အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မြန်မာ့သမိုင်းတွင် ဂုဏ်သိက္ခာအမဲ့ဆုံး သမိုင်းဝင်မည့် အတုအယောင် ရွေးကောက်ပွဲ 

ရွေးကောက်ပွဲပထမပိုင်း မဲပုံးထောင်နိုင်မည့် ရပ်ကွက်ကျေးရွာစာရင်းကို စစ်တပ်က ကြေညာလိုက်ရာ ၎င်းတို့ ထိန်းချုပ်နယ်မြေ မည်မျှလျော့ပါးလာနေကြောင်း အများကို အသိပေးလိုက်သလို ဖြစ်သွားသည်။

စစ်အာဏာသိမ်းခဲ့သော ငါးနှစ် ကာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုင်ငံကို “အုပ်ချုပ်ခွင့် မရစေရ” ဆိုသည့် ကြွေးကြော်သံဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံအနှံ့ ပေါ်ပေါက် လာခဲ့ပြီး၊ မင်းအောင်လှိုင်သည် ၎င်း၏အာဏာစက် နိုင်ငံအနှံ့သက်ရောက်စေရန် အကြမ်းဖက်နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ 

မအောင်မြင်သော စစ်အာဏာသိမ်းမှုကြောင့် အမျက်ထွက်နေသော စစ်ခေါင်းဆောင်သည် မြန်မာ့သမိုင်းတွင် မကြုံဖူးသော အရပ်သားပြည်သူများ နေထိုင်သည့် မြို့ရွာအများအပြားကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်း စသည့် စစ်ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ပြီး၊ ယနေ့ထိ ကျူးလွန်နေဆဲ ဖြစ်သည်။

နိုင်ငံအနှံ့ လက်ညှိုးထိုးမလွဲ တွေ့မြင်နေရသော အပျက်အစီးပုံဘဝ၊ ပြာပုံဘဝရောက်သွားပြီးဖြစ်သော မြို့ရွာများ နှင့် အိုးအိမ်များ၊ တောတောင်နေရာအနှံ့ အသက်ရှင်သန်ရေးအတွက် ခက်ခက်ခဲခဲ ပုန်းအောင်းခိုလှုံနေရသော သန်းနှင့်ချီသည့် စစ်ဘေးဒုက္ခသည်များနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံသည် လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ တွင် တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းကို ကြုံတွေ့ရတော့မည်ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ စစ်ရေးနှင့် နိုင်ငံရေးအကျပ်အတည်းများကို လျစ်လျူရှု၍ တစ်ဖက်သတ် ကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ 

ဤရွေးကောက်ပွဲကို “တရားမဝင်” ဟု စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုက သတ်မှတ်ထားသည်။ ထိုသို့ သတ်မှတ်ရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ထိုစဉ်က တည်ဆဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်း၊ ကုလသမဂ္ဂနှင့် ဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ယနေ့ထိ အသိအမှတ်မပြုခြင်း၊ မြန်မာပြည်သူတစ်ရပ်လုံးက အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တော်လှန်နေခြင်း စသည့် အခြေခံအကြောင်းအချက်များက အဓိက ဖြစ်သည်။ 

တဖန် ဤရွေးကောက်ပွဲကို “အတုအယောင်” ဟုလည်း သတ်မှတ်ထားသည်။ နိုင်ငံအနှံ့ရှိ မြို့ရွာအများအပြားတွင် အာဏာသိမ်းစစ်တပ်၏ အာဏာစက် အမှန်တကယ် သက်ရောက်ခြင်းမရှိဘဲ၊ မင်းအောင်လှိုင်သည် ၎င်း၏အာဏာကို ဆန့်ကျင်တော်လှန်နေသော သန်းနှင့်ချီသည့် ပြည်သူများ မပါဝင်ခြင်းကြောင့် “အထွေထွေရွေးကောက်ပွဲ” ဟု ခေါ်ဝေါ်ရန်ပင် ခက်ခဲသော အခြေအနေတွင် နိုင်ငံတကာကို လှည့်စားရန် ကြိုးပမ်းနေခြင်းကြောင့် ဖြစ်သည်။ အဆိုပါ အခြေအနေကို ပေါ်လွင်ထင်ရှားစေသော အချက်အလက်များကို မင်းအောင်လှိုင်ကိုယ်တိုင် ဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထုတ်ပြန်ခဲ့သော ကြေညာချက်များက သက်သေခံနေပါသည်။

နိုင်ငံတစ်ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော နယ်မြေများ အများအပြားရှိနေလျှင် ထိုနယ်မြေများတွင် နေထိုင် ကြသော ပြည်သူများသည် ၎င်းတို့၏ အလွန်အရေးကြီးသော နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် ဆုံးရှုံးခြင်း (Disfranchisement) ဖြစ်ပေါ်စေသည်။ မဲပေးပိုင်ခွင့်ဆုံးရှုံးမှု ပမာဏ အလွန်များပြားနေလျှင် ဒီမိုကရေစီစနစ် ဖြစ်ဖြစ်၊ တစ်ပါတီအာဏာရှင်စနစ်ဖြစ်ဖြစ် ရွေးကောက်ပွဲ မကျင်းပသင့်ပါ။ 

အကယ်၍ ကျင်းပခဲ့လျှင် ရွေးကောက်ပွဲ ရလဒ်သည် ပြည်သူဆန္ဒကို အပြည့်အဝကိုယ်စားမပြုသော ရလဒ်ဖြစ် သဖြင့် ရွေးကောက်ပွဲစနစ်ကို အသုံးချပြီး အဓမ္မသိမ်းပိုက်ထားသော အာဏာကို တရားဝင်စေရန် လုပ်ဆောင်ခြင်းထက် ပိုလိမ့်မည် မဟုတ်ပါ။ ထိုသဘောတရား အခြေခံသည် မည်သည့်နိုင်ငံက မည်သည့်နိုင်ငံရေးစနစ်အောက်တွင်မဆို တသမတ်တည်းရှိသော၊ ကမ္ဘာ့အသိုက်အဝန်းကလက်ခံထားသော “စံနှုန်း” ဖြစ်သည်။ စစ်ကော်မရှင်သည် ထိုအခြေခံစံနှုန်းကိုပင် ဂရုမစိုက်ကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက အတိအလင်း ပြောဆိုခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များက  ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲ၍ ကျင်းပရန် ပြင်ဆင်ထားပြီး ဒီဇင်ဘာလ ၂၈ ရက်နေ့  ပထမပိုင်း  မကျင်းပမီ ကတည်းက “တရားမဝင်” ၊ “အတုအယောင်” စသည့် ဂုဏ်ပုဒ်များဖြင့် မကောင်းသတင်း ကျော်ဇောနေသည်။ စစ်ကော်မရှင်ကမူ ၎င်းတို့ကို မလိုလားကြသူများက ရွေးကောက်ပွဲ ပျက်စီးရာ ပျက်စီးကြောင်း ဝါဒဖြန့်နေခြင်းသာ ဖြစ်သည်ဟု တုံ့ပြန်လေ့ရှိသည်။ 

ထို့ကြောင့် ရွေးကောက်ပွဲမကျင်းပမီ ရက်သတ္တပတ် သုံးပတ်ခန့်အလို ဒီဇင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် စစ်ကော်မရှင် ရွေး/ကော် ကိုယ်တိုင် ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည့် ၁၀၂ မြို့နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ထောင်နှင့်ချီသည့် ရပ်ကွက်၊ ကျေးရွာ အမြောက်အများကို Myanmar Now က အချက်အလက်အခြေပြု ခွဲခြမ်းစိတ်ဖြာလေ့လာပြီး၊ တွေ့ရှိချက်များအရ ၁၀၂ မြို့နယ်ထဲမှ ၂၇ မြို့နယ်ကို အုပ်စု (၄) စုခွဲ၍ အဘယ့်ကြောင့် အတုအယောင် ရွေးကောက်ပွဲဟု ခေါ်ဆိုနေကြသည်ကို အောက်ပါအတိုင်း အချက်အလက်အခြေပြု သုံးသပ်တင်ပြလိုက်ပါသည်။

အုပ်စု (၁) – ကျေးလက်ဒေသ ၁၀၀% တွင် အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်သော ၅ မြို့နယ်

ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲတွင် တစ်မြို့နယ်လုံးရှိ မြို့ပေါ်ရပ်ကွက် အနည်းငယ်တွင်သာ ကျင်းပနိုင်သော မြို့နယ် ၅ ခု ရှိနေသည်။ ၎င်းတို့အထဲမှ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအုပ်စု ၅၉ ခု ရှိသည့်အနက် ရပ်ကွက် ၃ ခု တွင်သာ မဲပုံးထောင် ရွေးကောက်ပွဲကျင်းပမည်ဟု တွေ့ရှိရသည်။ ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော မူဆယ်မြို့နယ်တွင် ရပ်ကွက် ၂၄ ခုနှင့် ကျေးရွာအုပ်စု ၆၃ ခုရှိသည့်အနက် ရပ်ကွက် ၉ ခုကလွဲလျှင်၊ ကရင်နီပြည်နယ် ဘောလခဲမြို့နယ်တွင် ရပ်ကွက် ၄ ခု နှင့် ကျေးရွာအုပ်စု ၈ ခုရှိသည့်အနက် ရပ်ကွက် ၂ ခုကလွဲလျှင် ကျန်နေရာများတွင် မဲပုံးမထောင်နိုင်တော့ပါ။ 

အလားတူ ချင်းပြည်နယ်တစ်ခုလုံးတွင် ၇ မြို့နယ် ရှိသည့်အနက် စစ်ကော်မရှင်သည် မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်နိုင်တော့သည်၊ လက်ကျန် ၂ မြို့နယ်ဖြစ်သော ဟားခါးနှင့် တီးတိန် မြို့နယ်တို့တွင်လည်း ကျေးလက်ဒေသအားလုံး၌ မဲပုံထောင်နိုင်ခြင်း မရှိတော့ကြောင်း ကြေညာခဲ့သည်။ ထိုအချင်းအရာက စစ်ခေါင်းဆောင်သည် ချင်းပြည်နယ် တစ်ခုလုံးတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အဖြစ်ကို လက်မခံလို၍ ဟားခါးနှင့် တီးတိန်မြို့များ ၏ မြို့ပေါ်ရပ်ကွက် ၈ ခုစီတွင်သာ အတင်းအဓမ္မ မဲပုံးထောင်ရန် စီစဉ်နေခြင်း ဖြစ်သည်။   

အထက်ပါ မြို့နယ် ၅ ခုတွင် ရွေးကောက်ပွဲမလုပ်နိုင်သည့် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ အရေအတွက်ကို ရွေးကောက်ပွဲ အနီးကပ်မှ ထုတ်ပြန်လာခြင်း၊ မြို့ပေါ်ရပ်ကွက်အနည်းငယ်တွင် မဲပုံးထောင်ပြီး တစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်သယောင် ရွေးကောက်ပွဲပြုလုပ်နိုင်သည့် မြို့နယ်အရေအတွက်နှင့် လွှတ်တော်ကိုယ်စားလှယ် အရေအတွက် တိုးစေရန် အကြံအဖန်လုပ်ထားခြင်းတို့ကြောင့် ပြည်သူများက “အတုအယောင် ရွေးကောက်ပွဲ” ဟု ခေါ်ဆိုနေကြခြင်းမှာ လွန်အံ့မထင်။ မင်းအောင်လှိုင်၏ ရွေးကောက်ပွဲဖြင့် နိုင်ငံတကာကို လှည့်စားရန်ကြိုးပမ်းမှုကို ဝေဖန်သုံးသပ်သူအချို့က “ကျားဖြန့် ရွေးကောက်ပွဲ” ဟုပင် ခေါ်ဆိုလာကြသည်အထိ ဂုဏ်သိက္ခာကင်းမဲ့နေကြောင်း တွေ့ရှိရသည်။

အုပ်စု (၂) – ကျေးလက်ဒေသ ၉၀% ကျော်တွင် အတုအယောင် ရွေးကောက်ပွဲ မကျင်းပနိုင်သော ၇ မြို့နယ်

အထက်ပါ ၅ မြို့နယ်ထက် အခြေအနေ အနည်းငယ်သာ ကွာခြားပြီး ကျေးလက်ဒေသ ၉၀ ရာခိုင်နှုန်းကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော ၇ မြို့နယ်အကြောင်း ဆက်လက် သုံးသပ်တင်ပြပါမည်။ ထိုမြို့နယ်များသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လက်နက်ကိုင်တော်လှန်ရေး အင်အားအကောင်းဆုံး စစ်ကိုင်းတိုင်းထဲမှ ရွှေဘို၊ မုံရွာ၊ တမူး၊ ကသာ၊ စစ်ကိုင်းနှင့် ကန့်ဘလူ ၆ မြို့နယ်နှင့် မကွေးတိုင်းထဲမှ ပခုက္ကူတို့ ဖြစ်သည်။ ထိုမြို့နယ်များတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ၌ ကျေးလက်ဒေသ ၉၀ ရာခိုင်နှုန်းကျော်အပြင် မြို့ပေါ်ရပ်ကွက် အများအပြားတွင် မဲပုံးထောင်နိုင်တော့ကြောင်း စစ်ကော်မရှင် ရွေး/ကော် က ထုတ်ပြန်လာပါသည်။    

ထိုအခြေအနေကို အခြားရှုထောင့်မှ သုံးသပ်မည်ဆိုလျှင် အဆိုပါ ၇ မြို့နယ်၏ ကျေးလက်ဒေသ အားလုံးနီးပါးတွင် စစ်ကော်မရှင် အုပ်ချုပ်စိုးမိုးလည်ပတ်မှု မရှိတော့ဘဲ၊ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လှုပ်ရှားနေနိုင်ခြင်းကို ဖော်ပြနေကြောင်း တွေ့မြင်နိုင်ပါသည်။ 

အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်းများစွာ ဖွဲ့စည်းလှုပ်ရှားမှု အားကောင်းသော ရွေဘိုမြို့ တွင် ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၇၂ ခုရှိသည့်အနက်၊ ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၂ ခုတွင်သာ မဲပုံးထောင်နိုင်သည့်အဖြစ်ကို တွေ့မြင်ရသည်။ အလားတူ စစ်ကိုင်းတိုင်း၏ မြို့တော်ဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင် ထိပ်ဆုံးက အားကောင်းစွာ ပါဝင်ခဲ့ကြသော မုံရွာမြို့နယ်တွင် မြို့ပေါ် ၃၁ ရပ်ကွက်၌သာ မဲပုံး ထောင်နိုင်သည်၊ ကျေးရွာအုပ်စု ၅၄ ခုအနက် ၂ ခုတွင်သာ မဲပုံးထောင်နိုင်ကြောင်း တွေ့ရှိရသည်။ ယခုအခါ ရွေးကောက် ပွဲဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို မုံရွာမြို့ပေါ်ရပ်ကွက်များတွင် ဦးတည်လုပ်ဆောင်လာနေပြီ ဟု သိရသည်။

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်သော တမူးမြို့နယ်၏ ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၂၂ ခုရှိသည့် အနက် ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၁ ခုတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မည် ဖြစ်သည်။ အလားတူ ဧရာဝတီ မြစ်ကမ်းဘေးတွင် တည်ရှိသော ကသာမြို့တွင်လည်း မြို့ပေါ် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ ခုတွင်သာ မဲပုံးထောင်နိုင်ပြီး၊ ကျန် ကျေးရွာအုပ်စု ၃၀ တွင် စစ်ကော်မရှင် အုပ်ချုပ်စိုးမိုးနိုင်ခြင်းမရှိ၍ မဲပုံးထောင်နိုင်ခြင်း မရှိပါ။ အဆိုပါ မြို့နယ်များကို စစ်ကော်မရှင်က ထိန်းချုပ်ထားသလား။ တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသလား ဆိုသည်မှာ ရွေးကောက်ပွဲမကျင်းပနိုင်သည့် အခြေအနေများက သိသာထင်ရှားစေပါသည်။ 

စိတ်ဝင်စားစရာကောင်းသော နောက်တစ်မြို့သည် စစ်ကိုင်းမြို့နယ်ဖြစ်သည်။ ထိုမြို့နယ်တွင် မကြာသေးမီက ဒုတိယ-ဗိုလ်ချုပ်ကြီးအဆင့်မှ အရပ်ဝတ်လဲထားသော စစ်ကော်မရှင်၏ ထိပ်တန်း စစ်ဆင်ရေးမှူး တစ်ဦးဖြစ် သည့် ‘သက်ပုံ’က စစ်တပ်ပါတီ ကြံ့ခိုင်ရေးကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယခုအခါ စစ်ကိုင်း မြို့နယ်၏ ရပ်ကွက် ၃၄ ခုနှင့် ကျေးရွာအုပ်စု ၇၆ ခုရှိသည့်အနက် ရပ်ကွက် ၂၃ ခုနှင့် ကျေးရွာအုပ်စု ၆ ခုတွင်သာ မဲပုံးထောင်နိုင်မည် ဖြစ်သည်။ စင်စစ် စစ်ကိုင်းမြို့နယ်သည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးနှင့် ဧရာဝတီ မြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်း ကပ်လျက်တည်ရှိသော မြို့ကြီးဖြစ်သည်။ ထိုမြို့နယ်၏ ကျေးရွာပေါင်း ၇၀ တွင် မဲပုံးမထောင်နိုင်ခြင်းကို ထောက်ရှုခြင်းအားဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ PDF များ၏ နယ်မြေစိုးမိုးမှု ပမာဏ မည်မျှကျယ်ပြန့်ကြီးမားလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

မြန်မာပြည်သူများသာမက နိုင်ငံတကာမီဒီယာများကပင် အမျိုးသားရေး အစွန်းရောက်ဘုန်းကြီးဟု လူသိများသော “ပေါက်” ကိုယ်တော် ခေါင်းဆောင်ပြီး စစ်တပ်ကျောထောက်နောက်ခံ လက်နက်ကိုင် ပြည်သူ့စစ်များ အားကောင်းသည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲတွင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၈၅ ခုရှိသည့်အနက်၊ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၇ ခုတွင်သာ မဲပုံးထောင်နိုင်သည့် အခြေအနေကို တွေ့ရသည်။  

အထက်ပါ စစ်ကိုင်းတိုင်း ၆ မြို့နယ်၏ ကျေးလက်ဒေသကို စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူ့တော်လှန်ရေး အင်အားစုက အမှန်တကယ် လွှမ်းမိုးထိန်းချုပ်ထားပြီး၊ စစ်တပ်သည် မြို့ပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာ အချို့တွင်သာ အုပ်ချုပ်စိုးမိုးနိုင်သည့် အခြေအနေဖြစ်ကြောင်း အထင်အရှားတွေ့မြင်ရမည် ဖြစ်သည်။ ထို့အပြင် မကွေးတိုင်း၏ ခရိုင်မြို့ကြီးဖြစ်သော ပခုက္ကူမြို့နယ်တွင် ရပ်ကွက် ၃၅ ခုနှင့် ကျေးရွာအုပ်စု ၅၄ ခု ရှိသည့်အနက် ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအုပ်စု ၅ ခုတွင်သာ မဲပုံးထောင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် အုပ်စု ၁ နှင့် ၂ တွင် ဖော်ပြခဲ့သော မြို့နယ် ၁၂ ခုတွင် စစ်ကော်မရှင် စိုးမိုးထိန်းချုပ်နိုင်ခြင်းမရှိဘဲ နိုင်ငံတကာကို လှည့်စားနိုင်ရေးအတွက် မင်းအောင်လှိုင် အတင်းအဓမ္မ ရွေးကောက်ပွဲလုပ်ရန် ကြိုးပမ်နေခြင်းဖြစ်သည်။ 

အုပ်စု (၃) – ကျေးလက်ဒေသ ၈၀% – ၉၀% အကြား အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်သော ၆ မြို့နယ်

အုပ်စု ၃ တွင် ကျေးလက်ဒေသ၏ ၈၀ ရာခိုင်နှုန်းနှင့် ၉၀ ရာခိုင်နှုန်းအကြား ရွေးကောက်ပွဲ မကျင်းပနိုင်သော ၆ မြို့နယ် အကြောင်း ဆက်လက် သုံးသပ်တင်ပြပါမည်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကော်မရှင်သည် ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့နယ်တွင် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပရန် ကြိုးပမ်းလျက်ရှိသည်။ သို့သော် စစ်ကော်မရှင် ရွေး/ကော်၏ ထုတ်ပြန်ချက်များအရ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီရှိသော တရုတ်ရင်းနှီးမြှုပ်နှံမှုများတည်ရှိရာ ကျောက်ဖြူမြို့နယ်၏ အခြေအနေမှန်ကို တွေ့မြင်လာရသည်။ 

ကျောက်ဖြူမြို့နယ်တွင် ကျောက်ဖြူနှင့် စနဲမြို့များ ပါဝင်သည်။ မြို့နယ်တစ်ခုလုံးတွင် ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာ အုပ်စု ၅၄ ခုရှိသည့်အနက် ကျောက်ဖြူ မြို့ပေါ်ရပ်ကွက် ၁၀ ခုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စု ၆ ခုတွင်သာ မဲပုံးထောင်နိုင်သည့် အခြေအနေတွင် ရှိသည်။ စနဲမြို့ကို AA က ထိန်းချုပ်ထားပြီးဖြစ်၍ စနဲမြို့ပေါ် ရပ်ကွက် ၅ ခု တွင် မဲပုံးထောင်နိုင်ခြင်း မရှိပါ။ မြို့၏ အဓိက နယ်မြေအများစုသည် ကျေးရွာများဖြစ်၍ ကျေးရွာအုပ်စု ၄၈ ခုတွင် မဲပုံးမထောင်နိုင်ခြင်းက ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်၏ ထိန်းချုပ်စိုးမိုးမှု အခြေအနေကို လှစ်ဟပြသ လျက် ရှိသည်။   

ဤအုပ်စုတွင် မဲပုံးမထောင်နိုင်သော အခြားမြို့နယ်များမှာ မကွေးတိုင်းထဲက ချောက်နှင့် ရေနံချောင်း၊ ရှမ်းပြည် နယ်မြောက်ပိုင်းမြို့တော် လားရှိုး၊ စစ်ကိုင်းတိုင်းတွင်းရှိ မြန်မာ-အိန္ဒိယကုန်သွယ်ရေး အချက်အချာ ကလေးမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တို့ ဖြစ်သည်။ 

“အညာဒေသ” ဟု လူသိများသော မြန်မာပြည်အလယ်ပိုင်းက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန် ရေးဆင်နွှဲမှုသည် မြန်မာ့သမိုင်းတွင် ကိုလိုနီနယ်ချဲ့ခေတ် သခင်ဖိုးလှကြီး ဦးဆောင်သော ရေနံမြေသပိတ်ကြီး ပြီးလျှင် အညာပြည်သူများ၏ သမိုင်းစံချိန်ချိုးသော အာဏာရှင်တော်လှန်ရေး ဖြစ်သည်။ ချောက်နှင့် ရေနံချောင်းမြို့တို့သည် သမိုင်းထဲက မြန်မာ့စွမ်းအင်ဗဟိုချက် အညာမြို့တို့ ဖြစ်ပြီး၊ ထို ၂ မြို့၏ အခြေအနေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးကောက်ပွဲကြောင့် အချက်အလက်များနှင့်တကွ လူသိထင်ရှား ဖော်ပြနိုင်ပြီ ဖြစ်သည်။

ချောက်မြို့နယ်တွင် ရပ်ကွက် ၂၀ ခုနှင့် ကျေးရွာအုပ်စု ၅၁ ခု ရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၆ ခုတွင်သာ မဲပုံးထောင်နိုင်မည် ဖြစ်သည်။ မြို့နယ်၏ အဓိကနယ်မြေအများစုကို ပိုင်ဆိုင်ထားသော ကျေးရွာအုပ်စု ၄၅ ခုတွင် မဲပုံးမထောင်နိုင်ပေ။ ထို့အတူ ရေနံချောင်းမြို့နယ်တွင် ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခု ရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၅ ခု တွင်သာ မဲပုံးထောင်နိုင်ပြီး၊ ကျေးရွာအုပ်စုအများစုဖြစ်သော ၂၄ ခုတွင် မဲပုံးမထောင်နိုင်သည် အခြေအနေကို တွေ့ရှိရသည်။  

ထို့ကြောင့် ချောက်နှင့် ရေနံချောင်းမြို့နယ်တို့ရှိ အညာပြည်သူများက မင်းအောင်လှိုင် စစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံဘဲ ရသည့်နည်းလမ်းဖြင့် တော်လှန်နေခြင်းကို အထက်ပါ ကိန်းဂဏန်းများက ရှင်းလင်းစွာ ပြသလျက် ရှိရာ ရွေးကောက်ပွဲမတိုင်မီကတည်းက ပြည်သူ့ဆန္ဒ ပေါ်လွင်နေပြီဟု ဆိုနိုင်သည်။ မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများသည်လည်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့် ရရှိမည်ဆိုပါက မင်းအောင်လှိုင် စစ်တပ်အုပ်ချုပ်မှုကို လုံးဝလက်မခံကြောင်း တညီတညွတ်တည်း သဘောထားပေးကြမည်မှာ သေချာသည်။

၂၀၂၅ ခုနှစ်အတွင်း ပြည်သူများ အားအတက်ခဲ့ရဆုံးနှင့် အားအပျက်ခဲ့ရဆုံး ဖြစ်ရပ်တစ်ခုကို ပြောပါဆိုလျှင်၊ ရှမ်းမြောက် မြို့တော် လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်အောင်နိုင်ခဲ့ပြီးမှ ရွေးကောက်ပွဲထောက်ခံသည့် တရုတ်အစိုးရ၏ ဖိအားကြောင့် မင်းအောင်လှိုင် စစ်တပ်လက်ထဲ မြို့ပေါ်ရပ်ကွက် ၁၂ ခုကို ပြန်လည်လွှဲပြောင်း ပေးခဲ့ရသည့်ဖြစ်ရပ် ဖြစ်သည်။ လားရှို့မြို့ကို ဦးဆောင်သိမ်းပိုက်ခဲ့သော ကိုးကန့်တပ် (MNDAA) သည် မြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ယနေ့အချိန်ထိ တပ်စွဲထားပြီး ပြန်လည်ဆုတ်ခွာခြင်းမရှိ ဟု သတင်းများရှိထားသော်လည်း၊ မြေပြင်က အခြေအနေမှန်များကို သတင်းဌာနများ သတင်းရယူရန် အလွန်ခက်ခဲသော အခြေအနေဖြစ်သည်။

ယခု စစ်ကော်မရှင်၏ ရွေး/ကော် ထုတ်ပြန်ချက်ကြောင့် လားရှိုးမြို့နယ်တွင် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၇၅ ခု ရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များအပြင် ကျေးရွာအုပ်စု ၁၁ ခုတွင် မဲပုံးထောင် ရွေးကောက်ပွဲကျင်းပမည်ဟု ဖော်ပြထားသည်။ အဆိုပါ အချက်အလက်များအရ စစ်ကော်မရှင်ထံ လွှဲပြောင်းပေးခဲ့သည်မှာ မြို့ပေါ် ၁၂ ရပ်ကွက် သာမက၊ ကျေးရွာ အုပ်စု ၁၁ ခု ပါဝင်နေခြင်းလား၊ သို့တည်းမဟုတ် MNDAA သည် ၎င်းတို့ထိန်းချုပ်ထားသော ကျေးရွာအုပ်စုများထဲမှ ၁၁ ခုတွင် ရွေးကောက်ပွဲကျင်းပခြင်းကို စစ်ကော်မရှင်နှင့် ညှိနှိုင်းလက်ခံ ခွင့်ပြုခဲ့ခြင်းလား ရှင်းလင်းစွာ မသိရပါ။ MNDAA ဆက်လက်ထိန်းချုပ်ထားဆဲ ကျန်ရှိသော ကျေးရွာအုပ်စု ၆၄ ခုတွင် မဲပုံးထောင်နိုင်ခြင်း မရှိပေ။ ထိုအခြေအနေသည် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် လားရှိုးမြို့နယ်သည် အထက်တွင် ဖော်ပြခဲ့သော အခြားမြို့နယ်များကဲ့သို့ အမည်ခံ ကျင်းပသည့်အဆင့်သာ တွေ့ရမည် ဖြစ်သည်။

မြန်မာ-အိန္ဒိယ ကုန်သွယ်ရေး အချက်အချာမြို့ဖြစ်သည့် စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အားကောင်းသော ကလေးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့် အခြေအနေကို စစ်ကော်မရှင် ထုတ်ပြန်သော ကိန်းဂဏန်းများမှတစ်ဆင့် လေ့လာနိုင်ခဲ့သည်။ ကလေးမြို့နယ်တွင် ရပ်ကွက် ၂၀ ခုနှင့် ကျေးရွာအုပ်စု ၄၀ ခု ရှိသည့်အနက် ရပ်ကွက် ၁၂ ခုနှင့် ကျေးရွာအုပ်စု ၇ ခုတွင်သာ မဲပုံးထောင်နိုင်မည့် အခြေအနေရှိသည်။ ကလေးမြို့ ၏ မြို့ပေါ်ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စုအများစုဖြစ်သော ၃၃ ခုတွင် မဲပုံးမထောင်နိုင်သော အခြေအနေက ကလေး PDF အဖွဲ့များ၏ နယ်မြေစိုးမိုးထိန်းချုပ်ထားမှုများကို လှစ်ဟပြသလျက်ရှိသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၃၃ ခုရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၆ ခုတွင်သာ ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်သည့် အခြေအနေရှိသည်။ ကျန် ကျေးရွာအုပ်စု အများစုဖြစ်သော ၂၇ ခုတွင် မဲပုံးမထောင်နိုင်ခြင်းက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDF များ၏ လွှမ်းမိုးထိန်းချုပ်မှုကြောင့်မှလွဲလျှင် အခြား အကြောင်းရင်း မရှိနိုင်ပါ။     

စင်စစ် ကျိုက်ထိုမြို့နယ်သည် ထင်ရှားသော ကျိုက်ထီးရိုးစေတီတော်ကြီးတည်ရှိရာ မြို့နယ်ဖြစ်ပြီး၊   မွန်တိုင်းရင်းသား ကျေးရွာများထက် ကရင်တိုင်းရင်းသားကျေးရွာ ပိုမိုများပြားသည်။ စစ်အာဏာရှင်ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်ရေးကို ကရင်နှင့် မွန်ပြည်နယ်များတွင် ဦးဆောင်နေသော တိုင်းရင်းသားတော်လှန်ရေးသမိုင်းအတွင်း သက်တမ်းအရင့်ဆုံး KNLA က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ဖွဲ့များစွာနှင့် ပူးပေါင်းလှုပ်ရှားလျက်ရှိသော မြို့နယ်တစ်ခုလည်း ဖြစ်သည်။

ထို့ကြောင့် မြို့ပေါ်ရပ်ကွက်များတွင်သာ မဲပုံးထောင်နိုင်ပြီး၊ ကျေးလက်ဒေသတစ်ခုလုံး၏ ၈၀% နှင့် ၉၀% အကြား မဲပုံးမထောင်နိုင်သော အထက်ပါ ၆ မြို့နယ် အခြေအနေက စစ်ကော်မရှင်၏ “ကျားဖြန့်ရွေးကောက်ပွဲ” လေလား မေးခွန်းထုတ်စရာ ဖြစ်နေသည်၊ မြို့နယ်အရေအတွက်များများ ဖြစ်စေရန် အကြံအဖန်လုပ်ထားခြင်းသာ ဖြစ်သည်။ 

အုပ်စု (၄) – ကျေးလက်ဒေသ ၅၀% – ၈၀% အကြား အတုအယောင် ရွေးကောက်ပွဲ မလုပ်နိုင်သော ၉ မြို့နယ်

ဤဆောင်းပါးတွင် ခွဲခြမ်းစိတ်ဖြာသုံးသပ်မည့် နောက်ဆုံးအုပ်စု ဖြစ်ပြီး မြို့နယ် ၉ ခုပါဝင်သည်။ ထိုမြို့နယ်များရှိ ကျေးလက်ဒေသ ၅၀ ရာခိုင်နှုန်းနှင့် ၈၀ ရာခိုင်နှုန်းအကြား မဲပုံးမထောင်နိုင်သော အခြေအနေများကို တင်ပြသွားပါမည်။ 

ထိုမြို့နယ်များထဲတွင် ပြည်နယ်နှင့်တိုင်းမြို့တော်များဖြစ်ကြသော မြစ်ကြီးနား၊ စစ်တွေနှင့် ထားဝယ်မြို့နယ်များ၊ လက်ရှိကာလ၌ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းနှင့် တရုတ်ကျားဖြန့် ငွေလိမ်ဂိုဏ်းများ အဓိက အခြေစိုက်လျက်ရှိသဖြင့် လတ်တလော ကမ္ဘာ့သတင်းမီဒီယာများ၏  အာရုံစိုက်ခြင်းခံနေရသော ကရင်ပြည်နယ် မြဝတီမြို့နယ်တို့ ပါဝင်သည်။ 

ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဆုံး အနော်ရထာမင်းဆက် ထီးနန်းစိုက်ရာ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမြို့ဟောင်း တည်ရှိရာ ညောင်ဦးမြို့၊ မကွေးတိုင်းအတွင်း ဧရာဝတီမြစ်၏ အရှေ့နှင့် အနောက်ဘက်ကမ်း တစ်ဖက်တစ်ချက်တွင် ရှိသော သရက်နှင့် အောင်လံမြို့နယ်များ၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ တော်လှန်ရေးအင်အားစု အားကောင်းသော စစ်ကိုင်းတိုင်းမှ ဟုမ္မလင်းမြို့နယ်တို့ ပါဝင်သည်။   

မြဝတီမြို့အခြေအနေသည် ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၁၇ ခုရှိသည့်အနက် ရွေးကောက်ပွဲအတွက် မဲပုံးထောင်နိုင်သော ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၄ ခုသာ ရှိသည်။ လက်ရှိကာလတွင် ရွှေကုက္ကိုမြို့သစ်ရှိ၊ KK Park နှင့် မင်းလက်ပံ ကျေးရွာရှိ Sunda Park တို့ရှိ တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် မြဝတီမြို့ပေါ်ရှိ ကျားဖြန့် အဆောက်အအုံများကို နေ့စဉ်နှင့်အမျှ စီးနင်းဖမ်းဆီးမှုကြောင့် ထောင်နှင့်ချီသော တရုတ်နိုင်ငံသားများ အပါအဝင် နိုင်ငံစုံမှ နိုင်ငံခြားသားများ ဖမ်းဆီးခြင်း၊ အဖမ်းမခံဘဲ သောင်ရင်းမြစ်ကို ရေကူးထွက်ပြေးခြင်းနှင့် မြဝတီမြို့နယ်အတွင်းမှ အခြား နယ်စပ်နေရာများသို့ ထွက်ပြေးခြင်းများဖြင့် အုတ်အော်သောင်းနင်း ဖြစ်နေသည်။

ထိုကဲ့သို့ လုံခြုံရေးအခြေအနေ ဆိုးရွားနေသော မြဝတီမြို့နယ်၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အနည်းငယ်တွင်သာ မဲပုံးထောင်၊ ကျားဖြန့်ရွေးကောက်ပွဲ ကျင်းပရန် စစ်ကော်မရှင် အတင်းအဓမ္မစီစဉ်နေခြင်း ဖြစ်သည်။ အလားတူ တော်လှန်ရေးအင်အားစုများဖြစ်သော KNLA နှင့် PDF များ အားကောင်းစွာ လှုပ်ရှားနေသည့် ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၄၃ ခု ရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၁၂ ခုတွင်သာ မဲပုံးထောင်နိုင်သော အခြေအနေရှိသည်။ ကျေးရွာအုပ်စု အများစုဖြစ်သော ၃၁ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါ။ 

နောက်ထပ်စိတ်ဝင်စားစရာကောင်းသည်မှာ ရခိုင်နှင့် ကချင်ပြည်နယ် မြို့တော်များဖြစ်သော စစ်တွေနှင့် မြစ်ကြီးနားတို့ ဖြစ်သည်။ စစ်တွေမြို့သည် အာရက္ခတပ်တော် (AA) ၏ ကုန်းတွင်းပိုင်းမှ ဝိုင်းပတ်ပိတ်ဆို့ ထားခြင်းကို လပေါင်းများစွာ ခံထားရသဖြင့် စစ်ကော်မရှင်သည် ပင်လယ်ထွက်ပေါက်တစ်ခုသာ အားထားနေပြီး ပြည်နယ်မြိုတော်ကို လက်လွတ်ဆုံးရှုံးမှုမရှိစေရန် ကာကွယ်နေရသော အခြေအနေဖြစ်သည်။ ထိုအခြေအနေတွင် စစ်တွေမြို့နယ်၌ တည်ငြိမ်အေးချမ်းနေသည့်အလား အတုအယောင် ရွေးကောက်ပွဲကို ကျင်းပရန် မင်းအောင်လှိုင် ကြိုးပမ်းနေခြင်း ဖြစ်သည်။ 

စစ်တွေမြို့နယ်တွင် ရပ်ကွက် ၃၃ ခုနှင့် ကျေးရွာအုပ်စု ၂၇ ခုရှိသည့်အနက် မြို့ပေါ်ရပ်ကွက်အများစုဖြစ်သော ၃၂ ခုတွင် မဲပုံးထောင်နိုင်သော အခြေအနေရှိပြီး၊ ကျေးရွာအုပ်စု၏ ထက်ဝက်ကျော် အရေအတွက်ဖြစ်သော ၁၇ ခုတွင် မဲပုံးမထောင်နိုင်ပါ။ ထိုအခြေအနေက လှစ်ဟပြနေသည်မှာ AA သည် ရခိုင်ပြည်နယ်၏ လက်ကျန် ၃ မြို့ထဲတွင် ကျောက်ဖြူနှင့် မြို့တော်စစ်တွေတို့၏ ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားနိုင်သော သို့မဟုတ် ခြိမ်းခြောက်ထားနိုင်သော အခြေအနေရှိနေပြီ ဆိုသည်မှာ ပေါ်လွင်ထင်ရှားနေခြင်းပင်။ 

ထို့အတူ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ စစ်ရေးဖိအားကို အာဏာသိမ်းကာလ ငါးနှစ်လုံးလုံး ခံစားနေရပြီး၊ မြစ်ကြီးနားနှင့် အနီးဆုံးဖြစ်သော ဧရာဝတီမြစ်ကူးတံတားကို ဖြတ်လျှင် မြစ်အရှေ့ဘက်ကမ်းရှိ ဝိုင်းမော်မြို့နယ်ထဲအထိ KIA ၏ ထိုးစစ်ဆင်မှုများရှိနေပြီ ဖြစ်သည်။ ထိုအခြေအနေတွင် မြစ်ကြီးနားမြို့နယ်ရှိ ရပ်ကွက် ၃၁ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခုရှိသည့်အနက် ကျေးရွာအုပ်စုအများစု ဖြစ်သော ၁၉ ခုတွင် မဲပုံးထောင်နိုင်ခြင်းမရှိသည့် အခြေအနေက KIA သည် မြစ်ကြီးနားမြို့နယ်၏ တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်ထားခြင်း သို့မဟုတ် တိုက်ရိုက်ခြိမ်းခြောက်ထားနိုင်ခြင်းအဖြစ် လေ့လာတွေ့ရှိရသည်။ 

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်မြို့နယ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုဂ္ဂိုလ်ရေးအရ ဆက်နွယ် လျက်ရှိသော မြို့နယ်ဖြစ်သည်။ မင်းအောင်လှိုင်၏ မိဘများသည် ထားဝယ်ဇာတိများဖြစ်ကြသည်။  မင်းအောင်လှိုင်ကိုလည်း ထားဝယ်သားအဖြစ် အထင်မှားမှုများ ရှိခဲ့သဖြင့်၊ ထားဝယ်သည် ၎င်း၏ မွေးဖွားရာဇာတိ မြို့ မဟုတ်ကြောင်း ၎င်းကိုယ်တိုင် ဖြေရှင်းခဲ့ဖူးရသည်။ မည်သို့ပင်ဆိုစေ အာဏာရှင်ဆိုးကို မွေးဖွားပေးခဲ့သော မင်းအောင်လှိုင် မိဘများ၏ဇာတိမြို့နေ ထားဝယ်ပြည်သူများသည် စစ်အာဏာသိမ်းမှုကို “ခေါင်းငုံ့မခံ တုံ့ပြန်ကြဟေ့” ထဲတွင် ထိပ်ဆုံးက ပါဝင်ခဲ့သည်။

ယခုအခါ မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် ထားဝယ်မြို့ကိုပါ ထည့်သွင်းထားရာ မြို့နယ်တွင်းရှိ ရပ်ကွက် ၁၈ ခုနှင့် ကျေးရွာအုပ်စု ၂၅ ခု ရှိသည့်အနက်၊ ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု အများစု ဖြစ်သော ၁၇ ခုတွင် မဲပုံးမထောင်နိုင်သော အခြေအနေတွင် ရှိပါသည်။ ယင်းသည် ထားဝယ်မြို့နယ် ပြည်သူများ က မင်းအောင်လှိုင်ကို မည်မျှဆန့်ကျင်လျက်ရှိကြောင်း အထင်ရှားဆုံး သက်သေပင် ဖြစ်သည်။

တော်လှန်ရေးအင်အားကောင်းသော စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် ဟုမ္မလင်း၊ ရွှေပြည်အေးနှင့် မိုဝိုင်းလွတ် မြို့များ ပါဝင်သည်။ ရွှေပြည်အေးမြို့ကို NUG လက်အောက်ခံ PDF များ ကာလအတန်ကြာကတည်းက သိမ်းပိုက်ထားပြီးဖြစ်သည်။ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်တွင် ရပ်ကွက် ၁၆ ခုနှင့် ကျေးရွာအုပ်စု ၇၆ ခု ရှိသည့် အနက်၊ ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၂၆ ခုတွင်သာ မဲပုံးထောင်နိုင်ပြီး၊ ရွှေပြည်အေးမြို့မှ ရပ်ကွက် ၁၁ ခုနှင့် ကျန်ကျေးရွာအုပ်စုအများစုဖြစ်သော ၅၀ ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ပါ။ 

မြန်မာ့သမိုင်းတွင် ပထမ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူအဖြစ် ထင်ရှားသော အနော်ရထာမင်း ထီးနန်းစိုက်ရာ ပုံဂံမြို့ဟောင်း တည်ရှိသည့်နေရာ၊ တစ်နည်းအားဖြင့် “ဗမာ” တိုင်းရင်းသားများ၏ ဗဟိုချက်ဟု ယူဆနိုင်သော ညောင်ဦးမြို့နယ် ပြည်သူများ၏ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်မှုက လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းတွင် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံ့သမိုင်းတွင် အထင်ကရ နေရာယူထားသော ညောင်ဦးမြို့နယ် ရပ်ကွက် ၁၇ ခုနှင့် ကျေးရွာအုပ်စု ၇၅ ခုရှိသည့်အနက်၊ မြို့နယ်၏ နယ်မြေ အများစုဖြစ်သော ကျေးရွာအုပ်စု ၄၉ ခုတွင် မဲပုံးမထောင်နိုင်ပေ။ ထိုအခြေအနေက မင်းအောင်လှိုင်၏ အာဏာစက် မည်မျှအကန့်အသတ်ဖြင့်သာ ရှိနေကြောင်း ပေါ်လွင်ထင်ရှားသည်။

ဤအုပ်စုတွင် ကျန်ရှိသော မွန်ပြည်နယ်မှ ကျိုက်မရော၊ မကွေးတိုင်းထဲမှ သရက်နှင့်အောင်လံ မြို့နယ်များ အားလုံးတွင် ကျေးလက်ဒေသများ၏ ၇၀ ရာခိုင်နှုန်းကျော်နှင့် ၅၀ ရာခိုင်နှုန်းကျော် အသီးသီး ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း စစ်ကော်မရှင်၏ ရွေး/ကော် ထုတ်ပြန်ချက်များတွင် တွေ့ရသည်။ 

ဤဆောင်းပါးတွင် ကျားဖြန့်ရွေးကောက်ပွဲ အသွင်လက္ခဏာ ထင်ရှားသော မြို့နယ်များကိုသာ ရွေးချယ်ဖော်ပြ ထားပါသည်။ ထို့အပြင် ကျေးလက်ဒေသ ၂၅ နှင့် ၅၀ ရာခိုင်နှုန်းအကြား၊ ၂၅ ရာခိုင်နှုန်းအောက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်များစွာ ရှိနေသေးပြီး၊ ထိုမြို့နယ်များကို ထည့်သွင်းဖော်ပြခြင်း မရှိပါ။  

နိဂုံး – မြန်မာ့သမိုင်းတွင် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး ရွေးကောက်ပွဲ

 မင်းအောင်လှိုင် စီစဉ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံး ရွေးကောက်ပွဲအဖြစ် သမိုင်းမှတ်တမ်းတင်ခြင်းခံရမည့်၊ အပိုင်း သုံးပိုင်း ပါဝင်ပြီး ပထမပိုင်းကို  ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲသည် မည်သည့် ရှုထောင့်မှ တိုင်းတာသည်ဖြစ်စေ၊ ၂၀၂၀ ပြည့်နှစ်တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စီစဉ်ကျင်းပခဲ့ သော အထွေထွေရွေးကောက်ပွဲကြီးနှင့် နှိုင်းယှဉ်လျှင် ပြည်သူ့ဆန္ဒအကင်းမဲ့ဆုံး ရွေးကောက်ပွဲ ဖြစ်သည်ကို စစ်ကော်မရှင် ရွေး/ကော် ထုတ်ပြန်ခဲ့သော အထက်ပါ ၂၇ မြို့နယ်၏ ရွေးကောက်ပွဲ ကျင်းပနိုင်မှု အခြေအနေများက သက်သေခံနေပါသည်။

သန်းနှင့်ချီသော မဲလိမ်မဲခိုးမှုများကြောင့်ဟု တစ်ဖက်သတ်စွပ်စွဲပြီး စစ်အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်သည် သန်းနှင့်ချီသော ပြည်သူများ နေထိုင်ရာ နိုင်ငံအနှံ့ရှိ မြို့ရွာများကို မီးရှို့ဖျက်ဆီး၊ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးများနှင့်ပစ်ခတ်၊ စစ်ကြောင်းများထိုး၍ အရပ်သားပြည်သူများကို သတ်ဖြတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ကလေးငယ်များပါမကျန် ဖမ်းဆီးအကျဉ်းချ စသည့် လူသားမဆန်သော၊ လူ့မျိုးနွယ်စုကို ဆန့်ကျင်သော အလွန်ကြီးမားသည့် ရာဇဝတ်မှုများကို လွန်ခဲ့သော ငါးနှစ်လုံးလုံး စိတ်ကြိုက်ကျူးလွန်ခဲ့သည့် စစ်ခေါင်းဆောင် ဖြစ်သည်။ 

ယခုအခါ ထိုစစ်ခေါင်းဆောင်ကပင် စီစဉ်ကျင်းပသော ရွေးကောက်ပွဲသည် ပြည်သူလူထု အများအပြားကို သတ်ဖြတ်ပြီး “အောင်သေအောင်သား” စား၍ ယစ်မူးပျော်ပါးမည့် ယဇ်ပူဇော်ပွဲတစ်ခုထက် မပိုကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

Related Articles

Back to top button