
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်တပင်မြို့နယ်၊ ကင်မွန်းခြုံရွာတွင် ဇူလိုင် ၁၈ ညက သေနတ်သမားတချို့၏ ပစ်ခတ်မှုကြောင့် အာဏာသိမ်းမှုကန့်ကွက်သူ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး သူ၏သမီး ၇ တန်းကျောင်းသူလည်း ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
ည ၉ နာရီခွဲခန့်အချိန်က အသက် ၃၅ နှစ်အရွယ် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ဒေါ်ကလယ်သည် သမီး ၃ ဦးနှင့် နေအိမ်အတွင်းရှိနေစဉ် လူ ၃ ဦးက နေအိမ်အတွင်း ဝင်ရောက်ပြီး သေနတ်ဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးက ပြောသည်။
“သူ (ဒေါ်ကလယ်)ကတော့ နှလုံးတည့်တည့်ကို တစ်ချက်ပဲ ထိတယ်လို့ ပြောတယ်။ သူ့သမီးလေးကတော့ ၃ နေရာ( ထိတယ်) လို့ ပြောတယ်။ လက်မောင်းမှာ တစ်ချက်ထိတယ်။ ခြေသလုံးမှာတော့ တစ်ချက်။ ခါးမှာ ၅ ချက်ထိတယ် ပြောတယ်” ဟု အသက် ၃၀ အရွယ် ထိုအမျိုးသမီးက ဆိုသည်။
ကျန် သမီးနှစ်ဦး ကျည်ထိမှန်ခဲ့ခြင်း မရှိကြောင်း ၎င်းက ဆက်ပြောသည်။
ပစ်ခတ်ခံရပြီး မိနစ်ပိုင်းအတွင်း ရဲနှင့် စစ်သားများ ရောက်ရှိလာကာ ရုပ်အလောင်းကို ယူဆောင်သွားပြီး ဒဏ်ရာရထားသည့် သမီးဖြစ်သူကို တောင်ငူဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။
ရွာအနီး စစ်တပ်စခန်းတစ်ခုရှိကြောင်း၊ ယမန်နေ့ (ဇူလိုင်၁၉) မွန်းတည့် ၁ နာရီတွင် ဒေါ်ကလယ်၏ ရုပ်အလောင်းကို စစ်တပ်က နေအိမ်ပြန်ပို့ခဲ့သောကြောင့် ညနေပိုင်း၌ သင်္ဂြိုဟ်ခဲ့ကြောင်း၊ ဒဏ်ရာရသူ မိန်းကလေးငယ်ကို တောင်ငူဆေးရုံ၌ ယနေ့ (ဇူလိုင် ၂၀) တွင် ခွဲစိတ်ကုသပေးနေသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။
အသုပ်စုံရောင်းသူ ဒေါ်ကလယ်သည် အာဏာသိမ်းစစ်ကောင်စီကို သံပုံးတီးဆန့်ကျင်သလို ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ရပ်ရွာနှင့် သဟဇာတဖြစ်သူဖြစ်သော်လည်း ဘေးအိမ်မှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၆၀ ဝန်းကျင် ဦးအောင်ဝင်းနှင့် ပြေလည်သူမဟုတ်ကြောင်း အသက် ၂၆ နှစ်အရွယ် ရွာခံအမျိုးသားက ဆက်ပြောသည်။
“အမြဲတမ်း ပြဿနာတက်တယ်လို့တော့ ပြောတယ်။ မကြာခဏလည်း စကားများတယ်။ တစ်ယောက်နဲ့တစ်ယောက် ရွဲ့ကြ၊ စောင်းကြ၊ စကားများကြ၊ ရန်ဖြစ်ကြတဲ့ပုံစံမျိုး ရှိတယ်” ဟု ရပ်ရွာအပြောကို ကိုးကား၍ ၎င်းက ဆိုသည်။
အဆိုပါ ရွာသူကြီးသည် ရပ်ရွာထဲရှိ အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများနှင့် CDM ဝန်ထမ်းများကို မကြာခဏ ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။
ပစ်ခတ်မှုဖြစ်ပွားစဉ် အမိန့်ပေးသံကြားရကြောင်း၊ ထိုအသံမှာ အုပ်ချုပ်ရေးမှူး၏ အသံဖြစ်ကြောင်း ကိုယ်တိုင်ကြားလိုက်ရသော ရွာခံတချို့ကို ကိုးကားပြီး အမျိုးသားတစ်ဦးက Myanmar Now က ပြောသည်။
“ပစ်နေတဲ့ အချိန်မှာလဲ အုပ်ချုပ်ရေးမှူးက ပစ်၊ ပစ် သေအောင်ပစ်ဆိုတဲ့ပုံစံမျိုး ပြောနေတဲ့ အသံတွေ ကြားတယ်” ဟု ထိုအမျိုးသားက ပြောသည်။
ထိုစွပ်စွဲချက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စွပ်စွဲခံရသည့် အုပ်ချုပ်ရေးမှူးကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။
ထန်းတပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF) က ဒေါ်ကလယ်ပစ်သတ်ခံရမှုသည် ၎င်းတို့အဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။
စစ်တပ်သတင်းပေးများ၊ စစ်တပ်ထောက်ခံသူ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ အုပ်ချုပ်ရေးမှူးများ အများအပြား သတ်ဖြတ်ခံရချိန်တွင် စစ်တပ်က ဒေသခံများကို ဖမ်းဆီးစစ်ဆေးတတ်သော်လည်း ၎င်းအမျိုးသမီး ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုရွာမှ မည်သူ့ကိုမျှ ဖမ်းဆီးအရေးယူ စစ်ဆေးနေခြင်းမရှိကြောင်း ရွာခံများထံမှ သိရသည်။
ဇူလိုင် ၂ ရက်နေ့က မြင်းခြံမြို့မှ NLD အဖွဲ့ဝင် လင်မယားနှစ်ဦး သတ်ဖြတ်ခံရစဉ်ကလည်း စစ်ကောင်စီက အလားတူ ပြုမူခဲ့သည်။