သတင်း

သထုံမှ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးပစ်သတ်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် စစ်ကောင်စီခန့်ထားသည့် အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို သေနတ်သမားနှစ်ဦးက ယမန်နေ့ (ဇွန် ၂၁) ညနေပိုင်းတွင် ပစ်သတ်သွားခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးရှိ ၎င်း၏ အိမ်ရှေ့တွင် ဈေးရောင်းနေစဉ် သေနတ်သမားနှစ်ဦးက အသက် ၅၈ နှစ်အရွယ် ဦးစိုးသိန်းကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။

“သူက ဒူးရင်းသီးတို့၊ ကြက်မောက်သီးတို့၊ မင်းဂွတ်သီးတို့ရောင်းတော့ ဈေးဝယ်တဲ့ပုံစံမျိုးနဲ့ လာပြီးတော့ သေနတ်နဲ့ ၇ ချက် ပစ်သွားတာ။ အနီးကပ်ပစ်သွားတာ” ဟု ၎င်းက ပြောသည်။

စိုးသိန်း၏ ဝမ်းဗိုက်တွင် ဒဏ်ရာအများဆုံးရရှိခဲ့ကြောင်း၊ နေရာတွင်ပင်သေဆုံးခဲ့ရာ ရုပ်အလောင်းကို သထုံဆေးရုံရင်ခွဲရုံသို့ ပို့လိုက်ကြောင်း အထက်ပါ ဒေသခံက ပြောသည်။

“ခုလက်ရှိ သူက (ရပ်ကျေး) ဥက္ကဋ္ဌလုပ်တာပေါ့။ ရွာမှာလည်း ဗုံးတွေက ခဏခဏတွေ့တယ်လေ။ အဲဒါ သူက လိုက်ကြည့်တာပေါ့၊ လိုက်ပြီးစိစစ်ရတာပေါ့။ အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုတော့။ သူ့လက်ထက်မှာတော့ (ကျေးရွာအတွင်း) တစ်ယောက်မှ အဖမ်းဆီးမခံရပါဘူး” ဟု ၎င်းကပင် ပြောသည်။

နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် တစ်လခန့်သာ တာဝန်ထမ်းဆောင်ရသေးသည့် ဦးစိုးသိန်းမှာ သတင်းများထွက်ပေါ်နေသကဲ့သို့ စစ်ကောင်စီသတင်းပေး (ဒလန်) ဟုတ်မဟုတ် Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဈာပနကို ဇွန် ၂၄တွင် ပြုလုပ်ရန် မိသားစုက စီစဉ်ထားကြောင်း ဒေသခံတစ်ဦးက အတည်ပြုသော်လည်း ကာယကံရှင်များထံမှ မှတ်ချက်တစ်စုံတစ်ရာမရသေးပါ။

ဖေဖော်ဝါရီ ၁ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို ပစ်ခတ်ဖြိုခွင်းသဖြင့် ယနေ့အထိ လူပေါင်း ၉၀၀ နီးပါး အသက်ဆုံးခဲ့ရသလို ၆၀၀၀ ဦးကျော် ဖမ်းဆီးခံရပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းက ဆိုသည်။

စစ်ကောင်စီကမူ ၃၀၀ ခန့်သာ သေသည်ဟု ဆိုသည်။

ရပ်ရွာလူထုက ရွေးကောက်တင်မြှောက်ထားသည့် အုပ်ချုပ်ရေးမှူးများကို ဖြုတ်ချ၍ စစ်ကောင်စီက အစားထိုးအသစ်ခန့်အပ်ထားသူများကို သတင်းပေး(ဒလန်) အဖြစ် သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုများ နိုင်ငံအနှံ့ မကြာခဏဖြစ်ပေါ်နေသည်။

အာဏာသိမ်းစစ်ကောင်စီက ထိုသို့လုပ်ကြံသတ်ဖြတ်ခံရသည့် အုပ်ချုပ်ရေးမှူးများအတွက် တစ်ဦးလျှင် ကျပ်ငါးသိန်းစီ သတ်မှတ်ကာ ကျန်ရစ်သူမိသားစုများကို ဇွန်လလယ်ပိုင်းမှစ၍ ထောက်ပံ့နေသည်။

Show More

Related Articles

Back to top button