သတင်း

တတိယအဖွဲ့အစည်းအကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် NUG ကြိုးပမ်းနေ 

နိုင်ငံတကာရှိ တတိယအဖွဲ့အစည်းများအကူအညီဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရန် ကြိုးပမ်းနေပြီး ကာကွယ်ဆေးထိုးနိုင်ရန် နည်းလမ်းလေးသွယ်ခန့်ကို အကြံပြုထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက Myanmar Now ကို ယမန်နေ့ (ဇူလိုင် ၁၆) တွင် ပြောသည်။

“ဆေးကို ယူလာပြီးတော့ စကစ (စစ်ကောင်စီ) ဘက်ကလည်းထိုး။ ကျွန်တော်တို့ NUG ကလည်းထိုး။ ကြားထဲက Third Party အနေနဲ့ တစ်ဖွဲ့ကနေပေး ။ ဒါမှမဟုတ်ရင် တတိယအဖွဲ့အစည်းက လာထိုးဖို့ ကျွန်တော်တို့က အကြံပြုထားပါတယ်” ဟု ၎င်းက ပြောသည်။ 

စစ်ကောင်စီ၏ ကာကွယ်ဆေးထိုးမှုအစီအစဉ်တွင် ပြည်သူများကို ပါဝင်စေခြင်း၊ စစ်ကောင်စီက မနှောင့်ယှက်နိုင်စေရန် တတိယအဖွဲ့အစည်းက ကြားဝင်ပေးခြင်း၊ NUG နှင့် စစ်ကောင်စီပါဝင်ခြင်း မရှိဘဲ တတိယအဖွဲ့အစည်းကိုယ်တိုင် သီးသန့်စီစဉ်ဆောင်ရွက်ခြင်း၊ နယ်စပ်မှတဆင့် ကာကွယ်ဆေးသွင်းယူကာ မိမိအစီအစဉ်ဖြင့်ထိုးပေးခြင်း စသည့် နည်းလမ်းလေးသွယ်ကို အကြံပြုထားသည်ဟု ဆိုသည်။ 

“နယ်စပ်ကနေ ယူလာပြီးတော့ ထိုးဖို့ ပြောခဲ့တယ်။ အဲဒီလိုမျိုးလုပ်ရင် လုပ်လို့ရတယ်။ မင်္ဂလာဒုံလေဆိပ်ကနေ ဖြတ်သယ်လာရင် စကစနဲ့ စကားပြောရမယ်။ အဲဒီလိုဟာမျိုးတွေပြောတဲ့အခါကျရင် စကစကို အသိအမှတ်ပြုသလို မဖြစ်ဘဲနဲ့ အဲဒီဆေးတွေ မြန်မာပြည်ထဲရောက်အောင်သွင်းနိုင်ရင် သွင်းဆိုတဲ့ဟာတွေ အကြံပေးတယ်။ အဲဒီလိုဟာတွေဖြစ်လာဖို့ ရှိပါလိမ့်မယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

ကိုဗစ်တတိယလှိုင်းကို ထိန်းသိမ်းနိုင်ခြင်း မရှိပါက ကျဆုံးနိုင်ငံ (Failed State) ဖြစ်သွားနိုင်သဖြင့် တတိယအဖွဲ့အစည်းများ၏ အကူအညီ R2P for Health ပုံစံဖြင့် ဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု NUG က ဆိုသည်။ 

စစ်ကောင်စီ ဝင်ရောက်နှောင့်ယှက်မည်စိုးသောကြောင့် နိုင်ငံတကာအဖွဲ့အစည်းများ၏အမည်ကိုမူ NUG က ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပေ။

အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ပြည်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ရေး နည်းလမ်းရှာဖွေခဲ့ကြောင်း၊ ထိုအတွက် နိုင်ငံတကာရှိ တတိယအဖွဲ့အစည်းများထံ ဖေဖော်ဝါရီလကတည်းက အကြံပြုချက်များပေးပို့ခဲ့သည်ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

“ကာကွယ်ဆေးတွေ နောက်တစ်နှစ်အတွင်း အကုန်ထိုးပြီးလို့ ကျွန်တော်တို့ထိုးမပြီးရင် ကျွန်တော်တို့ဆီကနေ ပိုးက ပြန့်ပွားပြီးတော့ တစ်ကမ္ဘာလုံးကို ထပ်ပြန့်နိုင်တယ်။ အဲဒီပြန့်တဲ့ပိုးက ဗီဇမတူရင် တစ်ကမ္ဘာလုံးထိုးထားတဲ့ ကာကွယ်ဆေးက အလကားဖြစ်ပြီ” ဟုလည်း ၎င်းက ပြောသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်သူများနှင့် နိုင်ငံတကာကလှူဒါန်းငွေများဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံဝယ်ယူရန် စီစဉ်ခဲ့သော်လည်း အာဏာသိမ်းမှုကြောင့် ပျက်စီးခဲ့သည်ဟု ဆိုသည်။ 

လက်ရှိတွင် NUG ၏စီစဉ်မှုဖြင့် CDM ဆရာဝန် ၉၀၀ ခန့်က ကိုဗစ်ကူးစက်မှုဒဏ် အလူးအလဲခံနေရသည့် ပြည်သူများကို တယ်လီဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ် ကျောင်းသား ၂,၀၀၀ ခန့်သည်လည်း ပြည်သူနှင့် အနီးဆုံးနေရာများတွင် ပါဝင်ကုသပေးလျက်ရှိသည်ဟု ဒေါက်တာဇော်ဝေစိုးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်မှုများကို ရင်ဆိုင်နေရချိန်တွင် ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုမြင့်တက်လာပြီး ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နေ့စဉ် ရာနှင့်ချီသော သေဆုံးသူများကို သင်္ဂြိုဟ်ပေးနေရကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များက Myanmar Now ကို ပြောကြားထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ဖြစ်ပွားနေမှုအခြေအနေကို မသိရသော်လည်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တစ်ခုတည်းအရပင်လျှင် ပိုးတွေ့ရှိမှုမှာ နေ့စဉ်စစ်ဆေးသည့် အရေအတွက်၏ သုံးပုံတစ်ပုံရှိနေသည်။

ဓာတ်ခွဲနမူနာ တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်ကို နေ့စဉ်စစ်ဆေးလျက်ရှိရာ ဇူလိုင် ၁ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၂,၀၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုသုံးရက်အတွင်း ၅၀၀၀ မှ ၇၀၀၀ ဝန်းကျင်အထိ ဖြစ်လာသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင် ၁၅ ရက်တွင် ဓာတ်ခွဲနမူနာ ၁၁,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ ၄၀၀၀ ကျော်ပိုးတွေ့ရှိခဲ့ပြီး ယမန်နေ့ (ဇူလိုင် ၁၆) တွင် ၁၈,၀၀၀ ကျော်စစ်ဆေးရာ ၆၀၀၀ ကျော်ပိုးတွေ့ရှိခဲ့သည်။ 

Show More

Related Articles

Back to top button