
ရန်ကုန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က နှစ် ၂၀ ကျော် ကိုယ်ကျိုးသုံးစွဲခဲ့သော Music Zone ကေတီဗီရှိရာ နိုင်ငံပိုင်မြေကို ပြန်အပ်ရမည်ဖြစ်သော်လည်း မူလအတိုင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။
သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်းနှင့် သရက်တောလမ်းထောင့်ရှိ Music Zone ရှိရာ မြေနေရာတွင် ပြည်ခိုင်ဖြိုးပါတီက ကျပ်သိန်း ၂၀၀၀ ကျော် အကျိုးအမြတ်ရယူခဲ့ကြောင်း ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်တွင် ပေါ်ပေါက်ခဲ့၍ ထိုမြေကို နိုင်ငံပိုင်အဖြစ် ၂၀၂၀ ဒီဇင်ဘာအတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်သိမ်းယူခဲ့ပြီးဖြစ်သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲခွင့်ရှိသည့် နိုင်ငံပိုင်မြေနေရာကို ၁၉၉၆ ခုနှစ်တွင် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရန် ရည်ရွယ်ချက်ဖြင့် မြေအသုံးချခွင့်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂလိကလုပ်ငန်းရှင်များထံ တစ်ဆင့်ပြန်လည်အငှားချထားခြင်းဖြင့် ကျပ်သိန်းပေါင်းများစွာ ရရှိခဲ့သည်။
Music Zone လုပ်ငန်းရှင်ကို ၂၀၄၂ အထိ အငှားချထားခဲ့ခြင်း ဖြစ်သည်။
၂၀၂၀ စက်တင်ဘာလဆန်းပိုင်းတွင် ကိုဗစ်နိုင်တင်းဆိုင်ရာ စည်းကမ်းများဖောက်ဖျက်ကာ ဖွင့်လှစ်ခဲ့သော အဆိုပါ ကေတီဗီတွင် လုပ်ကိုင်သူ၊ ဧည့်သည်တို့ကို စစ်ဆေးရာ လူ ၉၀ ဝန်းကျင်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့ရာမှ ယင်းသို့ အခွန်မဆောင်ဘဲ နိုင်ငံပိုင်မြေအလွဲသုံးစားမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယင်းမြေပေါ်ရှိ အဆောက်အအုံများ၊ လုပ်ငန်းများကို ဖယ်ရှား၍ နိုင်ငံပိုင်ပြန်အပ်ရန် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်း၌ ဆိုင်ပိုင်ရှင်နှင့် ပြည်ခိုင်ဖြိုးပါတီထံ ညွှန်ကြားစာထုတ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက Myanmar Now ကို ပြောသည်။
“နောက်ဆုံးအခြေအနေက သူတို့က အဲ့ဒီ(Music Zone မြေနေရာ) အဆောက်အအုံပြန်အပ်ဖို့ စာထုတ်ထားပါတယ်။ အဲ့ဒီအခြေအနေပဲ သိပါတယ်”ဟု အထက်ပါအရာရှိက ပြောသည်။
လက်ရှိတွင် ဆိုင်ဖွင့်လှစ်နေခြင်းကိုမူ မသိရှိဟု သူက ဆိုသည်။
စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်း တွဲဖွင့်ထားသော Music Zone ကေတီဗီကို စစ်အာဏာသိမ်းပြီး သုံးလအကြာ မေ ၁၁ တွင် ပြန်ဖွင့်လှစ်ရန် ပြင်ဆင်နေခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
ထို့နောက် ဇွန်လဆန်းပိုင်းမှစ၍ လုံခြုံရေးဝန်ထမ်း ၃ ဦးအပါအဝင် ဝန်ထမ်း ၅၀ ခန့်ဖြင့် လုပ်ငန်း ပြန်လည်လည်ပတ်နေကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်း မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံသူနှင့် သေဆုံးမှုနှုန်း လတ်တလော မြင့်တက်နေသော်လည်း ၎င်းဆိုင်သည် ဖွင့်လှစ်နေဆဲဖြစ်ပြီး ကိုဗစ်နိုင်တင်း (Covid 19) အကာအကွယ်များလည်း ပြည့်စုံစွာ မထားရှိကြောင်း ဇွန်လလယ်ပိုင်းက အဆိုပါဆိုင်၌ စားသောက်ခဲ့သူတစ်ဦးက ပြောသည်။
ထို့အတူ ဇွန်လ ၂၀ ရက်နေ့က ယင်းဆိုင်၌ စားသောက်ခဲ့သူတစ်ဦးကလည်း Music Zone စားသောက်ဆိုင်လုပ်ငန်းနှင့် လူအဝင်အထွက်များသည့် ကေတီဗီဖျော်ဖြေရေးလုပ်ငန်းပါ မူလပုံစံမပျက် ပြန်လည်လုပ်ကိုင်နေသည်ဟု အတည်ပြုသည်။
“စားသောက်ဆိုင်ထိုင်တော့ မေးလိုက်တာ ပြန်ဖွင့်ပြီလားဆိုတော့ ဖွင့်ပြီတဲ့။ (ကေတီဗီဆက်ရှင်) တစ်ချိန်ယူရင် တစ်ချိန်အလကားယူတဲ့။ အဲဒီလိုပြောသွားတယ်”ဟု ၎င်းက ပြောသည်။
သွားရောက်ခဲ့သည့် ဧည့်သည်အများအပြားကလည်း ကေတီဗီ နံနက် ၁၁ နာရီမှ ည ၈ နာရီအထိ ပြန်ဖွင့်နေကြောင်း လူမှုကွန်ရက်တွင် မျှဝေခဲ့ကြပြီး ဖွင့်လှစ်ထားသည်ဟု သိရသည်။
ဆိုင်၏ Facebook စာမျက်နှာတွင်မူ မွန်းတည့် ၁၂ နာရီမှ နောက်တစ်နေ့ နံနက် ၃ နာရီအထိ ဖွင့်လှစ်သည်ဟု ဖော်ပြထားသော်လည်း ဆိုင်ဖွင့်လှစ်နေကြောင်းကို အတိအလင်းကြေညာခြင်း မရှိသေးပေ။
“သူတို့က ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ ပုံစံမျိုးနဲ့လုပ်နေတာ။ အခုက ဖြတ်သွားဖြတ်လာသူတိုင်း အကုန်သိသာနေတာပဲ။ ဘာမှ ခိုးကြောင်ခိုးဝှက်မဟုတ်ဘူး။ လုံခြုံရေးနဲ့ ကားပေါ်ကဆင်းရင် ဧည့်ကြိုနဲ့ အဆင်သင့်ပဲ။ ပေါ်တင်ပဲဗျာ” ဟု ဆိုင်ထိုင်စားသောက်ခဲ့သူတစ်ဦးက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီက ရယူထားဆဲဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်ရှိ အဆိုပါမြေနေရာသည် ကာလတန်ကြေး ကျပ်သိန်းသုံးသောင်းခန့်ရှိကြောင်း ၎င်းရပ်ကွက်နေသူများက ပြောသည်။
ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းသော်လည်း Music Zone ဆိုင်တာဝန်ရှိသူများကို ဖုန်းခေါ်ဆိုမရခဲ့သလို ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန်တိုင်းတာဝန်ခံများကလည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
နိုင်ငံရေးပါတီအဖြစ် စတင်ပြောင်းလဲဖွဲ့စည်းလိုက်သည့် ၂၀၁၀ ပြည့်နှစ်တွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့ပြီး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ စစ်ဗိုလ်ချုပ်ဟောင်း ဌေးဦးက အဆိုပါ မြေနေရာနှင့် ပတ်သက်၍ ပါတီပိုင်ဆိုင်ကြောင်း အထောက်အထားမရှိဟု ဝန်ခံထားသည်။
“Music Zone နဲ့ပတ်သက်လို့ ပိုင်ဆိုင်မှုဆိုတာသည် ကျွန်တော်တို့စာရင်းထဲမှာ မရှိဘူး။ မရှိဘူးဆိုတာက ကျွန်တော်တို့က ပိုင်ဆိုင်မှုတွေအားလုံးကို ဌာနချုပ်မှာပဲ သိမ်းတာ။ ဂရန်အားလုံးကို။ တချို့ဟာတွေကိုကျတော့လည်း ရောင်းစားထားတာတွေရှိတယ်။ ငှါးစားထားတာတွေရှိတယ်။ ကျွန်တော်တို့က အဲ့ဒီဂရန်တွေအားလုံးကို အကုန်လုံးသိမ်းထားလိုက်တာ။ သိမ်းထားပြီးတော့မှ ဒီရုံးကနေပြီးတော့မှပဲ ထိန်းသိမ်းထားလိုက်တာ။ အဲ့ဒီလက်ထက်မှာတုန်းကတော့ အဲ့ဒီမြေကြီး(Music Zone)နဲ့ ပတ်သက်ပြီး ဘာမှမတွေ့ဘူး။ သိလည်းမသိဘူး။ ရှိလည်းမရှိပါဘူး” ဟု ၎င်းက ပြီးခဲ့သည့်နှစ် အောက်တိုဘာလက Popular News Journal နှင့် အင်တာဗျူးရုပ်သံတွင် ဖြေထားသည်။