စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် မြေပြင်စစ်ကြောင်း ထိုးနေသည့် စစ်တပ်သည် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးလှုပ်ရှားခဲ့သည့် ကျေးရွာများအထိ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဗိုလ်နဂါးနှင့် ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦး စစ်တပ်ထံ ဘက်ပြောင်းခိုလှုံပြီး ရက်ပိုင်းတွင်ပင် စစ်တပ်က ပုလဲမြို့နယ်ကို လေကြောင်းမှ တဆင့် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်များ ၁၂ ကြိမ်ထက်မနည်း ဆင်းသက်ကာ အင်အားဖြည့်၍ မြေပြင်စစ်ကြောင်းများ ထိုးနေခြင်းဖြစ်သည်။
ဗိုလ်နဂါးတပ်များ လှုပ်ရှားခဲ့သော ကျေးရွာဖြစ်သည့် ချင်ပြစ်ရွာတွင် အင်အား ၃၀၀ ကျော်ဖြင့် စစ်တပ်က ရောက်ရှိတပ်စွဲနေပြီး အနီးအနားကျေးရွာများတွင်လည်း အင်အားဆယ်ဂဏန်းဖြင့် တပ်ဖြန့်ထားကြောင်း ဒေသခံများက ပြောသည်။
ပုလဲနယ်ကို ဝင်နေသည့် စစ်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ချင်ပြစ်ကျင်းရွာကို စီးနင်းစဉ်က အင်တာနက်ဆိုင်နှင့် BNRA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး၏ နေအိမ်ကို မီးရှို့ခဲ့ကြောင်း ယင်းမာပင် ဒေသခံတစ်ဦးကလည်း ပြောသည်။
မြေပြင်စစ်ကြောင်းဝင်နေသည်မှာ သီတင်းတစ်ပတ်ကျော်ကြာမြင့်ပြီးနောက် ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်နေ့) နံနက်တွင် ချင်ပြစ်ရွာအနီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့မှုအချို့ရှိကြောင်း ဒေသခံများထံက သိရသည်။
ယခင်က ပုလဲနယ်သို့ စစ်တပ်စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်မှုများရှိသော်လည်း ယခုစစ်ကြောင်းမှာမူ ကွဲပြားပြီး လူထုစည်းရုံးရေးပုံစံ ပိုဆန်ကြောင်း ဒေသခံများထံက သိရသည်။
“ ရွာထဲကို ရောက်သွားရင် ဖော်ဖော်ရွေရွေ ချစ်ချစ်ခင်ခင်နဲ့ပြောဆိုတယ်။ အလှူတွေတွေ့ရင်ဝင်စားတယ်။ သူတို့ ရိုက်တာနှက်တာတွေမရှိဘူး။ အခု ပုလဲနယ်မှာထိုးနေတဲ့စစ်ကြောင်းကတော့ စည်းရုံးရေးပုံစံမျိုးနဲ့ သူတို့ဘက်ကို ပါလာအောင် စည်းရုံးတဲ့ပုံစံမျိုးနဲ့ စစ်ကြောင်းထိုးနေတာ”ဟု အထက်ပါ ပုလဲဒေသခံ ကလည်း ပြောသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်သည် နိုင်ငံအလယ်ပိုင်းနှင့် အခြားဒေသများကို စစ်ကြောင်းထိုးခဲ့စဉ်က ဒေသခံများကို နှိပ်စက်သတ်ဖြတ်မှုများ၊ ရွာမီးရှို့မှုများကို ကျူးလွန်ခဲ့ကြသည်။
ယမန်နှစ်ကုန်နှင့် ယခုနှစ်ဆန်းတွင် စစ်တပ်က ဦးဆောင်သော ရွေးကောက်ပွဲ သုံးပိုင်းအပြီး ပုလဲနယ်ကို စစ်ကြောင်းဝင်ရာတွင် ဒေသခံများ စိုးရိမ်ထိတ်လန့်နေသကဲ့သို့မဟုတ်ဘဲ လူထုကို စည်းရုံးသည့်သဘော လုပ်ဆောင်လာသည်ဟု ဆိုကြသည်။
“ အခု စစ်ကြောင်းက လူထုစည်းရုံးရေးဆင်းတာ သေချာတယ်။ ကြောင်သန်းရွာ စထိုင်ကတည်းက ရွာထဲကနေ ဘယ်မှ မထွက်ကြနဲ့ အေးဆေးနေ။ ဘာမှလည်းမလုပ်ဘူး ကိုယ်လုပ်စရာရှိတာလုပ်နေ၊ ဘယ်မှ မသွားဘဲ ရွာထဲမှာပဲနေဖို့ ပြောတယ်။ ချင်ပြစ်မှာလည်း (ရွာခံ) တော်တော်များများက မထွက်ကြဘူး။ ရှောင်တဲ့လူလည်းရှိတယ်။ အခုက စည်းရုံးရေးကို လုပ်တဲ့သဘောရှိတယ်” ဟု အထက်ပါ ယင်းမာပင် ဒေသခံက ပြောသည်။
ယင်းမာပင်ခရိုင်အတွင်း ကနီ၊ ပုလဲနှင့်ယင်းမာပင် စသောမြို့နယ်များရှိကြသည်။ စစ်တပ်စစ်ကြောင်းရန်နှင့် လေကြောင်းရန်တို့ကို စိုးရိမ်ပြီး ထိုခရိုင်အတွင်းမှ ပိတောက်ကုန်း၊ ချင်ပြစ်၊ ရှောက်ရင်းကုန်း၊ ကြာစီ ၊ မုံသွင် ၊ လှိုင်း၊ နံ့သာကုန်း၊ အင်း၊ သဲကုန်း၊ လက်ပံတန်း၊ ပေါက်သဖ၊ သာစည် စသော ၁၂ ရွာထက် မနည်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြသည်။
ပုလဲနယ်မှာ ဘာတွေဖြစ်ခဲ့လဲ
ဗိုလ်နဂါးဦးဆောင်သည့် BNRA ဂိတ်များကို NUG လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင် ဗိုလ်နဂါးသည် စစ်တပ်ထံ ဘက်ပြောင်းသွားသည်။
ထို့နောက် BNRA ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒုဥက္ကဋ္ဌ ကိုဖြိုးနှင့် စစ်ရေးတာဝန်ခံ ကိုလတ် အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးလည်း ဘက်ပြောင်းလာကြောင်း နောက်ရက်တွင် စစ်တပ်က ထပ်မံ ထုတ်ပြန်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကမူ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်များကို သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ဝင်များအား သတ်ဖြတ်မှု၊ ပကဖ ရဲဘော်များအား နှိပ်စက်ညှဉ်းပန်းမှုအပါအဝင် အမှု ခုနစ်ခုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းရန် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ဖြေရှင်းထားသည်။
အဆိုပါစီးနင်းတိုက်ခိုက်မှုကို NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဟု ဆိုထားသည်။
BNRA တပ်ဖွဲ့ ၏ တပ်မှူးများဖြစ်သည့် သုဘရာဇာ၊ ဒေါင်းညို၊ နိုင်ငံရေးမှူးအပြင် ဆရာတော်တစ်ပါးတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေသည်။
လက်ရှိတွင် BNRA တပ်ဖွဲ့ဝင် ၁၅၀ ခန့် တော်လှန်ရေးအင်အားစုများထံ လက်နက်ချခဲ့ပြီး ပြစ်မှုကျူးလွန် ထားခြင်းမရှိသည့် တပ်ဖွဲ့ဝင်များအား PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ တွင် ဆက်လက် ပါဝင်နိုင်ရန် စီစဉ်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ပုလဲနယ်ဇာတိဖွား ဗိုလ်နဂါးသည် ဒေသတွင်းအနှံ့လှည့်လည်သွားလာဖူးသူဖြစ်သည့်အတွက် စစ်တပ်ထံ ဘက်ပြောင်းမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများအတွက် လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေ ဖြစ်ပြီး လေကြောင်းနှင့် မြေပြင်စစ်ကြောင်းရန် သတိပြုရန်တပ်လှန့်ထားကြောင်း ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများက ဆိုကြသည်။



