သတင်း

မွန်ပြည်နယ် သထုံတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦး နုတ်ထွက်စာတင်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အနီးအနားကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှစ်ဦး နုတ်ထွက်စာတင်ခဲ့ကြသည်။

ဇွန်၂၁ က သထုံမြို့နယ်တွင် စစ်ကောင်စီခန့် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ၇ ချက် ပစ်သတ်ခံရပြီး ယမန်နေ့ (ဇွန် ၂၄) တွင် နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ပန်းအောင်နှင့် ယနေ့ (ဇွန် ၂၅) တွင် ဝင်းပကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရီတို့ အသီးသီးနုတ်ထွက်ခဲ့ကြခြင်းဖြစ်သည်။

နောင်ကုလားကျေးရွာတွင် မီတာခမဆောင်သည့် အိမ်များ လျှပ်စစ်မီးအဖြတ်ခံရရာတွင် ၎င်းပါဝင်ပတ်သက်သည်ဟုဆိုကာ ရွာသားတချို့က လူမှုကွန်ရက်တွင် စွပ်စွဲရေးသားသဖြင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း အသက် ၅၅ နှစ်အရွယ် ခွန်ပန်းအောင်က Myanmar Now ကို ပြောသည်။ 

“အရေးကြီးဆုံးက ကိုယ့်ပြည်သူလူထု စိတ်ချမ်းသာဖို့ပဲ။ သူများ ကိုယ့်ကို မကြိုက်တော့ဘူးဆိုတော့လည်း မလုပ်ရုံပေါ့။ ဒီသဘောလေးပါပဲ။ ကျန်တာတော့ ကျွန်တော့်စိတ်ထဲမှာ ဘာမှမရှိဘူး” ဟု ၎င်းက ပြောသည်။

လျှပ်စစ်မီးဖြတ်ရာတွင် ပါဝင်ခြင်းမရှိဘဲ နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူးအသတ်ခံရခြင်းနှင့်လည်း ဆက်စပ်မှုမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်မှ နုတ်ထွက်ခဲ့သူ ခွန်ပန်းအောင်က ဆိုသည်။

မီတာခပေးရန် သတ်မှတ်ရက်ထက် တစ်ပတ်နောက်ကျနေသည့် နေအိမ်များမှာ ဇွန် ၂၃ ရက်တွင် လျှပ်စစ်မီးဖြတ်တောက်ခံရပြီး နောက်တစ်ရက်တွင် မီးပြန်ခဲ့ရကြောင်း နောင်ကုလားရွာခံအချို့က ပြောသည်။ 

“သူ (ခွန်ပန်းအောင်) မပါပေမဲ့ သူ့အပိုင်မှာဖြစ်တာ။ သူက စစ်ကောင်စီဘက်ကဆိုတာ အရင်ကတည်းက သတင်းထွက်နေတယ်။ တစ်ရွာလုံးနီးပါးက သူ့ကို ဒလန်လို့ ပြောကြတယ်။ သူ့သားသမီးတွေက နားခိုင်းတာ ခဏခဏပဲ” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် စစ်ကောင်စီ သက်ဆိုးမရှည်စေရေး လျှပ်စစ်မီတာခပေးဆောင်ခြင်း ရပ်ဆိုင်းထားရန် လှုံ့ဆော်မှုများရှိခဲ့သည်။ 

နောင်ကုလားကျေးရွာအုပ်ချုပ်ရေးမှူး ခွန်ပန်းအောင်သည် NLD အစိုးရလက်ထက် ၂၀၁၆ တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဆက်လုပ်ခဲ့ခြင်းဖြစ်သည်။ 

အသက် ၆၈ နှစ်အရွယ် ဝင်းပကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံရီသည်လည်း ကျန်းမာရေးမကောင်း၍ အနားယူလိုသောကြောင့် ယနေ့ နုတ်ထွက်စာတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်တော်ဒီနေ့ပဲ (သထုံ) မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီထံ နုတ်ထွက်စာတင်ခဲ့ပါတယ်” ဟု ဦးစံရီက ဆိုသည်။ 

၎င်းသည် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သူ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၎င်းကိုဆန့်ကျင်သည့် ပြည်သူများကို အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ယနေ့  (ဇွန် ၂၅) အထိ လူ ၉၀၀ နီးပါး သေဆုံးခဲ့ရပြီး ၆၀၀၀ ကျော် ဖမ်းဆီးခြင်းခံခဲ့ရသည်။ 

တစ်ပြိုင်နက်တည်းမှာပင် စစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်မှုများ ပေါ်ပေါက်လာပြီး စစ်ကောင်စီလက်အောက်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်နေသူများလည်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။

ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ကရင်ပြည်နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ နုတ်ထွက်ခဲ့ပြီး ဇွန်လဆန်းက စစ်ကိုင်းတိုင်း ကလေးမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၆ ဦး နုတ်ထွက်ခဲ့သည်။

အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် မြို့အုပ်ချုပ်ရေးမှူးဟောင်း ဇွန် ၁ တွင် အသတ်ခံရပြီးနောက် ဇွန် ၄ တွင် ယင်းမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး နုတ်ထွက်စာတင်ခဲ့သည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့တွင်လည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ဇွန် ၂ နံနက်ပိုင်းက အသတ်ခံခဲ့ရပြီး တစ်ချိန်တည်းမှာပင် ခင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နုတ်ထွက်ခဲ့သည်။

Show More

Related Articles

Back to top button