အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မာန်အောင် သင်္ဘောနစ်မြုပ်မှုမှ ရုပ်အလောင်း ၈ လောင်း တွေ့ရှိ

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အနီး နစ်မြုပ်သွားသော သင်္ဘောမှ ပျောက်ဆုံးနေသည့် ၁၉ ဦးအနက်မှ ရုပ်အလောင်း ၈ လောင်းကို တွေ့ရှိခဲ့သည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးက အတည်ပြုသည်။

သေဆုံးသွားသူတို့၏ မိသားစုဝင်များကို မာန်အောင်သို့ ခေါ်ဆောင်သွားရန် စီစဉ်နေကြောင်း ညွှန်ကြားရေးမှူး ဦးအောင်သီဟက ပြောသည်။

“ဒီမနက်မှာ အလောင်း ၈ လောင်း ရပါပြီ။ ကျန်တာကို ဆက်ရှာနေတုန်းပါ။ မနက်ဖြန် ရန်ကုန်ကနေ မာန်အောင်ကို အလောင်းတွေ့ရှိသူနဲ့ ပျောက်ဆုံးနေသူတွေရဲ့ တစ်မိသားစုကို ၂ ဦးနှုန်းနဲ့ ခေါ်ကာ မာန်အောင်ကို ပို့မှာပါ။ ဟိုမှာ တွေ့ရှိတဲ့ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ကိစ္စတွေလည်း လုပ်လို့ရအောင်ပါ” ဟု သူက ဆိုသည်။

ရေယာဉ်မှူး ဦးထွန်းထွန်း၊ ဦးထွန်းအောင်၊ ဦးတင်မောင်ဝင်း၊ ဦးမြတ်ဆွေ၊ ဦးမြတ်မော်၊ ဦးကျော်ညွန့်၊ ဦးထွန်းဦးတို့၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။

ရုပ်အလောင်းကို ရန်ကုန်သို့ သယ်ယူခွင့်မရှိဟု နားလည်ထားကြောင်း ဦးမြတ်ဆွေ၏ သမီးဖြစ်သူက ပြောပြသည်။ 

ဦးထွန်းဦး၏ သားဖြစ်သူ ဦးဝေယံက သင်္ဘောမတော်တဆမှုမှာ မွမ်းမံ၊ စစ်ဆေးမှုများ အားနည်းချက်ကြောင့် ဖြစ်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

“အခုလိုဖြစ်မျိုးအတွက် စိတ်မကောင်းဘူးဗျာ။ အမှန်က ဆိပ်ကမ်းအာဏာပိုင် သင်္ဘောတွေကို သေချာပြုပြင်ထားရမှာ။ အခုက အစထွက်ကတည်းက သေချာမစစ်ခဲ့လို့ ဒီလိုဖြစ်ရတာလို့ ကျွန်တော်တို့တော့ ယူဆတယ်။ သင်္ဘောက မောင်းနေတဲ့ သင်္ဘောမဟုတ်ဘူး။ ရပ်ထားတဲ့သင်္ဘော” ဟု သူက ဆိုသည်။

ရန်ကုန်မှ ဖေဖော်ဝါရီ ၇ ရက်နေ့က ထွက်ခွာသွားသည့် သင်္ဘောမတော်တဆဖြစ်ချိန်က သင်္ဘောပေါ်တွင် ရန်ကုန်မှ လိုက်ပါသွားသည့် ဝန်ထမ်း ၂၄ ဦး၊ ဒေသခံ မီးပြတိုက်ဝန်ထမ်း ၁ ဦးတို့ ရှိနေကြောင်း အာဏာပိုင်တို့က သတင်းထုတ်ပြန်ထားသည်။

၇ ဦးကိုသာ ချက်ချင်း ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်းတို့၏ ပြောဆိုချက်အရ ကျောက်ချရပ်နားစဉ် ရေယာဉ်အတွင်း ရေအလုံးအရင်း ဝင်လာပြီး နာရီဝက်ခန့်အချိန်အတွင်း နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဇီးတောကမ်းခြေနှင့် ၄ မိုင်အကွာရှိ လက်ဖက်ကျွန်းမီးပြတိုက်အနီး မတော်တဆဖြစ်ခဲ့သည့် ဆင်ပြောင်အမည်ရှိ သင်္ဘော၏ သက်တမ်းမှာ နှစ် ၆၀ ရှိပြီဟု သိရသည်။
 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button