ပွဲတိုင်းကျော် ငပွကြီး
“ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံကြီးနဲ့ အုန်းအုန်းကျွက်ကျွက် အောင်ပွဲခံပြီး နိုင်ငံ့အာဏာကို လက်ပြောင်းရယူနိုင်ခဲ့တဲ့ အစိုးရသစ်ဟာ ပြည်သူတွေ၊ သတင်းမီဒီယာတွေကို ဖိစီးနှိပ်စက်နေတဲ့ စံမမီ ဥပဒေတစ်ခုကြောင့် မျက်နှာပျက်စရာ ကြုံနေရသဗျ။ တခြားဟုတ်ပါရိုးလား၊ အစိုးရသစ်ရဲ့ သက်တမ်းနဲ့အတူ တဖြည်းဖြည်း ပိုပြီး လက်သံပြောင်လာနေတဲ့ ပုဒ်မ ၆၆ (ဃ)ရဲ့ မူလပိုင်ရှင် ဆက်သွယ်ရေးပုဒ်မ (၂ဝ၁၃ ခုနှစ်) ပေါ့ဗျာ။ ဟုတ်ပ၊ သတင်းမီဒီယာသမားများကို နှိပ်ကွပ်ရာမှာ လွယ်လွယ်ကလေးကောက်သုံးပြီး ထိချက်ပြင်းပြင်း ဆော်ပလော်တီးနိုင်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ အသုံးချချင့်စဖွယ် လက်နက်ကောင်းကြီးတစ်ခုအဖြစ် လက်မည်းကြီး ဖြစ်မှန်းမသိ ဖြစ်လာနေပါပြီ။
ကြည့်လေ၊ ကိန်းဂဏန်းအချက်အလက်တွေအရ နာမည်ကျော်ဆက်သွယ်ရေး ၆၆(ဃ) ပုဒ်မနဲ့ တရားစွဲ တဲ့အမှု ၆၇ မှုရှိပြီး ၆၁ မှုက လက်ရှိအစိုးရသစ်လက်ထက်မှာ စွဲတာတဲ့ဗျာ။ အဲဒီအထဲမှာ လက်ရှိအစိုးရနဲ့ အာဏာရပါတီ အသိုင်းအဝိုင်းက တရားစွဲတာက ၆ မှု၊ တပ်မတော်က စွဲတာက ၇ မှုတောင်ပါတယ်ဆိုကိုး။ ခုနောက်ဆုံး The Voice Daily သတင်းစာ အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို သရော်စာတစ်ပုဒ် ဖော်ပြတာအတွက် ၆၆ (ဃ)နဲ့ စွဲသတဲ့ဗျာ။ ကမ္ဘာ့အသိုင်းအဝိုင်း၊ နိုင်ငံတကာဥပဒေနယ်ပယ်မှာတော့ ခေါင်းမဖော်ဝံ့လောက် အောင်ပါပဲ။
ခါးတောင်းကျိုက်တလွဲ တင်တလွဲ
ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ တည်ရှိမှုကို လက်ခံပါသဗျ။ ကျုပ်တို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး အကျယ်တဝင့် အမိန့်ရှိသလိုပါပဲ၊ နိုင်ငံသားတစ်ယောက် ချင်းစီရဲ့ ဥပဒေ အခွင့်အရေးတွေကို ကာကွယ်ပေးရမှာက ဥပဒေရဲ့အလုပ်ပါ။ လူတစ်ဦးချင်းစီရဲ့ ဂုဏ်အသရေ ထိခိုက်ပျက်ပြား နစ်နာမှု မရှိအောင်၊ နိုင်ငံ့လုံခြုံရေး၊ အများပြည်သူငြိမ်ဝပ် အေးချမ်းမှု ရှိအောင် ထိထိရောက်ရောက် ကိုင်တွယ်ကျင့်သုံးရမယ့် တိကျတဲ့ ဥပဒေတစ်ရပ် အသေအချာ လိုအပ်တာပေါ့၊ ဘာငြင်းစရာရှိသလဲ။
အဲ. . . သို့သော်လည်း နိုင်ငံတကာမှာ လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေစနစ်ရယ်၊ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူခံရမယ့် ပုဂ္ဂိုလ်ရဲ့ ဥပဒေအခွင့်အရေးရယ်ကိုလည်း ထည့်တွက်ရဦး မှာပဲ မဟုတ်လား။ တိုင်ကြားသူရော၊ တိုင်ကြားခံရသူရော နှစ်ဖက်စလုံးက ကိုယ့်နိုင်ငံသားတွေချည်းမဟုတ်လား။ တရားစီရင်ရေးနဲ့ ဥပဒေရဲ့ ပင်ရင်းအလုပ်က လူ့အဖွဲ့အစည်းကို တည်ဆဲ ဥပဒေများနဲ့အညီ၊ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မျှမျှတတမှန်မှန်ကန်ကန် ထိန်းညှိပေးဖို့ပဲမဟုတ်လားဗျာ။ ဦးသူအနိုင်ယူစတမ်း၊ အင်အားကြီးသူ နိုင်စတမ်းဆိုတာ ဥပဒေရဲ့ဓလေ့ထုံးတမ်းမှ မဟုတ်ဘဲကလား။
လက်ရှိဆက်သွယ်ရေးဥပဒေက ရည်ရွယ်ချက်ဘယ်လိုကောင်းပေမဲ့ ပြစ်မှုအမျိုးအစား သတ်မှတ်ပုံက လွဲနေပြီး လက်ရှိတည်ဆဲဥပဒေဖြစ်တဲ့ သတင်းမီဒီယာဥပဒေ (၂ဝ၁၄ ခုနှစ်)ပါ ပြဋ္ဌာန်းချက်တွေနဲ့ ကွဲလွဲ ဆန့်ကျင်နေတာက ပြဿနာဗျ။ ဥပဒေအချင်းချင်းပဋိပက္ခဖြစ်နေတာ (Conflict of Laws) က ပြဿနာရဲ့ အရင်းခံ အကြောင်းတရားကြီးပဲ။
အသရေဖျက်မှုဆိုတာ
ဒီကနေ့မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ တိုင်တန်းကြတဲ့အမှုတွေရဲ့အကြောင်းရင်းဟာ အသရေဖျက်ခြင်းကြောင့် ထိခိုက်နစ်နာလို့ တရားစွဲကြတာချည်းပါပဲ။ အသရေဖျက်ခြင်းကို နိုင်ငံတကာက တရားမမှု (Civil case) အနေနဲ့ သတ်မှတ်ကြပြီး ဆိုင်ရာပုဂ္ဂိုလ်အချင်းချင်းကြားက ပြဿနာလို့ ရှုမြင်ပါတယ်။ နစ်နာမှုအတွက် ကုစားနိုင်ဖို့ တရားမမှု စွဲဆိုရပါတယ်။ ပြစ်ဒဏ်ကလည်း တရားမပြစ်ဒဏ်တွေဖြစ်တဲ့ ငွေဒဏ် သို့မဟုတ် အလုပ်မဲ့ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခြင်း ခံရနိုင်ပါတယ်။ သို့ပေမဲ့ နစ်နာသူက စတင်တိုင်တန်းချိန်ကနေ တရားရုံးက အမိန့်ချတဲ့အချိန်အထိ အမှုရင်ဆိုင်ဆဲကာလ အတောအတွင်းမှာ ဘယ်လိုဖမ်းဆီးချုပ်နှောင်ခြင်းမျိုးကိုမှ မခံကြရပါဘူး။ အလွန်တရာ မျှတပါတယ်။ နှစ်ဖက်စလုံး ဥပဒေရဲ့ အကျိုးအာနိသင်ကို ခံစားကြရပါတယ်။
မြန်မာနိုင်ငံမှာတော့ အသရေဖျက်မှုကို ရာဇဝတ်မှု (Crime) လို့ သတ်မှတ်ထားပါတယ်။ ရာဇသတ်ကြီး ဥပဒေနဲ့ အရေးယူပါတယ်။ ဆက်သွယ်ရေးဥပဒေက အဲဒီရာဇသတ်ကြီးကို အမွေခံပြီး အသရေဖျက်မှုရဲ့ အဓိပ္ပာယ်ကို ရာဇသတ်ကြီးပါအတိုင်း ကောက်ယူပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ဥပဒေပုဒ်မ ၆၆ (ဃ) သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ််ခြင်းခံရနိုင်ပါတယ်။ ရာဇဝတ်မှုလို့ သတ်မှတ်ထားတဲ့အတွက် ရာဇဝတ် ကျင့်ထုံး ဥပဒေအတိုင်း လိုက်နာစီရင်ရပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေဇယား ၂ အခြား ဥပဒေများကို ကျူးလွန်သူများအတွက် ပြဋ္ဌာန်းချက်ဖြစ်တဲ့ ၃ နှစ်အထက် ၇ နှစ်အောက် ပြစ်ဒဏ်ထိုက်တဲ့အမှုကို အာမခံ မပေးနိုင်ဆိုတဲ့ ပြဋ္ဌာန်းချက်အောက်မှာ အကျုံးဝင်နေတော့ အလိုအလျောက် အာမခံ မရတဲ့အမှု ဖြစ်သွားပါလေရော။ တိုင်တဲ့ဘက်က အသာစီးရ၊ အတိုင်ခံရသူက မှားမှားမှန်မှန် အချုပ်ထဲ၊ ထောင်ထဲရောက်။ အမှုပြီးတဲ့အထိ အမည်ဂုဏ်သတင်းတွေပျက်၊ အလုပ်အကိုင်ပျက်၊ စီးပွားပျက်၊ အကျဉ်းအကျပ်ထဲမှာ ကိုယ်ဒုက္ခစိတ်ဒုက္ခတွေ ခံစားကြရပြီး တစ်ဖက်စောင်းနင်းတွေဖြစ် ။ တရားမျှတမှုကင်းတဲ့၊ ဥပဒေ အနှစ်သာရ ဆိတ်သုဉ်းတဲ့ဥပဒေ ဖြစ်နေပါတယ်။ ဥပဒေပြုသူ၊ ဥပဒေစောင့်ရှောက်သူတွေက အဲဒီအချက်ကို အဓိကထား စဉ်းစား သုံးသပ်ကြစေချင်တယ်။
ရှိပြီးသား ဥပဒေကျင့်ထုံး
သတင်းမီဒီယာဥပဒေကို ၂ဝ၁၄ ခုနှစ်မှာ ပြဋ္ဌာန်းပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ဆက်သွယ်ရေး ဥပဒေထက် နောက်ကျပါတယ်။ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ် ဖွင့်ဆိုရေးဥပဒေပါ ပြဋ္ဌာန်းချက်အရ ဥပဒေနှစ်ရပ်မှာပါတဲ့ ပြဋ္ဌာန်းချက်တွေက တစ်ခုနဲ့တစ်ခု ဆန့်ကျင်ကွဲလွဲနေရင် နောက်ကျတဲ့ဥပဒေက လွှမ်းမိုး ပါတယ်။ ဆိုလိုတာက နောက်ကျတဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း စီရင်ဆုံးဖြတ်ရပါမယ်။
ဒီဥပဒေကျင့်ထုံးနဲ့ ဓလေ့က အခိုင်အမာရှိနေပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ရေးဥပဒေ (၂ဝ၁၃ ခုနှစ်)ပါ ပြဋ္ဌာန်းချက်တွေနဲ့ သတင်းမီဒီယာဥပဒေ( ၂ဝ၁၄ ခုနှစ်) ပါ ပြဋ္ဌာန်းချက်တွေ ဆန့်ကျင် ကွဲလွဲနေရင် သတင်းမီဒီယာဥပဒေ (၂ဝ၁၄) ပါ အတိုင်း စီရင်ဆုံးဖြတ်ရမှာပါ။
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ပါ ပြစ်မှုမျိုးကို သတင်းမီဒီယာဥပဒေပုဒ်မ ၉(ဆ) မှာ အများ ပြည်သူ၏ အကျိုးစီးပွားနှင့် စပ်ဆိုင်သည့် သတင်းရေးသားခြင်းမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုး ဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းလို့ တိတိကျကျ သတ်မှတ် ပြဋ္ဌာန်းပေးထားပါတယ်။ ဒီပြဋ္ဌာန်းချက်ကို ကျူးလွန်ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ငွေဒဏ် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိ ချမှတ်ရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ထောင်ဒဏ် လုံးဝ မပါပါဘူး။ ဒါကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ဇယား ၂ အရ အာမခံပေးကို ပေးရမယ့်အမှု ဖြစ်နေပါတယ်။
ပြီးတော့ သတင်းမီဒီယာသမားတစ်ဦးက သတင်းမီဒီယာဥပဒေပုဒ်မ ၉ အရ ပြဋ္ဌာန်းထားတဲ့ တာဝန်နဲ့ ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ယူဆရင် ပုဒ်မ ၂၁ အရ သတင်းမီဒီယာကောင်စီကို ဦးစွာ တိုင်နိုင်ပါတယ်။ ပုဒ်မ ၂၂ အရ ကောင်စီက နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဖြေရှင်းခြင်းဆိုင်ရာ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းပြဋ္ဌာန်းချက်များနဲ့ အညီ ညှိနှိုင်းဖြေရှင်းပေးရပါမယ်။ အဲဒီလို ညှိနှိုင်းဖြေရှင်းရာမှာ ပြေလည်မှုမရှိမှ ပုဒ်မ ၂၃ အရ တရားရုံးမှာ တရားဥပဒေနဲ့အညီ သတင်းမီဒီယာဥပဒေအရ တရားစွဲနိုင်ပါတယ်။
ဒါကြောင့် သတင်းမီဒီယာသမားတစ်ဦးဟာ သတင်းမီဒီယာဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ) ပါ တားမြစ်ချက်မှ တစ်ပါး အခြားကျူးလွန်ဖောက်ဖျက်မှုများအတွက် သတင်းမီဒီယာ ဥပဒေနဲ့ပဲ တရားစွဲဆို အရေးယူခံကြရမှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးဥပဒေအပါအဝင် မည်သည့် တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့မှ တရားစွဲလို့၊ အပြစ်ပေးလို့ မရပါဘူး။
သတင်းမီဒီယာဥပဒေပုဒ်မ ၂၆ မှာ မည်သည့်သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)ပါ တားမြစ်ချက်ဖြစ်တဲ့ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်းပြစ်မှုကို ချိုးဖောက်မှသာ တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူခြင်း ခံရမည်လို့ အတိ အလင်း တိတိကျကျ ပြဋ္ဌာန်းထား ပါတယ်။ သတင်းမီဒီယာဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(ဇ)က လွဲလို့ ကျန်ကျူးလွန် ဖောက်ဖျက်မှု အားလုံးကို သတင်းမီဒီယာဥပဒေဖြင့်သာ တရားစွဲရပါမယ်။ အခန်း (၉)မှာ ပြစ်မှုနဲ့ ပြစ်ဒဏ်များ ကိုလည်း တိတိကျကျ ပြဋ္ဌာန်းပေးထားပြီးဖြစ်ပါတယ်။
ဒါကြောင့် အသရေဖျက်မှုကို အကြောင်းပြုပြီး သတင်းမီဒီယာသမားကို ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခွင့် မရှိသလို အပြစ်ပေးလို့လည်း မရပါဘူး။ ရှေ့ရှေ့က တရားစွဲခဲ့ကြ၊ အပြစ်ပေးခဲ့ကြတဲ့အမှုအခင်းတွေ အားလုံးက ဥပဒေနဲ့ ညီညွတ်စွာ ဥပဒေပြဋ္ဌာန်းချက်အတိုင်း စီရင်ဆုံးဖြတ်ခဲ့ကြတယ်လို့ မသတ်မှတ်နိုင်ပါဘူး။ ကြီးမားတဲ့ တရားစီရင်ရေး တိမ်းစောင်း ခြင်း ဖြစ်ပါတယ်။
ကျည်ထောင်စုသစ္စာ
လတ်တလော ဟိုးလေးတကျော်ဖြစ်နေတဲ့ The Voice Daily အမှုကိုပဲ ကြည့်ပါဗျာ။ စာရေးဆရာ ဗြိတိသျှ ကိုကိုမောင် ရေးတဲ့ ကျည်ထောင်စုသစ္စာသရော်စာကို ၂၆-၃-၂ဝ၁၇ ရက်နေ့ထုတ် The Voice Daily မှာ ထည့်သွင်းဖော်ပြတာရယ်၊ အဲဒီနေ့ညပိုင်း The Voice အင်တာနက် စာမျက်နှာမှာ ဖော်ပြတာရယ်ကြောင့် သတင်းစာအယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်ကို ၇-၄-၂ဝ၁၇ မှာ တပ်မတော်ဘက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်တယ်။ ကောင်စီက နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ပေးတယ်။ ကျည်ထောင်စုသစ္စာ သရော်စာ ဆောင်းပါးကို ရေးသား၊ ဖော်ပြရာမှာ တပ်မတော်နဲ့ တပ်မတော်သားတွေကို ထိခိုက်နစ်နာစေဖို့ ရည်ရွယ်ခြင်းမဟုတ်ပေမဲ့ တပ်မတော်ဘက်က ထိခိုက်နစ်နာတယ်လို့ ယူဆသည့်အတွက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ရှင်းလင်းချက်စာကို The Voice Daily အယ်ဒီတာအဖွဲ့က ၁၄-၅-၂ဝ၁၇ နေ့က သတင်းစာမှာ ဖော်ပြပေးခဲ့တယ်။ ကောင်စီကို တင်ပြအတည်ပြုချက်ယူပြီးမှ ထည့်ခဲ့တာ။ ဒါကို တိုင်ကြားသူဘက်က မကျေနပ်ဘူး။ တောင်းပန်စာမဟုတ်ဘူးလို့ ယူဆပုံရပါတယ်။ ၁၇-၅-၂ဝ၁၇ မှာ ဗဟန်းမြို့မရဲစခန်းကို တိုင်ကြားခဲ့တယ်၊ ဆက်သွယ်ရေးဥပဒေနဲ့ အရေးယူပေးဖို့ပေါ့ဗျာ။ သတိပြုရမှာက တိုင်ကြားခံရသူတွေက သတင်းမီဒီယာသမားတွေဖြစ်တဲ့အတွက် သတင်းမီဒီယာကောင်စီမှာ တိုင်ထားသလားလို့ ရဲကမေးရမယ်။ တိုင်ထားရင် သတင်းမီဒီယာကောင်စီဥပဒေပုဒ်မ ၂၂ နဲ့အညီ ညှိနှိုင်းဖြေရှင်းမှု လုပ်ဖို့၊ ပြီးပြတ်ပြီး မကျေနပ်တော့မှ အမှုဖွင့်ဖို့ ရဲက ညွှန်ပြရမယ်။
ခက်တာက ရဲက သတင်းမီဒီယာကောင်စီဥပဒေနဲ့ အရေးယူရမယ် ဆိုတာရယ်၊ သတင်းမီဒီယာဥပဒေမှာ ဘယ်လို ပြဋ္ဌာန်းထားသလဲ ဆိုတာရယ်ကို မသိဘူး။ သတင်းမီဒီယာ ကောင်စီကို တရားဝင်တိုင်ကြားပြီး ညှိနှိုင်း ဖြေရှင်းနေဆဲအမှုကို ရဲက ပထမသတင်းပေးတိုင်ချက်အမှတ် ၂၂၄/၂ဝ၁၇ နဲ့ လက်ခံ အမှုဖွင့်လိုက်တယ်။ ပြစ်မှုကိုတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)လို့ တပ်လိုက်တယ်။ အကုန် လွဲကုန်တော့တာပဲ။ သတင်း မီဒီယာကောင်စီဥပဒေပုဒ်မ ၂၃ အရ ညှိနှိုင်းမှု ပြီးပြတ်ခြင်း မရှိသေးတာကို လက်ခံ အမှုဖွင့်ပေးတာရယ်၊ သတင်းမီဒီယာ ကောင်စီဥပဒေ ပုဒ်မ ၂၅(ခ)အရ စွဲဆိုရမယ့်အမှုကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ ပုဒ်မ တပ်လိုက်တာရယ်ဟာ တစ်ခုမှ ဥပဒေနဲ့ မညီဘူး။ ပြဋ္ဌာန်းဥပဒေသတ်မှတ် ချက်နဲ့ ဆန့်ကျင် နေတယ်။ နောက်တော့ ဗဟန်းမြို့နယ် တရားသူကြီးက ၃-၆-၂ဝ၁၇ နဲ့ ၈-၆-၂ဝ၁၇ မှာ အာမခံလျှောက်တာကို ပယ်ပြီး ချုပ်မိန့််၊ ရီမန်ထုတ်တယ်။ အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်က အခုအထိ အင်းစိန်ထောင်ထဲမှာ အချုပ်ခံနေရတယ်။ ဆောင်းပါးတစ်ပုဒ်အပေါ် အခြေခံပြီး ဒီလောက်အထိ ဖြစ်သင့်သလား။
ဥပဒေကို ကိုင်တွယ်သုံးစွဲခွင့်ရသူတွေက ဥပဒေကို မသိရင်၊ သိရက်နဲ့ အလွဲသုံးရင် အလွန်အန္တရာယ် ကြီးပါတယ်။
ဘယ်သူတွေမှာ တာဝန်ရှိသလဲ
တရားစီရင်ရေးနယ်ပယ်မှာ ဒီလောက်ကြီးမားတဲ့ ဥပဒေအချင်းချင်း ပဋိပက္ခဖြစ်မှုကြီး၊ အလွန်တရာ ကြီးမားတဲ့ တရားစီရင်ရေး တိမ်းစောင်းမှုကြီး ပေါ်ပေါက်နေတာကို ချက်ချင်းကုစားမှု၊ ပြုပြင်မှု မပြုဘဲ မသိကျိုးကျွန်ပြုနေကြတဲ့ ဥပဒေပြုမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုလွှတ်တော်၊ တရားစီရင်ရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စုတရားလွွှတ်တော်ချုပ်နဲ့ နိုင်ငံသားများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အကာအကွယ် မပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့မှာ လုံးဝ တာဝန်ရှိပါတယ်။
သတင်းမီဒီယာသမားနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) က ဘယ်လိုမှ မဆိုင်ပါဘူး။
ဘယ်သတင်းမီဒီယာသမားကိုမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ အရေးယူလို့မရပါဘူး။
သတင်းမီဒီယာသမားကို သတင်းမီဒီယာဥပဒေပုဒ်မ ၂၆ မှတစ်ပါး သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ နဲ့ပဲ အရေးယူရပါမယ်။
ဒါ မှန်ကန်တဲ့ ဥပဒေကျင့်ထုံးပါပဲ။
အဲတော့ . .. . မေးခွန်းတစ်ခုမေးလိုက်ချင်ပါတယ်။
သတင်းမီဒီယာသမားများအတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) က ဘာလဲ၊ ဘယ်လဲ။ ။
ဇေယျမင်းသျှင်
(၁၂-၆-၂ဝ၁၇)
(စာရေးဆရာ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့် (ခေါ်) ဇေယျမင်းသျှင်သည် အကျဉ်းဦးစီးဌာန ထောင်မှူးကြီးဟောင်းဖြစ်သည်။)



