![](https://myanmar-now.org/mm/wp-content/uploads/sites/7/drupal/news-images/oxygen_2_web.jpg)
မြန်မာနိုင်ငံတွင် လူအများစု မရှူနိုင်မကယ်နိုင်အခြေအနေ ဆိုက်နေပြီဖြစ်သည်။ နိုင်ငံတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်လည်း ယခုရက်ပိုင်းအတွင်း ယခင်က မရှိခဲ့ဖူးသည့် အခြေအနေအထိ ယိုယွင်းခဲ့သည်။ နိုင်ငံအနှံ့အပြားတွင် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း ယုံကြည်စိတ်ချရသော ကိန်းဂဏန်းအချက်အလက်များ မရရှိနိုင်ပေ။
သို့သော် ယမန့်နေ့က ထုတ်ပြန်ခဲ့သော စစ်ကောင်စီထိန်းချုပ်ထားသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နေပြည်တော်နှင့် ရန်ကုန်တွင် လူပေါင်း ၁၄၄၀၀ ကျော်ကို စစ်ဆေးခဲ့ရာ လူပေါင်း ၅၀၀၀ ခန့်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည်။ ရန်ကုန်ရှိသုသာန်များတွင် ရာနှင့်ချီသော ကိုဗစ်ကြောင့်သေဆုံးသူများကို မီးသင်္ဂြိုဟ်နေရသည်။
ရာခိုင်နှုန်းအနည်းငယ်မျှသော နိုင်ငံ့လူဦးရေသာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့် အခြေအနေတွင် ဆေးရုံဆေးခန်းများသည်လည်း အောက်ဆီဂျင်ပြတ်လပ်မှုနှင့်အတူ ကြပ်မတ်ကုသပေးနိုင်ခြင်း မရှိဘဲ ရုန်းကန်နေရလျက်ရှိသည်။
လတ်တလော ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ထောင်ပေါင်းများစွာရှိနေရာ ကိုဗစ်ကူးစက်ခံနိုင်ခြေ ပို၍များနေသည်။ ထိုသူများအတွက် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ပို၍ခက်ခဲမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် ကိုဗစ်နိုင်တင်းကပ်ရောဂါအခြေအနေ ပိုမိုဆိုးရွားခဲ့ရသည်ဆိုသောအချက်က ယုံမှားသံသယရှိစရာမလိုပေ။ နိုင်ငံကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသော စစ်အုပ်စုအနေဖြင့် လက်ရှိကျန်းမာရေးအကျပ်အတည်းကို တုံ့ပြန်ဖြေရှင်းနိုင်စွမ်းလည်း မရှိပေ။ ထိုအတွက် တရားဝင်မှုနှင့် အခွင့်အာဏာလည်း ကင်းမဲ့နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ ကပ်ဘေးကို ရင်ဆိုင်ရေးနှင့် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်ရန် ငြင်းဆန်သည့် ကျန်းမာရေးဝန်ထမ်းများအပေါ် စိတ်ပိုင်းဆိုင်ရာအားဖြင့် ဩဇာရှိနေသည်။ သို့သော် ကပ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး NUG အနေဖြင့် အခြေခံအဆောက်အအုံပိုင်းနှင့် ရန်ပုံငွေပိုင်းတွင် အားနည်းချက်ရှိနေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့ထိန်းချုပ်ရာနယ်မြေအတွင်း ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးတွင် အဓိကကျသော အခန်းကဏ္ဍတွင် ရှိနေသည်။ ရှမ်းပြည်နယ်တွင် လက်နက်ကိုင်အချင်းချင်းဖြစ်ပွားနေသော ပဋိပက္ခများက ထိခိုက်ခံစားရသည့် ရပ်ရွာလူထု၏ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည်။
လက်ရှိအဖြစ်ဆိုးကို ကျော်လွှားနိုင်ရန် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ၏ အထောက်အပံ့ကို အရေးတကြီးလိုအပ်လျက်ရှိသည်။ အခြေခံဆေးဝါးအထောက်အပံ့များ၊ ကာကွယ်ဆေးများ၊ PPE ကဲ့သို့သော လုပ်ငန်းခွင်သုံးပစ္စည်းများနှင့် လူ့စွမ်းအားအရင်းအမြစ်သည် မရှိမဖြစ်အရေးပါသော အထောက်အပံ့များဖြစ်သည်။
လက်ရှိအချိန်တွင် နိုင်ငံတကာအစိုးရများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်မှုမှာ လုံးဝပြည့်စုံလုံလောက်ခြင်း မရှိပေ။ ရာဇဝတ်မှုကျူးလွန်သည့် စစ်အုပ်စုကို စုပေါင်းပြီး ဆန့်ကျင်ရန် ပျက်ကွက်ခဲ့သည့်နည်းတူ ကပ်ရောဂါကျရောက်နေချိန်တွင်လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက ပျက်ကွက်လျက်ရှိသည်။
စစ်အုပ်ချုပ်မှုကို အလျင်အမြန်အဆုံးသတ်လိုသူများအတွက် လက်ရှိကပ်ရောဂါအကျပ်အတည်းက ခက်ခဲသော မေးခွန်းပင်ဖြစ်သည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုတွင် စစ်အုပ်စုနှင့် “မည်သို့မျှ မပူးပေါင်းခြင်း” နှင့် “မည်သို့မျှ အသိအမှတ်မပြုခြင်း” က အဓိကကျသော မူဝါဒဖြစ်သည်။
ထိုသည်က စစ်အုပ်စု၏ တရားဝင်မှုကို သေးသိမ်စေသည်သာမက ထိထိရောက်ရောက်အုပ်ချုပ်နိုင်မှုကိုပါ တားဆီးလျက်ရှိသည်။ မင်းအောင်လှိုင်၏ အာဏာသိမ်းမှု မအောင်မမြင်ဖြစ်ရခြင်းများအနက် အဓိကကျသော အကြောင်းရင်းတစ်ခုလည်းဖြစ်သည်။
သို့သော် ကိုဗစ်နိုင်တင်းကပ်ရောဂါ အကြီးအကျယ်ဖြစ်ပွားမှုကို ကိုင်တွယ်ရေးတွင် အာဏာသိမ်းစစ်အုပ်စုကို ပါဝင်ပတ်သက်စေရေးမှာ ရှောင်လွှဲမရသည့်အရာဖြစ်သည်။ နိုင်ငံတွင်းရှိ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို စစ်အုပ်စုက ထိန်းချုပ်ထားသောကြောင့်ပင်ဖြစ်သည်။
ခက်ခဲရှုပ်ထွေးလှသော ထိုအခြေအနေအတွက် လွယ်ကူသော အဖြေမရှိပေ။ သေချာသည်က စစ်အုပ်စုနှင့် မည်သို့သော ပူးပေါင်းဆောင်ရွက်မှုကိုမဆို အထူးသတိထားကာ သံသယအပြည့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တရားမဝင်အာဏာသိမ်းယူခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများကြောင့်သာ ဤအခြေအနေဖြစ်လာခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများ ဖိနှိပ်ခံရသည့်အတွက် လက်ရှိအခြေအနေဖြစ်လာခဲ့ခြင်းပင် ဖြစ်သည်။
ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများကို ခြိမ်းခြောက်ခြင်း၊ ကိုဗစ်နှင့် ပတ်သက်၍ အရပ်ဘက်ဦးဆောင်လှုပ်ရှားသူများကို တားမြစ်ပိတ်ပင်ခြင်း၊ ပုဂ္ဂလိကဆေးရုံများကို ကန့်သတ်ခြင်း၊ အောက်ဆီဂျင်ကန့်သတ်ကာ ကိုဗစ်လူနာများကို အသက်ရှူကျပ်စေခြင်းဖြင့် စစ်အုပ်စုက အရပ်သားများကို ဆက်လက်သတ်ဖြတ်နေဆဲဖြစ်သည်။ ရာဇဝတ်မှုမြောက်သော ထိုလုပ်ဆောင်ချက်အားလုံးကို ချက်ချင်းပင် ရပ်တန့်ရမည်ဖြစ်သည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လုပ်သားများကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရမည်ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံများအနေဖြင့် CDM ဝန်ထမ်းများ ငှားရမ်းခွင့် ပိတ်ပင်ခံထားရခြင်းကို ပယ်ဖျက်ပေးရမည်ဖြစ်သည်။ စစ်ကောင်စီက ထိုအချက်များကို သဘောတူလက်ခံလာစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အခြားသော အလှူရှင်အစိုးရများအနေဖြင့် အဓိကအခန်းကဏ္ဍမှနေ၍ ဝင်ရောက်ဆောင်ရွက်ပေးနိုင်သည်။
ကိုဗစ်အထောက်အပံ့များနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီပေးရာတွင် စစ်အုပ်စုက မတော်တရော်ဆောင်ရွက်ခြင်း မရှိစေရန် အထူးသတိပြုဆောင်ရွက်ရမည်ဖြစ်သည်။
နယ်စပ်လမ်းကြောင်းများမှတဆင့်လည်း တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ရာဒေသများရှိ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများထံ ကိုဗစ်ကာကွယ်ဆေးနှင့် အထောက်အပံ့ပစ္စည်းများ ပေးပို့ရမည်ဖြစ်သည်။ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ဖြင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားဒေသများတွင် ဆယ်စုနှစ်နှင့်ချီကာ ရှိနေပြီးဖြစ်သော ထိုအဖွဲ့အစည်းများသည် အသင့်တော်ဆုံးပင်ဖြစ်သည်။
မြန်မာနိုင်ငံတနံတလျားရှိ ကျန်းမာရေးနှင့် လူမှုစီးပွားဆိုင်ရာ ထောက်ပံ့ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများကိုလည်း ထောက်ပံ့ကူညီရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ အစိုးရဆေးရုံများ၊ ရပ်ရွာအခြေပြုဆေးရုံဆေးခန်းများ၊ ဓာတ်ခွဲခန်းများနှင့် ကျန်းမာရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြုသူများအားလုံးကို ထောက်ပံ့ကူညီပေးနိုင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံရှိ ကုလအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ကိုင်ရန် လိုအပ်သည်။
ထိုသို့သော ထောက်ပံ့ကူညီမှုများ လူထုထံရောက်ရှိရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ၊ အရပ်သားပြည်သူများနှင့် ဦးဆောင်ဦးရွက်ပြုသူများကို စစ်ကောင်စီက နှောင့်ယှက်ဟန့်တားခြင်း မရှိစေရန်လည်း အထူးသတိထားစောင့်ကြည့်ရမည်ဖြစ်သည်။
စစ်ကောင်စီကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူခြင်းကို Myanmar Now က ထောက်ခံပါသည်။ ကိုဗစ်နိုင်တင်းကပ်ရောဂါ အရေးပေါ်အခြေအနေတွင် အထက်ပါဒဏ်ခတ်အရေးယူခြင်းများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအပေါ် ထိခိုက်စေခြင်း မရှိသင့်ပေ။