သတင်း

ရေကြောင်းခရီးလုံခြုံရေးဂရုစိုက်ရန် အစိုးရကို တောင်းဆို

ရေကြောင်းသွားခရီးသည်ယာဉ်များ မတော်တဆမှုဖြစ်ပွားခြင်း မရှိစေရေးအတွက်  အထူးကြပ်မတ်ပေးရန် လိုအပ်သည်ဟု မကြာသေးခင်က ပုသိမ်မြို့စက်လှေနစ်မြုပ်မှုတွင် သေဆုံးသွားသူတို့၏ မိသားစုဝင်များ၊ ဒေသခံများက အစိုးရကို တိုက်တွန်းလိုက်သည်။

ဧပြီ ၇ ရက်နေ့ ညက ပုသိမ်မြို့ ကြက်တန်းကူးတို့ဆိပ်အနီး ကျောက်တင်သင်္ဘောနှင့် တိုက်မိသည့် ‘ငွေကြယ်ပွင့်’ စက်လှေနစ်မြုပ်မှုတွင် သေဆုံးသည့် ခရီးသည်အရေအတွက်မှာ ၃ဝ အထိ ရှိရာ အာဏာပိုင်တို့က ကျန်ရစ်သူ မိသားစုဝင်များကို ထောက်ပံ့ငွေ ပေးအပ်ခြင်း၊ သေဆုံးသွားသူများအတွက် အသက်အာမခံကြေး ထုတ်ပေးနိုင်ရန် ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးနေသည်။

သေဆုံးသွားသူ အသက် ၁ဝ နှစ်အရွယ် ခရီးသည်တစ်ဦး၏ အဒေါ်ဖြစ်သူ ဒေါ်ယဉ်ကြည်က ရေကြောင်းသွားလာမှု လုံခြုံရေးအတွက် အာဏာပိုင်တို့ ပုံမှန် ကြပ်မတ် ဆောင်ရွက်သင့်သည်ဟု ဆိုသည်။

“အစိုးရတို့ လွှတ်တော်တို့ဆိုတာ (မတော်တဆမှု) မဖြစ်ခင်တုန်းကတော့ ဂရုစိုက်ရကောင်းမှန်း မသိဘူး။ ဖြစ်လာတော့မှ ဂရုစိုက်တယ်။ ခုဆို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ဒေသလွှတ်တော်၊ အစိုးရအဖွဲ့တို့ ခဏခဏ လာတယ်။ အသက်ဖိုး လာလာပေးတယ်။ ကျွန်မကလည်း အသက်ထက် ဘယ်ဟာ တန်ဖိုးရှိလဲ ဆိုတာကိုပဲ မေးချင်တယ်”  ဟု ဒေါ်ယဉ်ကြည်က ပြောသည်။

သေဆုံးသူခရီးသည် ဒေါ်ညိုရင်၏ မောင်ဖြစ်သူ ဦးရွှေအေးကလည်း  လျော်ကြေးငွေ လက်ခံရခြင်းအတွက် စိတ်မသက်မသာ ဖြစ်ရသည်ဟု ဆိုသည်။

“ပေးလို့သာယူရတာ၊ စိတ်ထဲမှာ ဘယ်ကောင်းမလဲ၊ လူတစ်ယောက်ဆုံးရှုံးမှုဆိုတာ တန်ဖိုးမှ ဖြတ်လို့မှ မရတာ။ တတ်နိုင်ရင်တော့ တာဝန်ရှိသူတွေက ရေယာဉ်တွေနဲ့ ရေယာဉ်မောင်းသူတွေ ပေါ့ပေါ့ဆဆ မလုပ်အောင် တာဝန်ယူပေးပါ” ဟု ဦးရွှေအေးက တိုက်တွန်းလိုက်သည်။

ဓာတ်ပုံ – မျိုးမင်းပိုင်

ကယ်ဆယ်ရေးလုပ်ငန်း

အမှောင်ထုအတွင်း ကျောက်တင်သင်္ဘောနှင့် တိုက်မိခါနီးတွင် ငွေကြယ်ပွင့်စက်လှေက ရုတ်တရက် ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ဟု အသက်ရှင်ကျန်ရစ်သူ ခရီးသည်တစ်ဦးဖြစ်သည့် ဦးညီညီအောင်က ပြောသည်။

“၆း၄ဝ မှာ  ကျွန်တော်တို့ စက်လှေ စထွက်တယ်။ သိပ်မကြာဘူး၊ ၃ မိနစ်လောက်ပဲ ကြာတယ်၊ အဲ့ဒီအချိန် ကျောက်တင်တဲ့သင်္ဘောက ခုတ်မောင်းလာတာ ကျွန်တော်တို့လည်း အနီးရောက်မှမြင်တယ်” ဟု ဦးညီညီအောင်က ရှင်းပြသည်။

မြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့အစည်းများ ရောက်ရှိလာချိန်အထိ ရှာဖွေကယ်ဆယ်ရန် ပဲ့ထောင် စက်လှေများ ချက်ချင်း မစီစဉ်နိုင်ခြင်းကြောင့် သေဆုံးသူအရေအတွက်ကို မြင့်တက်စေခဲ့ကြောင်း မျက်မြင်သက်သေများက သုံးသပ်သည်။

ခရီးသည်တင်ရေယာဉ်များတွင် ကယ်ဆယ်ရေးပစ္စည်း လုံလောက်မှု ရှိမရှိ စစ်ဆေးရန် အာဏာပိုင်တို့တွင် တာဝန်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ကိုလေပြည်အောင်က ပြောသည်။

“ဆလိုက်မီးတွေ မရှိဘဲ လက်နှိပ်ဓာတ်မီးတွေနဲ့ ရှာဖွေ ကယ်ဆယ်နေရတာကိုက စိတ်ပျက်စရာပါ။ နောက်မှ ဘေးကသင်္ဘောတွေ မီးထွန်းပေးလို့။ ဌာနတစ်ခုအနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ လုံလောက်မှု မရှိရင် အထက်ကို တင်ပြသင့်တယ် ” ဟု ကိုလေပြည်အောင်က ဆိုသည်။

အရေးပေါ် ကူညီကြသူများထဲတွင် ကယ်ဆယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး  သင်တန်းတက် လေ့လာထားသူ အနည်းငယ်သာ ပါဝင်ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ကိုမြင့်ဌေးက ပြောသည်။

“ရပ်ရွာအခြေပြု ကယ်ဆယ်ရေးအဖွဲ့အစည်းတွေ၊  စနစ်တကျနဲ့ သင်တန်းတွေ လုပ်ထားတဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေက (ချက်ချင်း) ရောက်မလာဘူး။ ငါးဖမ်းသင်္ဘောတစ်စီးရယ်၊  ကူးတို့လှေတွေရယ် ကယ်လို့ ကျန်တဲ့သူတွေက ရှင်တာ” ဟု ကိုမြင့်ဌေးက ပြောသည်။

တိုက်မိကြသည့် ယာဉ်နှစ်စီးတွင် အချက်ပြမီး၊ ဆလိုက်မီး မပြည့်စုံခြင်းသည်လည်း မတော်တဆမှု ပေါ်ပေါက်ခဲ့ရသည့် အဓိက အကြောင်းရင်းများတွင် ပါဝင်နေသည်။  

ဓာတ်ပုံ – မျိုးမင်းပိုင်

ပုသိမ်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ကိုမြင့်စိုးက ရေကြောင်းအာဏာပိုင်အဖွဲ့အစည်းတို့ စစ်ဆေးကြီးကြပ်မှု လျော့နည်းခဲ့ကြောင်း ဝေဖန်လိုက်သည်။

“သင်္ဘောပိုင်ရှင်တွေလည်း အပြစ်ပေးရမယ်။ မောင်းသူတွေလည်း အပြစ်ပေးသင့်တယ်။ ရေကြောင်းဥပဒေ ဆိုတာ စာအုပ်ထဲမှာရှိပြီး တင်းကျပ်မှုတွေ မလုပ်ဆောင်ကြလို့ ငဝန်မြစ်ထဲမှာ စည်းကမ်းမဲ့ မောင်းနေကြတာ။

ရေကြောင်းတာဝန်ရှိသူတွေ ပေါ့လျော့တယ်။ ဒါကို တာဝန်ရှိသူတွေလည်း မကြီးကြပ်နိုင်ခဲ့ဘူး” ဟု ကိုမြင့်စိုးက ပြောသည်။

မတော်တဆမှုတွင် အမျိုးသား ၇ ဦး၊  အမျိုးသမီး ၂၃ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အသက် ၄ နှစ် မှ ၁၇ နှစ်အတွင်းရှိ ကလေး ၇ ဦးလည်း ပါဝင်သည်။

မြစ်ချောင်းပေါများပြီး ပင်လယ်ကမ်းရိုးတန်း ရှည်လျားသော မြန်မာနိုင်ငံတွင် ခရီးသည်တင်ရေယာဉ် မတော်တဆဖြစ်ပွားမှုကို မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

၂ဝ၁၆ အောက်တိုဘာလလယ်ပိုင်း ချင်းတွင်းမြစ်အတွင်း ဝန်ပိုတင် မှောင်းနှင်သည့် အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုတွင်လည်း ခရီးသည် ၈ဝ ထက် မနည်း သေဆုံးခဲ့သည်။

နိုင်ငံအများအပြားတွင် ဆုံးရှုံးမှုကြီးမားသည့် သင်္ဘော မတော်တဆမှု ဖြစ်ပွားပါက တာဝန်ကြီးကြီးမားမားယူထားသူက နုတ်ထွက်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုကို ပြသကြကြောင်း  သတင်းများတွင် တွေ့ရသည်။

ဓာတ်ပုံ – မျိုးမင်းပိုင်

တိုင်းအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်

ပုသိမ်မြို့ မတော်တဆမှုဖြစ်စဉ်တွင် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ဆလိုက်မီး အသုံးပြုခြင်း နှောင့်နှေးခဲ့ရသည်ဟု တိုင်းအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

“ဆလိုက်မီးတွေက ရုတ်တရက်တော့ ချက်ချင်းကြီးတော့ မထိုးနိုင်ဘူး။ ပြောလိုက်တဲ့ အခါမှာတော့ ဆလိုက်တွေ ထိုးကြပါတယ်။ ဟိုဘက်ကမ်းမှာရှိတဲ့ သင်္ဘောရော၊ ဒီဘက်ကမ်းမှာရှိတဲ့ သင်္ဘောရော မီးထိုးပေးကြပါတယ်” ဟု ဦးဝင်းဌေးက ရှင်းပြသည်။    

ငွေကြယ်ပွင့် ရေယာဉ် တိမ်းမှောက်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေကြောင်းသွား ယာဉ်များ မတော်တဆမှု မဖြစ်ပွားစေရန်  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအတွက် စီစဉ် လုပ်ဆောင်နေသည်ဟု ဝန်ကြီးက ဆိုသည်။

“ရေကြောင်းရဲတို့၊ ဆိပ်ကမ်းက တာဝန်ရှိသူတွေပါ ခေါ်ယူပြီး နောင်တစ်ချိန်မှာ ဒီလိုမျိုး အခြေအနေပေါ်လာခဲ့ရင် ဘယ်လို ဆက်သွယ်၊ ဆောင်ရွက်မလဲဆိုတာကို ကော်မတီတစ်ရပ်ဖွဲ့ပြီး ဆောင်ရွက်နေတယ်” ဟု ဦးဝင်းဌေးက ပြောသည်။

Show More

Related Articles

Back to top button