သတင်း

မူဆယ်နယ်စပ် ပိတ်ထား၍ ဆေးနှင့် အရေးပေါ်ပစ္စည်းတင်သွင်းမှု ရပ်ဆိုင်း 

ကိုဗစ်နိုင်တင်း (Covid-19)ရောဂါ ပြန်လည်ဖြစ်ပွားနေ၍ မူဆယ်နယ်စပ်ဂိတ်ကို ဇူလိုင်ဒုတိယပတ်တွင် တရုတ်ဘက်မှ ပိတ်လိုက်သောကြောင့် ကုန်သွယ်မှုများရပ်ဆိုင်းပြီး ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်ပစ္စည်းများ တင်သွင်းမရတော့ကြောင်း မူဆယ်အခြေစိုက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပြောသည်။

ဆေးဝါးနှင့် အရေးပေါ်ပစ္စည်းများကို နှစ်နိုင်ငံသဘောတူညီမှုအစီအစဉ်ဖြင့် တင်သွင်းမှသာ အဆင်ပြေနိုင်ကြောင်း ဇော်ညီနောင်ကုန်စည်ပို့ဆောင်ရေး အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မင်းက ပြောသည်။

“အဓိကကတော့ နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းခွင့်ကို ပိတ်လိုက်လို့ ခက်ခဲသွားတာ။ အရင်ကတော့ လွယ်ပါတယ်။ ပုံမှန်လမ်းကြောင်းရှိတယ်။ နယ်စပ်ကို ပိတ်လိုက်တဲ့အချိန်မှာ ဘာပစ္စည်းမှ ထွက်လို့မရတော့ဘူး။ ကျန်းမာရေးပစ္စည်းကလည်း ထွက်နိုင်ဖို့က လမ်းညွှန်ချက်မရှိထားဘူး”ဟု ၎င်းက Myanmar Now ကို ပြောသည်။

တရုတ်ဘက်မှ ယာယီရပ်ဆိုင်းခြင်းသည် ဆေးနှင့် ဆေးပစ္စည်းတင်ပို့မှုမပါဝင်ကြောင်း တရုတ်အာဏာပိုင်များက အကြောင်းကြားထားသဖြင့် ပုံမှန်တင်ပို့ရန်၊ အခက်အခဲများရှိပါက စီးပွားကူးသန်းဌာနကို အကူအညီတောင်းရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းက ကုန်သည်များကို အသိပေးထားသည်။

သို့သော် နယ်စပ်ဂိတ်မှ တင်သွင်းခွင့်ရရန် နားလည်မှုဖြင့် လတ်တလောဆောင်ရွက်နေရပြီး ထိုပစ္စည်းများတင်သွင်းရန် တိကျသည့် လမ်းညွှန်ချက်နှင့် လုပ်ထုံးလုပ်နည်း မရှိသေးသဖြင့် ကားတစ်စီးသာ တင်သွင်းခွင့်ရသေးကြောင်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်း၊ ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးပစ္စည်းများအတွက် မူဆယ်လမ်းကြောင်းသည် အဓိကအရေးပါပြီး ယခင်က လိုသလောက် ဝယ်ယူတင်သွင်းနိုင်ကြောင်း၊ တစ်ရက်လျှင် နှာခေါင်းစည်းဖာတင်သည့် ၁၂ ဘီးကား ၅ စီး၊ လက်သန့်ဆေးနှင့် PPE ဝတ်စုံတင်ကား ၆ စီးစာအထိ တင်သွင်းမှုရှိခဲ့ကြောင်း သိရသည်။

“အခုဆိုရင် တစ်စီးမှ မထွက်နိုင်တော့ဘူးလေ။ အဲဒါ မထွက်လာတော့တာနဲ့အမျှ ကုန်ဈေးနှုန်းက၊ ဈေးက တောက်လျှောက်တက်နေတော့တာပဲလေ” ဟု ဦးဇော်မင်းက ဆိုသည်။

တရုတ်နှင့် ကုန်သွယ်သည့် ချင်းရွှေဟော်၊ လွယ်ဂျယ်၊ လောက်ကိုင်ဂိတ်များအပြင် မူဆယ်နယ်စပ်ရှိ နယ်စပ်ထွက်ပေါက် ၅ ခုစလုံးကို ကျန်းမာရေးအကြောင်းပြချက်ဖြင့် တရုတ်နိုင်ငံဘက်မှ ပိတ်ထားခြင်းဖြစ်ကာ ပြန်ဖွင့်မည့်အချိန်ကို အတိအကျမသိရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာနှင့် ဒုတိယအများဆုံးနယ်စပ်ကုန်သွယ်ဖက်ဖြစ်သည့် ထိုင်းအနေဖြင့် နယ်စပ်လမ်းကြောင်းများကို ပိတ်ထားခြင်းမရှိသော်လည်း နှာခေါင်းစည်း (Mask) တင်သွင်းရာတွင် ကန့်သတ်စစ်ဆေးလာသဖြင့် ကုန်ပစ္စည်းပို့ဆောင်ရာတွင် ကြန့်ကြာလာကြောင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများကို တင်သွင်းရောင်းချသည့် အသေးစားလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

မြန်မာဘက်တွင် ကိုဗစ်ရောဂါ အတည်ပြုလူနာတိုးလာသည်နှင့် ထိုင်းတွင် နှာခေါင်းစည်း၊ အောက်ဆီဂျင်ဘူး ကျန်းမာရေးဆိုင်ရာပစ္စည်းများ ဈေးတက်လာခြင်းဖြစ်ပြီး ထိုင်းအကောက်ခွန်ကလည်း ပိုမိုတင်းကျပ်လာကာ နှာခေါင်းစည်းကို တာဝန်မယူတော့သည့် ပို့ဆောင်ရေးလုပ်ငန်းများပင် ရှိလာသည်ဟု အဆိုပါအမျိုးသမီးက ပြောသည်။

“သေချာတာတော့ အရင်ကလို လွယ်လွယ်တော့မရဘူး။ ကြာနေတယ်။ တချို့တွေဆိုရင် Mask ပါရင် လက်မခံတော့ဘူး။ တချို့ Cargo တွေက Mask တွေဘာတွေဆိုရင် လက်မခံတော့ဘူး။ တခြားဟာဆိုရင် ရတယ်။ အိမ်သုံးတစ်နိုင်တစ်ပိုင်ဆိုရတယ်။ အထုပ်လိုက်ကြီးတွေ၊ ဖာလိုက်ကြီးတွေဆို မရတော့ဘူး” ဟု ၎င်းက ဆိုသည်။

နှာခေါင်းစည်းနှင့် ကျန်းမာရေးပစ္စည်းများ တင်သွင်းရန် ခက်ခဲနေချိန်တွင် ကိုဗစ်ရောဂါကာကွယ်ကုသဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းခွင့်ပိတ်ပင်သည်ဟု ညွှန်ကြားစာတစ်စောင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းမှာ အတုအယောင်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ဖြေရှင်းခဲ့သည်။

ရန်ကုန်၊ တောင်ဒဂုံမြို့နယ်ရှိ ပုဂ္ဂလိကစက်ရုံတစ်ခုတွင် အောက်ဆီဂျင်ဖြည့်ရန် တန်းစီးစောင့်ဆိုင်းနေသူများကို ဇူလိုင် ၁၁ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ − Myanmar Now) 

ကိုဗစ်နိုင်တင်းကာကွယ်ကုသရေးအတွက် လိုအပ်သည့် Oxygen Concentrator (အောက်ဆီဂျင်ပေးစက်) များ တင်သွင်းမှုကို FDA (အစားအသောက်နှင့်ဆေးဝါး) ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင်လျှောက်ရန် မလိုအပ်သည့်အပြင် အကောက်ခွန် ၃ ရာခိုင်နှုန်းကို လက်ငင်းပေးဆောင်ရန်မလိုဘဲ ကြိုတင်ထုတ်ယူခွင့်ပြုရန် ယင်းဝန်ကြီးဌာနက ဖြေလျှော့ထားသည်။

ထို့အပြင် ကာကွယ်ကုသဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ Liquid Oxygen တို့ကို ဇူလိုင် ၁၂ မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရန် မလိုအပ်ဘဲ ၃ လ ယာယီဖြေလျှော့မည်ဟု စီးပွားကူးသန်းဌာနက ဇူလိုင် ၁၂ တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လိုင်စင်နှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဖြေလျှော့မှုများဆောင်ရွက်ပေးသော်လည်း ကုန်သွယ်ဖက် တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ကန့်သတ်ပိတ်ပင်မှုကြောင့် လုပ်ငန်းရှင်များတင်သွင်းရန် ခက်ခဲနေဆဲဖြစ်သည်။

စစ်ကောင်စီက ခန့်အပ်ထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကမူ ယမန်နေ့ (ဇူလိုင် ၁၂)တွင် မြဝတီနယ်စပ်မှ နှာခေါင်းစည်း ၂၇,၂၀၀ ကီလို၊ အောက်ဆီဂျင် ၄၀ လီတာ ၂၀၀ အိုး၊ Oxygen Concentrator(10l) ၂၅ စုံကို တင်သွင်းခွင့်ပြုခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

တင်သွင်းခွင့်ပိတ်ပင်ခြင်းမရှိသလို သွင်းခွင့်မရသဖြင့် စောင့်ဆိုင်းရခြင်းမရှိကြောင်း၊ လျှောက်ထားသမျှကို နေ့ချင်းပြီးခွင့်ပြုပေးနေကြောင်း ၎င်းက ရေးသားထားသည်။

စစ်အာဏာသိမ်းပြီး ၅ လအကြာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာခြင်းကြောင့် နှာခေါင်းစည်း (Mask) ဝယ်လိုအားမြင့်တာလာရာမှ ပြည်ပမှ တင်သွင်းမှုအခက်အခဲကြောင့် ဈေး သုံးဆခန့် မြင့်တက်ခဲ့ပြီး ပစ္စည်းပြတ်သွားကြောင်း နှာခေါင်းစည်းထုတ်လုပ်ရောင်းချသူများကလည်း ပြောသည်။

လူသုံးများသည့် Nurse အမှတ်တံဆိပ် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (အခု ၅၀ ခု) တစ်ဘူးလျှင် ယခင်က ၁,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်နိုင်ခဲ့ကြသော်လည်း ၃ ဆ စျေးတက်နေပြီဖြစ်ကြောင်း၊ ဝယ်စျေး အဆမတန်တက်နေကြောင်း ရန်ကုန်၊ ဒေါပုံမြို့နယ်မှ စျေးသည်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းက ဇူလိုင်လဆန်းတွင် Myanmar Now ကို ပြောထားသည်။

ကိုယ်တိုင်အသုံးပြုရန်နှင့် တစ်ဆင့်ပြန်ရောင်းချရန် ဝယ်ယူသူများအပြင် ဈေးဆွဲတင်လိုသည့် ကုန်သည်တချို့က ဈေးကွက်အတွင်း သိမ်းကျုံးဝယ်ယူနေသည်ဟု ယူဆရကြောင်း၊ ကုန်ပစ္စည်းထပ်မဝင်ပါက ဈေးထပ်တက်မည့် အလားအလာရှိကြောင်း ဦးထွန်းထွန်းက ဆိုသည်။

နှာခေါင်းစည်းဝယ်လိုအား ကျဆင်းခဲ့ခြင်းကြောင့် ဇွန်လမတိုင်မီ ပစ္စည်းလက်ကျန် အများအပြားရှိခဲ့သော်လည်း ယခုအခါ ဝယ်လိုအား ပြန်လည်မြင့်တက်လာသဖြင့် ရပ်နားထားသော စက်ရုံများ ပြန်လည်ပတ်ရန် ဇူလိုင်လဆန်းကတည်းက ပြင်ဆင်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

မေလဆန်းမှစ၍ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ တရိပ်ရိပ်မြင့်တက်လာပြီး စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ဇွန်လကုန်၌ ၁,၂၀၀ ဝန်းကျင်ရှိရာမှာ ဇူလိုင် ၁၂ တွင် ၅,၀၁၄ ဦးရှိကာ သေဆုံးသူ ၈၉ ဦးအထိ ရှိခဲ့သည်။ ကပ်ရောဂါခံစားနေရချိန်တွင် အရေးပေါ်အခြေအနေ၌ အောက်ဆီဂျင် လုံလောက်စွာမရသဖြင့် အသက်ဆုံးရှုံးရသူ အများအပြားရှိလာခြင်း ဖြစ်သည်။ 

အထူးသဖြင့် ရန်ကုန်မြို့တွင် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူအများအပြား ဖျားနာကာ အသက်ရှူကျပ်ပြီး အောက်ဆီဂျင်အိုးနှင့် အောက်ဆီဂျင်ပေးစက်များ အများအပြားလိုအပ်နေပြီး သေဆုံးမှုမြင့်တက်နေသည်။ 

ယမန်နေ့( ဇူလိုင် ၁၂)က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဆေးရုံဆေးခန်းများတွင် လူနာများနှင့် ပြည့်နှက်နေသည်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ပြန့်ပွားမှု မြင့်တက်နေကြောင်း ဝန်ခံခဲ့သည်။ 

Show More

Related Articles

Back to top button