
ရန်ကုန် – ရှေ့နေဦးကိုနီကို ရန်ကုန်လေဆိပ်တွင် လုပ်ကြံခဲ့သည့် ဦးကြည်လင်းနှင့် ဘုရားခိုးဂိုဏ်းတွင် လက်တွဲလုပ်ကိုင်ဖူးသူတစ်ဦးက ရန်ကုန်မြို့လယ်တွင် လုပ်ကြံသတ်ဖြတ်မှုတစ်ခု တာဝန်ယူပေးရန် ယမန်နှစ်က ကမ်းလှမ်းခဲ့ကြောင်း အကျဉ်းသားဟောင်းတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကမ်းလှမ်းမှုကို သူက ငြင်းပယ်လိုက်ပြီးနောက်ပိုင်း ဦးကြည်လင်းက တာဝန်ကို လက်ခံကာ အမှုကျူးလွန်လိုက်သည်ဟု ယူဆကြောင်း ထုတ်ဖော်ပြောဆိုသူမှာ ရန်ကုန် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်တွင် နေထိုင်သော ၅၁ နှစ်အရွယ် ဦးအောင်စိုးဖြစ်သည်။
သူသည် ၂ဝဝ၉၊ ၂ဝ၁ဝ ပြည့်နှစ်တို့တွင် မန္တလေးအိုးဘိုထောင် အဆောင်အမှတ် (၃) တွင် ရှိနေစဉ် ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့နှင့် ဆုံတွေ့ခဲ့သူဖြစ်သည်။
ဦးကြည်လင်း၊ ဦးအောင်ဝင်းဇော်တို့မှာ ဘုရားခိုးမှုဖြင့် နှစ်ရှည်ထောင်ကျနေသူ အမှုတွဲများဖြစ်ကြောင်း ဦးအောင်စိုးက ပြောကြားပြီး၊ ထိုအချိန်က အိုးဘိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်ခဲ့သူ အကျဉ်းဦးစီးတာဝန်ရှိသူတစ်ဦးနှင့် နှစ်ရှည်ထောင်ကျခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဘိုဘို ခေါ် စမ်းချောင်းဘိုဘိုကလည်း ထိုအချက်ကို အတည်ပြုပြောဆိုသည်။
၄င်းတို့ ၃ ဦးလုံးသည် ၂ဝ၁၄ ဇန်နဝါရီတွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ကြသည်။
၂ဝ၁၆ ဇွန်လတွင် ဦးအောင်ဝင်းဇော်က ဦးအောင်စိုးနေထိုင်ရာ အင်းစိန်မြို့နယ်သို့ ခဲရောင် ပါဂျဲရိုးကားဖြင့် ရောက်ရှိလာပြီး လူသတ်ရမည့်အလုပ်ရှိကြောင်း၊ လူမျိုးခြား ဘာသာခြား နိုင်ငံခြားသံတမန်တစ်ဦးကို နေ့ခင်းကြောင်တောင် မြို့လယ်ကောင်တွင် ပစ်သတ်ရမည့် အလုပ်ဖြစ်ကြောင်း၊ အလုပ်အောင်မြင်လျှင် အားလုံးအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအောင်စိုးက ဆိုသည်။
“ကိုယ့်နိုင်ငံအတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဘာသာအတွက် အကျိုးရှိမယ်၊ ခင်ဗျား ငွေကြေးလည်း ထိုက်ထိုက်တန်တန်ရမယ်။ ဘယ်လောက်ရမှာလဲလို့ မေးလိုက်တော့ ကျွန်တော့်ကို ခင်ဗျား ဘယ်လောက်လိုချင်လဲ၊ လောလောဆယ် (သိန်း) ၃ဝဝ ပါတယ်၊ ခင်ဗျား ၅ဝဝ ယူမလား၊ ၁,ဝဝဝ ယူမလား မေးတယ်” ဟု ဦးအောင်စိုးက Myanmar Now နှင့် ဇန်နဝါရီ ၃၁ ရက်နေ့က အင်းစိန်မြို့နယ်ရှိ သူ၏အိမ်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
အလုပ်လက်ခံပါက သေနတ်ပစ်လေ့ကျင့်ရန် တောတွင်းသို့ ချက်ချင်းလိုက်ရမည်၊ လုပ်ကြံမှုပြုလုပ်သည့်အခါ ဦးအောင်ဝင်းဇော်ကိုယ်တိုင် ကား သို့မဟုတ် ဆိုင်ကယ်ဖြင့် စောင့်ပြီး သူ့အား ခေါ်ယူထွက်ပြေးမည်၊ ကျူးလွန်မှု အထမြောက်ပြီးသည်နှင့် ကရင်ပြည်နယ်ရှိ DKBA တပ်များလှုပ်ရှားရာ နယ်မြေဘက်သို့ တိမ်းရှောင်ရမည်ဟု သူ့အား ပြောဆိုခဲ့ကြောင်း ဦးအောင်စိုးက ရှင်းပြသည်။
ဦးအောင်စိုးက ဒုစရိုက်အမှောင်လောကကို ပြန်မသွားလိုတော့ကြောင်း၊ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်ပြီး မိသားစုနှင့်အတူ နေထိုင်လျက်ရှိနေကြောင်း ပြောဆိုပြီး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။
ထိုအလုပ်ကို သူ့အား လာရောက်အပ်နှံခြင်းမှာ သူသည် ယခင်က တပ်ထဲသို့ နှစ်နှစ်ခန့် ဝင်ရောက်ဖူးပြီး သေနတ်ပစ်တတ်ခြင်း၊ အကျဉ်းထောင်အတွင်း နေထိုင်စဉ် အခြားသော ရာဇဝတ်အကျဉ်းသားအများအပြားကဲ့သို့ အကျဉ်းဦးစီးဝန်ထမ်းတို့ကို ကျွန်သာသာ ရိုကျိုး၍ နေသူမဟုတ်ဘဲ သဘောထားတင်းတင်းမာဖြင့် နေတတ်သူဖြစ်သောကြောင့်ဟု ယူဆကြောင်း ဦးအောင်စိုးက ပြောသည်။ ဦးအောင်စိုးမှာ အရပ် ၆ ပေခန့်ရှိပြီး၊ ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ရှိ၍ ထောင်တွင်းလူဆိုးများ အချင်းချင်းကြားပင် ကြောက်ရွံ့ရသူဖြစ်သည်ဟု အကျဉ်းသားဟောင်းတချို့က ပြောဆိုသည်။
ယခုအချိန်တွင် အသက် ၄၈ နှင့် ၅ဝ ကြားရှိမည်ဟု ယူဆရသည့် ဦးအောင်ဝင်းဇော်မှာ တပ်မတော်အရာရှိငယ်ဘဝတွင် ပြစ်ချက်ဖြင့် ထုတ်ပယ်ခံရဖူးပြီး နောက်ပိုင်းတွင် ဘုရားခိုးဂိုဏ်းတချို့နှင့် ပေါင်းပြီး စီးပွားရှာရင်း ထောင်ကျခဲ့သူဖြစ်ကြောင်း ဦးအောင်စိုး၏ ပြောဆိုချက်အရ သိရသည်။
“သူ့ကို ဘာလုပ်နေလဲလို့ ကျွန်တော်က မေးတော့ သူက သူ့ကို တိုက်ခန်းပေးထားတယ်၊ ကားပေးထားတယ်၊ လက်ရှိ ဒီအလုပ်တွေ လုပ်ရတယ် (လို့ ဖြေတယ်)” ဟု ဦးအောင်စိုးက ပြောသည်။
အိုးဘိုထောင်တွင် အတူရှိစဉ် ဦးအောင်ဝင်းဇော်သည် သူ၏အမှုတွဲ ဦးကြည်လင်းနှင့် နီးနီးကပ်ကပ်ဆက်ဆံကြောင်း၊ ၄င်းတို့နှစ်ဦးလုံးသည် ငွေရလျှင် ဘာမဆိုလုပ်မည့် လူစားများဖြစ်ကြောင်း ဦးအောင်စိုးက ဆိုသည်။
ထောင်တွင်းကာလတွင် ဦးကြည်လင်းသည် အေးဆေးတည်ငြိမ်စွာ ပြောဆိုနေထိုင်တတ်ပြီး၊ သူ့ကိုထိလျှင် ပြန်လည်တုံ့ပြန်ရန် အသင့်ရှိသည့် အနေအထား တွေ့ခဲ့ရကြောင်းလည်း သူက ဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရန်ကုန်လေဆိပ်ရှေ့တွင် ဖမ်းဆီးရမိသည့် ဦးကြည်လင်း၏ ဓာတ်ပုံကို ဖေ့ဘုတ်လူမှုကွန်ရက်တွင် တွေ့ရှိခဲ့ပြီးနောက် သူ့ကို လာရောက်ကမ်းလှမ်းခဲ့သော အလုပ်မှာ ဦးကိုနီကို သတ်ရန်ဖြစ်သည်ဟု ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ဦးအောင်စိုးက ဆိုသည်။
“သူတို့နှစ်ယောက်လုံးက ထောင်ထဲမှာတုန်းကတည်းက စိတ်တူကိုယ်တူတွေ။ အတူတူစားတယ်။ အတူတူအိပ်တယ်။ နှစ်ယောက်လုံးက ငွေရရင် ဘာမဆို ဂရုမစိုက်ဘူး၊ သူတို့က တွဲဖက်ညီတယ်။ ကျွန်တော် မှားသွားရင်တော့ မတတ်နိုင်ဘူး။ ဒါပေမယ့် ကြည်လင်းမျက်နှာကို မြင်လိုက်ကတည်းက သူတို့ အတူလုပ်ကြတယ်လို့ ပြောနိုင်တယ်။ သူတို့တွေ သူငယ်ချင်း အရင်းရင်းခေါက်တွေ” ဟု ဦးအောင်စိုးက ပြောဆိုသည်။
လုပ်ကြံမှုကျူးလွန်ရန် ကမ်းလှမ်းခံရသည်ဟူသော ဦးအောင်စိုးပြောဆိုချက် မှန်ကန်မှုရှိမရှိကို Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး အစ္စလာမ်ဘာသာဝင် ရှေ့နေဦးကိုနီ လုပ်ကြံခံရခြင်းသည် ပုဂ္ဂိုလ်ရေးအငြိုးအတေးလော၊ ဘာသာရေးလူမျိုးရေးကို အကြောင်းခံသည်လော သို့တည်းမဟုတ် နိုင်ငံရေးအရလုပ်ကြံခြင်းဖြစ်သည်လောဆိုသည်ကို ယခုအချိန်ထိ ရှင်းလင်းမှု မရှိသေးပေ။ ဇန်နဝါရီ ၃ဝ ရက်က ထုတ်ပြန်သော နိုင်ငံတော်သမ္မတရုံးကြေညာချက်တွင်မူ ယခုလုပ်ကြံမှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လုပ်ဆောင်မှုဖြစ်သည်ဟု ရေးသားထားသည်။
ဦးအောင်စိုးက သူ့အနေဖြင့် ယခုကဲ့သို့ တရားဝင်ထုတ်ဖော်ပြောဆိုမှုများကြောင့် အသက်အန္တရာယ်ကျရောက်နိုင်သည်ကို သဘောပေါက်သော်လည်း အကျဉ်းထောင်အတွင်းတွင် အသက်ဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသောကြောင့် အလွန်အမင်းစိုးရိမ်စိတ်များ မရှိတော့ကြောင်း၊ ယခုအမှုနှင့် ပတ်သက်၍ နောက်ကွယ်မှ ခိုင်းစေသူများကို ဖော်ထုတ်နိုင်စေလိုသောကြောင့် ထုတ်ဖော်ပြောဆိုရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဦးအောင်စိုးသည် လုယက်မှုများ ကျူးလွန်မှုဖြင့် ၁၉၉၆ တွင် ထောင်ဒဏ် ၅၈ နှစ် ချမှတ်ခံရပြီး၊ ၂ဝ၁၄ ဇန်နဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သည်။ ဘုရားခိုးမှုဖြင့် ၂ဝဝ၃ ခုနှစ်မှစ၍ ထောင်ဒဏ် အနှစ် ၂ဝ ကျနေသော ဦးကြည်လင်းသည်လည်း ထိုနေ့တွင်ပင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်မှ လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လွတ်မြောက်ပြီးနောက် အကျဉ်းထောင်များ၊ ရဲဘက်စခန်းများတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးပြသည့်အနေဖြင့် “အုတ်ရိုးအတွင်း သံဆူးကြိုးဝင်းမှ လူဆိုးများ” ဟူသော စာအုပ်ကို အင်းစိန်အောင်စိုး ကလောင်အမည်ဖြင့် ရေးသားထုတ်ဝေခဲ့သည်။
ထို့ပြင် သူသည် အားလပ်ချိန်များတွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမေ့အိမ်ပညာဒါနစာသင်ကျောင်းတွင် ကလေးငယ်များကို ဆံပင် အခမဲ့ညှပ်ပေးခြင်း၊ သူ၏ ဘဝအတွေ့အကြုံပေါ် အခြေခံပြီး ပညာပေးဟောပြောခြင်းတို့ဖြင့် လုပ်အားပေးလျက်ရှိသည်။ ။