
မြင်းခြံ၊ တောင်သာ – မိုးနည်းရေရှားရပ်ဝန်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်က တောင်သူ တစ်ယောက်ဖြစ်တဲ့ ကိုမောင်နိုင်က သူ့ရွာမှာ စိုက်ပျိုးလို့မရတဲ့ ဟင်းသီးဟင်းရွက် ဝယ်ယူ စားသုံးဖို့အတွက် ဆိုရင် စျေးရှိတဲ့ အိမ်နီးချင်းရွာဘက်ကို သွားခဲ့ရပါတယ်။ ဒါမှမဟုတ် ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချတဲ့ စျေးသည် သူတို့ ရွှေဘုံသာရွာကို ရောက်လာချိန်အထိ စောင့်ခဲ့ရပါတယ်။
အခုတော့ အဲဒီလိုလုပ်စရာ မလိုတော့ပါဘူး။ အကူအညီပေးရေးအဖွဲ့တစ်ခုကနေ ရတဲ့ နည်းလမ်းကို သုံးပြီး ပေ ၁ဝဝ ပတ်လည်ဝန်းကျင်ရှိတဲ့ သူ့အိမ်ဝိုင်းထဲက ရေသန့်ဘူးအခြေပြုစိုက်ခင်းထဲမှာ ကန်စွန်းရွက်၊ ပူဒီနာ၊ ဆလပ််ရွက်၊ နံနံပင် အပါအဝင် ဟင်းရွက်မျိုးစုံကို စိုက်ထားပါပြီ။
“အိမ်နောက်ဖေးမှာ စျေးဆိုင်တည်ပါ ဆိုတဲ့ စကားပုံအတိုင်း ကျွန်တော်တို့ လုပ်လာနိုင်ပြီ”လို့ ကိုမောင်နိုင်က သူ့အပင်တွေကို ကြည့်ရင်း ပြောလိုက်ပါတယ်။
“ရောင်းတန်း ဟင်းသီးဟင်းရွက်တွေက ဓာတ်မြေသြဇာတွေနဲ့ စိုက်ထားချင် ထားမှာပေါ့။ အခုလို ကျွန်တော်တို့ဘာသာ စိုက်ရတော့ ဘာဓာတ်မြေသြဇာမှ မပါသလို လတ်လည်း လတ်ဆတ်တယ်”
ကိုမောင်နိုင်တို့ ကျေးရွာမှာ အသုံးပြုနေတဲ့ စနစ်က ရေစက်ချစိုက်ပျိုးရေးနည်းစနစ်ပါ။ ဒါက ရေအနည်းငယ်သာ လိုအပ်တဲ့ မိုးခေါင်ရေရှားဒေသမှာ နေထိုင်တဲ့ သူတို့အတွက် အလွန် အဆင်ပြေနေပါပြီ။ ကိုယ့်အိမ်ဝန်းကျင်မှာ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်ကိုပဲ စားသုံးတဲ့အတွက် အိမ်ရဲ့ ကုန်ကျစရိတ် အင်မတန် သက်သာလာပါပြီ။ တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရာကနေ စီးပွားဖြစ်လုပ်ကိုင်ဖို့အတွက်ပဲ နည်းလမ်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
ရေအစက်ချစိုက်နည်းစနစ်
ကိုမောင်နိုင်ခြံထဲက ရေစက်ချစိုက်နည်းအတွက် ဖင်ဖောက်ပြီး အတန်းလိုက် ဆက်ထားတဲ့ ရေသန့် ပုလင်းခွံတန်းကို စင်ထိုးပါတယ်။ ပုလင်းဘေးမှာ အပေါက်ဖောက်ထားတာကတော့ မြေဆွေးထည့်ပြီး အပင် စိုက်နိုင်ဖို့ အတွက်ပါ။
မြေဆွေး၊ မီးကျွမ်းရုံတင်လေး ရှို့ထားတဲ့ စပါးခွံတို့ကို ရောစပ်အသုံးပြုတာကြောင့် ရေစိမ့်လွယ်ပါတယ်။ ပုလင်းတွေထဲ ရေဝပ်မနေစေဖို့လည်း စိုက်ခင်းစင်ကို တစ်ဖက်စောင်းထားပါတယ်။
လူတစ်ရပ်ခန့်အမြင့်ရှိတဲ့စင်ပေါ်မှာတော့ ရေတိုင်ကီအသေးလေး တွေ့ရပါတယ်။ တိုင်ကီနဲ့ စိုက်ခင်းစင်ကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတစ်လျှောက် ဖောက်ထားတဲ့အပေါက်တွေကနေ ရေစက်ကျတဲ့အတွက် အပင်တွေ ရေရှိပါတယ်။
ပုလင်းခွံအသီးသီးကနေ ရေပိုလျှံလို့ စိမ့်ထွက်ကျလာတာကို စိုက်ခင်း အောက်ခြေမှာ ပုံးခံပြီး ပြန်စုထားပါတယ်။ ဒီရေကိုပဲ စင်ပေါ်ကတိုင်ကီထဲ ပြန်ဖြည့်ကြတာပါ။
ဒီလိုစိုက်ခင်းမျိုးကို ၂ဝ၁၅ ခုနှစ်ကစပြီး မန္တလေးတိုင်းဒေသကြီးထဲက မြင်းခြံနဲ့တောင်သာ နှစ်မြို့နယ်မှာ Terre des hommes Italia (TDH Italia) အဖွဲ့က မိတ်ဆက်ပေးခဲ့တာပါ။ ဒါဟာ ကုလသမဂ္ဂက ကြီးကြပ်တဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေရဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ပုလင်းခွံစိုက်ခင်းအပြင် မြေစိုက် စိုက်ခင်းတွေလည်း ဒီရွာမှာ ရှိပါတယ်။ မြေစိုက်ခြံကတော့ မြေကိုဆွပြီး မီးကျွမ်းရုံလုပ်ထားတဲ့ စပါးခွံနဲ့ရောသမကာ သီးပင်စားပင်တွေကို အတန်းလိုက် စိုက်ပျိုးရပါတယ်။ ရေကိုပိုက်နဲ့ သွယ်တန်းကာ အပင်ရဲ့အောက်ခြေကို တစ်စက်ချင်းစီချပေးတဲ့ နည်းနဲ့ စိုက်ရတာပါ။ အပင်ရဲ့ အာဟာရအတွက် နိုက်ထရိုဖော်စကာကို တစ်ပတ်တစ်ကြိမ် အနည်းငယ်ထည့်ပေးရတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၉ဝ ကျော်ရှိတဲ့ ကိုမောင်နိုင်တို့ ရွှေဘုံသာရွာမှာ ရေသန့်ဘူးနဲ့စိုက်တဲ့ ၁၂ စင်၊ မြေပေါ်မှာ တိုက်ရိုက် စိုက်ပျိုးတာ၂၂ ခြံ ရှိပါတယ်။ ရွာမှာနေကြတဲ့သူ အချို့ဟာ ပဲစိုက်ခင်း အနည်းငယ်သာ ပိုင်ဆိုင်ကြပြီး တချို့ကတော့ ယာစိုက်ရာသီမှာ အငှားလုပ်သား လုပ်လိုက်၊ ကျန်တဲ့ အချိန်မှာ ရွာကနေ ၃ မိုင်လောက်ဝေးတဲ့ နေရာကိုသွားပြီး ထင်းခုတ်၊ မီးသွေးဖုတ်ရောင်းကြတဲ့အလုပ်တွေ လုပ်ကိုင်ကြတဲ့သူတွေပါ။
တောင်သာမြို့နယ်ထဲက အိမ်ခြေ ၂ဝဝ ဝန်းကျင်ရှိတဲ့ ကန်ကြီးကျေးရွာမှာ ရေသန့်ဘူးသုံးစိုက်ခင်း ၁၁ ခု၊ မြေစိုက်ခြံ ၉ ခု ရှိပါတယ်။ TDH အဖွဲ့က ရေသန့်ဘူးစင်တွေမှာ အရွက်စားအပင်၊ မြေစိုက်ခြံတွေမှာ အသီးစားအပင် စိုက်ပျိုးဖို့ အကြံပေးကြောင်း ဒေသခံ ကိုမြင့်ဇော်က ပြောပါတယ်။
“ရေသန့်ဘူးစင်နဲ့စိုက်တာကတော့ ကိုက်လန်၊ မုန်ညင်း၊ ကန်စွန်း စတဲ့ အရွက်ကိုပဲစားရတယ်။ မြေစိုက်ခြံကြတော့ ခရမ်း၊ ရုံးပတီတို့လို အသီးကို စားရတယ်။ အရင်တုန်းက သူများတွေ ရွာထဲကိုလာရောင်းမှ စားရတာကို အခုတော့ ကိုယ့်ဘာသာ အလွယ်တကူ ခူးစားလို့ရတာကတော့ အကျိုးကျေးဇူးတစ်ခုလို့ ကျွန်တော်ထင်တယ်” လို့ သူက ဆိုပါတယ်။
မြေစိုက်ခြံတွေထဲမှာ သမားရိုးကျရေဖျန်းစိုက်ပျိုးမယ်ဆိုရင် အကျယ် ၁ဝ ပေ၊ အနံ ၆ ပေဝန်းကျင်ရှိတဲ့ စိုက်ခင်းကို တစ်နေ့မှာ ရေတစ်ပီပါကုန်မယ်၊ ရေအစက်ချစိုက်ပျိုးနည်းနဲ့ဆိုရင် ပီပါဝက် သက်သာတယ် လို့ ကိုမြင့်ဇော်က ဆိုပါတယ်။
နည်းပါးနေတဲ့ ရေအား၊ လူအား
မြင်းခြံမြို့နယ်၊ သိမ်းကုန်းကျေးရွာမှာနေတဲ့ ကိုသိန်းတန်က ရေသန့်ဘူး စင်ထိုးစိုက်ခြံငယ်တစ်ခုဟာ အိမ်စားဖို့ လုံလောက်တဲ့အပြင် ပိုလျှံတဲ့အတွက် ပြန်ရောင်းချမယ်ဆို ရင် တစ်နေ့ကို ဝင်ငွေ ကျပ် ၅ဝဝ လောက်တော့ ရှိတယ်လို့ ပြောပါတယ်။ မြေစိုက်ခြံရဲ့ ဝင်ငွေကလည်း အသီးသီးချိန်မှာ အထက်ပါ ပမာဏထက် မနည်းပါဘူး။
မြေစိုက် စိုက်ခင်းတစ်ခုကို အရင်းအနှီး ကျပ်တစ်သိန်းကျော်၊ ရေသန့်ဘူးစိုက်စင်တစ်ခုကို တစ်သိန်း နီးပါး ကုန်ကျတာကြောင့် ဒီငွေပမာဏဟာ ဒေသခံအများအပြားအတွက် ရင်းနှီးမြှုပ်နှံဖို့ အဟန့်အတား ဖြစ်စေတယ်လို့ ကိုသိန်းတန်က ဆက်ပြောပြပါတယ်။
မြေယာနည်းတဲ့ တောင်သူတွေ၊ မြေယာမဲ့ တောင်သူတွေကို အဓိကဦးတည်ပြီး အိမ်တွင်း စားသုံးဖို့ အာဟာရပြည့်ဝတဲ့ စားပင်၊ သီးပင်တွေကို စိုက်ပျိုးရေအသုံးပြုမှု သက်သာစေတဲ့ ရေအစက်ချစိုက်ပျိုး နည်းပညာကို မြင်းခြံ၊ တောင်သာမြို့နယ်တို့မှာ ကျေးရွာ ၂၂ ခုမှာ TDH ရဲ့ စီမံကိန်း ရောက်နေပါပြီ။
၂ဝ၁၅ အောက်တိုဘာမှာ TDH ဝန်ထမ်းတွေရဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လုပ်ငန်းလုပ်ဆောင်နေတဲ့ နှစ်မြို့နယ်မှာ ဟင်းသီးဟင်းရွက်စားသုံးမှု ၂၃ ရာခိုင်နှုန်းတိုးတက်လာကြောင်း သိရပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၉၃၄ ခုဟာ မြေမဲ့စိုက်ပျိုးနည်း၊ အိမ်ထောင်စု ၅ဝ၄ ခု ရေအစက်ချစိုက်နည်းကို စတင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ LIFT အဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
နွေရာသီမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ၄၊ ၅ မျိုးကို နေ့စဉ်စားသုံးရပြီး အသက် ၅ နှစ်အောက် ကလေး ငယ်တွေဟာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို နွေရာသီအပါအဝင် တစ်လကို ၁ဝ ကြိမ်မှ အကြိမ် ၃ဝ အထိ စားသုံးရတယ်၊ အိမ်ထောင်စုတစ်စုက လစဉ်ထုတ်လုပ်လိုက်တဲ့ ဟင်းသီးဟင်းရွက်ရဲ့ ပျမ်းမျှတန်ဖိုးဟာ ကျပ် ၂,ဝဝဝ ကနေ ၁၄,ဝဝဝ အထိ ရှိတယ်လို့ ၎င်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စီးပွားဖြစ် စိုက်ခင်းအဖြစ် အကောင်အထည် ဖော်ဖို့ရာမှာတော့ ရေရရှိမှုအခြေအနေက အဓိက စိန်ခေါ်မှုကြီးအဖြစ် ရှိနေဆဲဖြစ်နေပြန်ပါတယ်။

မိုးရေကနေ စုဆောင်းထားတဲ့သောက်သုံးရေကန်ဟာ မိုးများတဲ့နှစ် ဆိုရင် တစ်နှစ်ပတ်လုံးသုံးစွဲဖို့ လောက်ငနိုင်တယ်ဆိုပေမယ့် ခုလို အစက်ချ စိုက်ခင်းတွေကို တစ်ရွာလုံး အိမ်တိုင်း စိုက်ပျိုးမယ်ဆိုရင် ရေပြတ်လပ်မှုကို မလွဲမသွေ တွေ့လာမယ်လို့ ကိုမောင်နိုင်က ယူဆပါတယ်။
TDH အဖွဲ့ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဒေါ်ခင်မာဦးက မိုးခေါင်ရေရှားဒေသ စိမ်းလန်းစိုပြည်ရေးအတွက် ယခင်ကတည်းက ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသီးဟာ လာရောက်လုပ်ကိုင်ကြပေမယ့် တချို့ဒေသတွေမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်မှုအားနည်းတာကို လေ့လာတွေ့ရှိရတယ်လို့ သုံးသပ်ပါတယ်။
စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေတဲ့ကာလမှာ ဒေသခံတွေ အကျိုးခံစားရပေမယ့် အဲ့ဒီစီမံကိန်း ပြီးဆုံးသွားတဲ့နောက်မှာ ထပ်မံပံ့ပိုးကူညီမှုတွေ အဆက်ပြတ်သွားတတ်တဲ့အတွက် ဒေသခံတွေမှာ ယခင်ကအခြေအနေကို ပြန်ရောက်သွားတာကို တွေ့ရတယ်လို့ သူက ပြောပြပါတယ်။
“အစိုးရတစ်ခုတည်းရဲ့တာဝန်ရှိတာမဟုတ်ဘူး။ လူတိုင်းမှာ တာဝန်ရှိတယ်။ အစိုးရ၊ INGO NGO အားလုံးက ချိတ်ဆက်မှု အားကောင်းဖို့လိုမယ်။ နောက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ်။ အဲ့ဒီလို တွေ့ဆုံ ဆွေးနွေးနေမယ် ဆိုရင် ဘယ်သူက ဘာလုပ်နေတယ်ကို တစ်ပြိုင်တည်းသိမယ်။ ဒါမျိုးတွေ မဖြစ်အောင် ရေရှည်စီမံချက်တွေ လိုတယ်။ အကုန်လုံးချိတ်ဆက်ပြီးမလုပ်ရင် ဘယ်လောက်ပဲနှစ်တွေ ကြာကြာ နဂိုအတိုင်း ပြန်ဖြစ်သွားတာပေါ့။ အကုန်လုံး ချိတ်ဆက်ပြီး ပြောင်းလဲအောင်လုပ်ဖို့လိုတယ်လို့ ကျွန်မ မြင်တယ်” လို့ ဒေါ်ခင်မာဦးက သုံးသပ်တယ်။
TDH အဖွဲ့က ကမကထပြုထားပေးတဲ့ နမူနာစိုက်ခင်းတွေဟာ မိသားစုထမင်းဝိုင်းအတွက်ပဲဖြစ်တယ်၊ ဒီစိုက်ခင်းတွေကို ကြည့်ပြီး စိတ်အားထက်ထက်သန်သန် လုပ်ကိုင်မယ့်သူတွေ ပေါ်လာမယ်လို့ ဒေါ်ခင်မာဦးက မျှော်လင့်ပါတယ်။
“ကျွန်မတို့ စီမံချက်ရှိတဲ့ တောင်သာမြို့နယ်က အေးရွာ ဆိုတဲ့ရွာက ဒေသခံတစ်ဦးက ခြံ ၅ ခြံ လောက်ကို တိုးချဲ့ပြီး စျေးကွက်အထိ ထိုးဖောက်နိုင်သေးတယ်။ သူတို့ ဆက်လုပ်ဖို့ ဆိုတာ သူတို့ရဲ့ စိတ်ဝင်စားမှုပေါ်လည်း မူတည်တယ်” လို့ ဒေါ်ခင်မာဦးက ပြောပါတယ်။
သင့်လျော်တဲ့ စိုက်ပျိုးရေ ရရှိဖို့ အခက်အခဲဖြစ်နေတာကိုလည်း သူတို့အဖွဲ့က သဘောပေါက်တယ်လို့ ဆိုပါတယ်။
“ ဒီဒေသ တော်တော်များများက ရေကို အချဉ်နဲ့ အငန်ဓာတ် တိုင်းကြည့်လိုက်ရင် လိုအပ်တာထက် တော်တော် များနေတာကို တွေ့ရတယ်။ ရေကောင်းမှ ဒီလိုစိုက်ခင်းတွေက စိုက်လို့ရမှာ” လို့ ဒေါ်ခင်မာဦးက ရှင်းပြပါတယ်။
နောက်ထပ် အခက်အခဲတစ်ခုကတော့ အလုပ်လုပ်မယ့် လူငယ်အင်အားစု ရှားပါးလာမှုပါ။ မြို့ပြကို၊ သို့မဟုတ် နိုင်ငံခြားကို ရွှေ့ပြောင်း သွားရောက် လုပ်ကိုင်သူတွေများလာပါပြီ။
မြင်းခြံဒေသခံ ကိုမောင်နိုင်ကတော့ သူတို့ရွှေဘုံသာရွာမှာ လူဦးရေ ၉ဝဝ ကျော်လောက်ရှိရာကနေ လူငယ် ၃ဝဝ နီးပါး ဟာ မြို့ပြကို သွားကုန်ပြီလို့ ခန့်မှန်းပါတယ်။ သွားကြတဲ့ထဲမှာ သူ့ရဲ့ သားသမီးသုံးယောက်စလုံးလည်း ပါဝင်နေတာပါ။
မိသားစုထမင်းဝိုင်းအတွက်ပဲ စိုက်ပျိုးတဲ့အနေအထားကနေ စီးပွားဖြစ်စိုက်ပျိုးကြမယ်၊ ရေကောင်းရေသန့် ရရှိမယ်ဆိုရင် ဒေသခံတွေ အကျိုးများလာမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“အဓိကက စီးပွားဖြစ်စိုက်ပျိုးရေးလုပ်ကိုင်နိုင်တဲ့အထိ ရေကောင်းရေသန့်ကိုရအောင် ပံ့ပိုးကူညီပေးဖို့ပဲ။ တကယ်သာစီးပွားဖြစ်စေလောက်တဲ့ စိုက်ပျိုးရေးကဏ္ဍ ဖြစ်လာရင် ထွက်သွားသူတွေ ကိုယ့်မိသားစုနဲ့ အတူတူနေရင်း ဒီစိုက်ပျိုးရေးကို လာပြန်လုပ်ကြမှာပဲ” လို့ ကိုမောင်နိုင်က ဆိုပါတယ်။