သတင်း

နှာခေါင်းစည်းဈေး သုံးဆခုန်တက်ပြီး ပစ္စည်းပြတ်နေ

စစ်အာဏာသိမ်းပြီး ၅ လအကြာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိမှုနှုန်း ပြန်လည်မြင့်တက်လာခြင်းကြောင့် နှာခေါင်းစည်း (Mask) ဈေး သုံးဆခုန်တက်လာပြီး ပစ္စည်းပြတ်သွားကြောင်း နှာခေါင်းစည်းထုတ်လုပ်ရောင်းချသူများက ပြောသည်။

လူသုံးများသည့် Nurse အမှတ်တံဆိပ် ခွဲစိတ်ခန်းသုံးနှာခေါင်းစည်း (အခု ၅၀ ခု) တစ်ဘူးလျှင် ယခင်က ၁,၀၀၀ ကျပ်ဝန်းကျင်ဖြင့် ၀ယ်နိုင်ခဲ့ကြသော်လည်း ပြီးခဲ့သည့် ၃ ရက်အတွင်း ၃ ဆ စျေးတက်နေပြီဖြစ်ကြောင်း၊ ဝယ်စျေး အဆမတန် တက်နေကြောင်း ရန်ကုန်၊ ဒေါပုံမြို့နယ်မှ စျေးသည်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းက ပြောသည်။

“ပစ္စည်းတွေပြတ်တယ်။ ဝယ်လို့လည်းမရဘူး။ ရောင်းစရာတောင်မကျန်ဘူး။ ရောင်းစရာမရှိတော့လို့ ပစ္စည်းလိုက်ဝယ်တာတောင်မှာ 3-ply Mask တစ်ဘူးကို ၂,၈၀၀ လောက် ဝယ်နေရတယ်။ အရင်က ၇၀၀၊ ၈၀၀ လောက်ပဲ ရှိတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။

တချို့မြို့နယ်များတွင် တစ်ဘူးလျှင် ၃,၅၀၀ အထိ ရောင်းချနေကြပြီး ပိုမိုစျေးကြီးသည့် N95 နှင့် အခြားနှာခေါင်းစည်းများလည်း စျေးတက်သည့်အပြင် လက်ကျန်ပစ္စည်းမရှိတော့ကြောင်းလည်း ဈေးကွက်အတွင်းမှ သိရသည်။

ကိုယ်တိုင်အသုံးပြုရန်နှင့် တစ်ဆင့်ပြန်ရောင်းချရန် ဝယ်ယူသူများအပြင် ဈေးဆွဲတင်လိုသည့် ကုန်သည်တချို့က ဈေးကွက်အတွင်း သိမ်းကျုံးဝယ်ယူနေသည်ဟု ယူဆရကြောင်း၊ ကုန်ပစ္စည်းထပ်မဝင်ပါက ဈေးထပ်တက်မည့် အလားအလာရှိကြောင်း ဦးထွန်းထွန်းက ဆိုသည်။

“ပစ္စည်း ဝင်လာရင်တော့ ပြန်ကျမယ်လို့ ခန့်မှန်းတာပေါ့။ တစ်ပတ်လောက်နေရင် ပြန်ကျမယ်လို့ ခန့်မှန်းတယ်။ ဒါပေမယ့် သေတော့မသေချာဘူး။ အခုက ရောဂါတွေက များလာတော့ လူတွေက နည်းနည်းကြောက်လာတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဇွန်လမတိုင်ခင်က နှာခေါင်းစည်းဝယ်လိုအား ကျဆင်းခဲ့ခြင်းကြောင့် ပစ္စည်းလက်ကျန်အများအပြား ရှိခဲ့ပြီး စက်ရုံများရပ်နားထားရာမှာ ယခုအခါ ဝယ်လိုအား ပြန်လည်မြင့်တက်လာသဖြင့် စက်ရုံများပြန်လည်ပတ်ရန် ပြင်ဆင်နေသည်။

သို့သော် အမေရိကန်ဒေါ်လာဈေးမြင့်တက်ခြင်း၊ စက်ရုံများပိတ်ထားရာမှ ရုတ်တရက်ပြန်ဖွင့်ခြင်းတို့ကြောင့် အလုပ်သမားစရိတ်နှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကို ကာမိရန် ဈေးတန်းတစ်ခု တင်ရောင်းချရခြင်းဖြစ်ကြောင်း MZZYOYO အမှတ်တံဆိပ် နှာခေါင်းစည်းထုတ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

MZZYOYO အမှတ်တံဆိပ် နှာခေါင်းစည်း ( အခု ၅၀ ပါ) တစ်ဘူးကို ၂,၅၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာမှ ယခုအခါ ၂,၈၀၀ ကျပ်ဖြင့် ဖြန့်ဖြူးနေကြောင်း သူက ဆက်ပြောသည်။

“ကုန်ကြမ်းတွေ လက်ထဲမှာ ရှိတဲ့ဟာတွေလည်းရှိတယ်။ ဒါပေမယ့် ထပ်လိုတဲ့ဟာတွေလည်း ထပ်မှာဖို့အတွက် လုပ်နေတယ်။ အခြေအနေက ဘယ်လိုရှိလဲ မသိသေးဘူးဗျ။ လမ်းကြောင်းတွေက ပိတ်နေလား၊ ဖွင့်နေလား သေချာတော့ မသိသေးဘူး။ အရင်တုန်းကတော့ အဆင်ပြေတာပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ပမှ ကုန်ကြမ်းအသစ်မဝင်လာမီ လက်ကျန်ကုန်ကြမ်းဖြင့်  ထုတ်လုပ်ဖြန့်ဖြူးရန် အာရုံစိုက်နေကြောင်းလည်း ၎င်းက ဆိုသည်။

သွင်းကုန်ကြမ်းများကို အိမ်နီးချင်းတရုတ်မှ အဓိကတင်သွင်းခြင်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကုန်သွယ်ရေးအတွက် ငွေပေးချေမှု ကမောက်ကမဖြစ်နေခြင်း၊ ကပ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ကန့်သတ်ပိတ်ပင်ထားခြင်းတို့ကြောင့် ကုန်စည်တင်ပို့၊ တင်သွင်းရာတွင် ခက်ခဲနေသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှ ကူးစက်တတ်သဖြင့် ထိုနေရာများနှင့် ထိတွေ့လေ့ရှိသော လက်ကို မကြာခဏဆေးကြောရန်၊ နှာခေါင်းစည်းတပ်ဆင်ထားရန်ဟူသော တိုက်တွန်းချက်ကို လိုက်နာပြီး တစ်ခါသုံး နှာခေါင်းစည်းများ၊ ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်းများကို တပ်ဆင်နေကြသည်။

ကူးစက်မခံရစေရေးအတွက် လူထူထပ်သည့်နေရာကို ရှောင်ရှားကြရန် ဆက်လက်တိုက်တွန်းနေကြသည်။

စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဇွန်လဆန်းမှစ၍ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိနှုန်း တရိပ်ရိပ်မြင့်တက်လာပြီး ဇွန်လကုန်တွင် ၁,၂၀၀ ဝန်းကျင်ရှိရာမှာ ဇူလိုင် ၄ တွင် ၂,၃၁၈ ဦး အထိ ရှိလာသည်။

ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးနိုင်ခြင်း မရှိသေးသည့် အခြေအနေမှာပင်  ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မြောင်းမြ၊ စစ်တွေနှင့် မောင်တောတို့တွင် ပိုးတွေ့လူနာများပြားနေပြီး ဧရာဝတီတိုင်းရှိ မြောင်းမြ၊ ပုသိမ်နှင့် ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်တို့တွင် အစုလိုက်အပြုံလိုက်ကူးစက်ခဲ့ကြောင်း ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

Show More

Related Articles

Back to top button