်း ပိုင်ရှင်သစ်က ဒီယုံကြည်မှုကို ဆက်ပြီးဖြည့်တင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက် ပါကိုပါသင့်တယ်” ဟု ၎င်းက ပြောသည်။ 

တယ်လီနောကို ရောင်းချပြီး နောက်ရက်တွင် တယ်လီနောအမှုဆောင်အရာရှိချုပ်က ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံအသိပေးခဲ့ကြောင်း တယ်လီနော(မြန်မာ) စတင်ချိန်ကတည်းက လုပ်ကိုင်ခဲ့သည့် လုပ်သက် ၇ နှစ်ရှိ အမျိုးသားဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

ပိုင်ရှင်သစ်ထံ လုပ်ငန်းများလွှဲပြောင်းမှုသည် ၃ လမှ ၆ လအတွင်း ပြီးစီးဖွယ်ရှိပြီး ၂၀၂၁ နှစ်ကုန်ပိုင်းအထိ တယ်လီနောက စီမံလုပ်ကိုင်နေဦးမည်ဖြစ်ကာ ၂၀၂၂ နှစ်ဆန်းတွင် M1 အုပ်စုက စတင်ကိုင်တွယ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ပိုင်ရှင်ပြောင်းသွားတဲ့အတွက် Organization Structure (ကုမ္ပဏီဖွဲ့စည်းပုံ) အနေနဲ့ နည်းနည်း အပြောင်းအလဲလေးရှိမယ်ပေါ့နော်။ ကျန်တဲ့ဟာကတော့ ဝန်ထမ်းတွေအားလုံး ဒီအတိုင်းပဲလို့တော့ လက်ရှိသိထားတာပေါ့” ဟု ၎င်းက ဆိုသည်။

လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အခွင့်အရေးနှင့် ပွင့်လင်းမြင်သာမှုတွင် ကောင်းသတင်းရှိသည့် ကုမ္ပဏီနှင့် အသားကျနေရာမှ အစိမ်းသက်သက်ပိုင်ရှင်လက်အောက်တွင် ပြောင်းလဲလုပ်ကိုင်ရမည်ဖြစ်သောကြောင့် စိန်ခေါ်မှုများစွာရှိကြောင်းလည်း ၎င်းက ဆိုသည်။

အထူးသဖြင့် တယ်လီနောသည် ကုမ္ပဏီဝန်ထမ်းများအပြင် မိသားစုဝင်ကိုပါ ကျန်းမာရေးအာမခံထားပေးပြီး ကိုဗစ်နိုင်တင်းနှင့် အခြားရာသီတုပ်ကွေးကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအထိ စီစဉ်ဆောင်ရွက်ပေးရာ ပိုင်ရှင်သစ်လက်ထက်တွင် မည်သို့ဖြစ်လာမည်ကို မသိရကြောင်း အထက်ပါ တယ်လီနောမြန်မာဝန်ထမ်းက ဆိုသည်။

“ဝန်ထမ်းအပေါ် အများကြီးကြည့်တဲ့ ကုမ္ပဏီတစ်ခုထွက်သွားတဲ့အတွက် အများကြီးတော့ စိတ်မကောင်းဖြစ်မိတယ်။ သူတို့ရောင်းလိုက်တဲ့အပေါ်မှာကတော့ ဘာမှတ်ချက်မှတော့ မပေးချင်ဘူး။ အားလုံးကတော့ အကြောင်းအမျိုးမျိုးရှိကြတာပဲ” ဟု ၎င်းက ဆိုသည်။

မိခင်ကုမ္ပဏီဖြစ်သော တယ်လီနောအုပ်စုသည် ကမ္ဘာ့အကြီးဆုံးမိုဘိုင်းအော်ပရေတာများအနက် တစ်ခုဖြစ်ပြီး ၂၀၂၀ တွင် အသုံးပြုသူပေါင်း ၁၈၇ သန်းကျော်ရှိကာ နှစ်စဉ်ရောင်းအား အမေရိကန်ဒေါ်လာ ၁၄ ဘီလျံရှိသည်ဟု တယ်လီနောအုပ်စု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ပြင်ဆင်ချက်။ မူရင်းသတင်းတွင် Irrawaddy Green Towers သည် Mytel အတွက် တာဝိုင်တိုင်များဆောက်ပေးသည်ဟု မှားယွင်းဖော်ပြထားပါသည်။ ထိုအချက်ကို ပြင်ဆင်၍ Irrawaddy Green Towers သည် Mytel အား ၎င်းတည်ဆောက်ထားသည့် ဆက်သွယ်ရေးတာဝါတိုင်များကို ငှားရမ်းအသုံးပြုမှု ပြုလုပ်ထားသည်ဟု ပြင်ဆင်ဖော်ပြအပ်ပါသည်။ Irrawaddy Green Towers ၏ထုတ်ပြန်ချက်ကိုလည်း ပြန်လည်ပြင်ဆင်ထားသည့်သတင်းတွင် ထည့်သွင်းဖော်ပြအပ်ပါသည်။ 

 

Show More

Related Articles

Back to top button