အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

စစ်သားသစ် တစ်သိန်းကျော်အထိ စုနိုင်ခဲ့သည့် စစ်မှုထမ်းဥပဒေ ၂ နှစ်ပြည့်ပြီ

စစ်ဌာနချုပ်ကြီးများ ကျသည်အထိ သမိုင်းဝင် ရှုံးနိမ့်ခဲ့သော အာဏာသိမ်းစစ်တပ်သည် ယခင် စစ်အာဏာရှင်များ အမွေ ပေးခဲ့သော စစ်မှုထမ်းဥပဒေကို အသက်သွင်း အကောင်အထည်ဖော်နေသည်မှာ အတော်ပင် ခရီးရောက်နေပြီဖြစ်သည်။

၂၀၂၄ ခုနှစ် ရန်ကုန်မြို့၏ ဒီဇင်ဘာလ နံနက်ခင်းတစ်ခုတွင် အလုပ်ဆင်းလာသော သားသတ်ရုံဝန်ထမ်း ကိုကျော်အောင်၏ အိမ်ပြန်လမ်းတွင် လူတစ်စုနှင့်တည့်တည့်တိုးပြီး မမျှော်လင့်ဘဲ သူ့ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ရသည်။ 

ယူနီဖောင်းဝတ်စစ်သားများနှင့် အရပ်သားများပါသည့်လူတစ်စုက ပိတ်ဆို့စစ်ဆေးပြီး လက်ထိပ်ခတ် ဖမ်းဆီး၍ ထိုးကြိတ်ရိုက်နှက်ကြတော့သည်။ ထို့နောက် အသက် ၂၀ ကျော်အရွယ် ကိုကျော်အောင်ကို ဘုရင့်နောင်စစ်ကြောရေး ခေါ်သွားပြီး ကျန်းမာရေး စစ်ကာ စာရင်းသွင်းပြီး စစ်မှုထမ်းသင်တန်းကျောင်းကို ပို့လိုက်ကြသည်။

ထို့အတူ သာကေတမြို့နယ်တွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် ကိုမြင့် ညဘက် အလုပ်ဆင်းပြီး အိမ်ပြန်ရန် ဘတ်စ်ကား စောင့်နေစဉ် ယူနီဖောင်းဝတ်ရဲများနှင့် အရပ်ဝတ်များ၏ ဖမ်းဆီးခြင်းခံရသည်။

သာကေတ အမှတ် (၁) ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူ့ကို စစ်ထဲဝင်မည်လား။ ထောင်ကျခံမည်လားဟု ရွေးချယ်ခိုင်းသည်။ စစ်ကော်မရှင်တပ်သားများတွင် အမေးသာရှိသော်လည်း အဖြေလိုမည် မထင်ပေ။ ထောင်ကျခံမည်ဟု ကိုမြင့်က ရွေးသော်လည်း စစ်မှုထမ်းသင်တန်းကျောင်းကိုသာ ပို့လိုက်ကြသည်။ 

အကြောင်းမဲ့ဖမ်းဆီးခံရပြီး အဓမ္မစစ်သားစုဆောင်းခံလိုက်ရသည့် ကိုကျော်အောင်နှင့် ကိုမြင့်တို့သည် စစ်မှုထမ်းဥပဒေကြောင့် ရန်ကုန်ကဲ့သို့ မြို့ကြီးပြကြီးတွင်ပင် အချိန်မရွေး သားကောင်ဖြစ်သွားနိုင်သည့် နေ့စဉ်လူမှုဘဝမလုံခြုံမှု အခြေအနေကို မီးမောင်းထိုးပြနေသည်။  

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်နေရသော အာဏာသိမ်းစစ်တပ်သည် အင်အားပြုန်းတီးမှုအား ဖြည့်တင်းရန် စစ်မှုထမ်းဥပဒေ ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အသက်သွင်းလိုက်ပြီးနောက် အတင်းအဓမ္မ စစ်သားသစ်  စုဆောင်းမှုများ စတင်ခဲ့သည်။

နှစ်နှစ်အကြာတွင် သင်တန်း အပတ်စဉ် တစ်ခုလျှင် လူ ၅၀၀၀ နှုန်းဖြင့်  စစ်မှုထမ်းအပတ်စဉ် (၂၁) ခု အထိ ဖွင့်လှစ်နိုင်ခဲ့ကာ တပ်သားသစ် တစ်သိန်းကျော် စုဆောင်းနိုင်ခဲ့ပြီးနောက် စစ်ရေးနာလန်ထူနိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ဆိုသည်။

နှစ်နှစ်သား စစ်မှုထမ်းဥပဒေ 

လက်နက်ကိုင်တော်လှန်မှုနှင့်ကြုံရသည့် အာဏာသိမ်းစစ်တပ်သည် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ “၁၀၂၇” စစ်ဆင်ရေးတွင် တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် စစ်တပ် အခြေစိုက်စခန်းများ၊ ဆယ်နှင့်ချီသည့် မြို့များကို လက်လွှတ်ခဲ့ရပြီး စစ်အင်အားအများအပြားလည်း ပြုန်းတီးခဲ့ရသည်။ 

ထိုအခြေအနေတွင် လူအင်အားလိုနေသည့် အာဏာသိမ်းစစ်တပ်အတွက် ယခင်စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ ရေးဆွဲပြီး ဆိုင်းငံ့ထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည် မျှော်လင့်ချက်တစ်ခု ဖြစ်လာခဲ့သည်။ 

ထို့နောက် အရွယ်ရောက်သူတိုင်းကို စစ်သားအဖြစ် လိုသလို စုဆောင်းနိုင်မည့် ထိုဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က လက်မှတ်ရေးထိုးပြီး အသက်သွင်းလိုက်သည်။ 

စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ် အတွင်း အမျိုးသမီးများ နှစ်နှစ်အထိစစ်မှုထမ်းရန် ဆင့်ဆိုနိုင်သည်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှု လက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်ပါက အမျိုးသား အသက် ၄၅ နှစ်နှင့် အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ သင်တန်း အပတ်စဉ် (၂၁) တွင် စစ်မှုထမ်းသစ်အဖြစ် စုဆောင်းခံရသူများအား တွေ့ရစဉ်။ 

ထိုဥပဒေ စတင်အသက်ဝင်ပြီး ကနဦး  အသုတ်များတွင် မဲနှိုက်ရွေးချယ်သည့်နည်းလမ်း အသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်က ၎င်းတို့၏ မူလဇာတိရုပ် ဖုံးဖိမရအောင် ပေါ်လွင်လာခဲ့သည်။ 

နယ်မြေခံစစ်တပ်နှင့် အုပ်ချုပ်ရေး အာဏာပိုင်များ ပေါင်းကာ စစ်သားသစ်စုရန်အတွက် အမှုဆင်ဖမ်းဆီးခြင်း၊ ခရီးသွားလူငယ်များကို ဖမ်းဆီးစုဆောင်းခြင်းစသည့် မတရားသည့် နည်းလမ်းပေါင်းစုံ အသုံးပြုလာသည်။ 

ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မန္တလေးတိုင်းတို့မှ စစ်သားအဖြစ် အတင်းအကျပ် စုဆောင်းခံရပြီး တော်လှန်ရေး အင်အားစုများထံ ထွက်ပြေးခိုလှုံလာသည့် လူငယ် ငါးဦးနှင့် Myanmar Now က မေးမြန်းခဲ့သည့်အနက် လေးဦးသည် လမ်းပေါ်တွင် ပေါ်တာဟုခေါ်သော စစ်သားစုဆောင်းမှုတွင် ပြည်သူ့စစ်မှုထမ်း (ပစ)ဟု သုံးနှုန်းသည့် စစ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရသူများဖြစ်သည်ကို တွေ့ရှိရသည်။ 

ကျန်တစ်ဦးသည် နေအိမ်တွင်ရှိနေစဉ် စစ်ကော်မရှင်တပ်ဖွဲ့များ၏ ရုတ်တရက်စီးနင်းဝင်ရောက်ဖမ်းဆီးခံရပြီး စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည်။ 

စစ်မှုထမ်းဥပဒေစတင်ပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ အတင်းအဓမ္မစစ်သားစုဆောင်းခံရသူ ၃၁,၇၂၉ ဦး ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၄ ရက်နေ့ တွင် ထုတ်ပြန်ထားသည်။  

ကလေး၊ စစ်ကိုင်း၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်၊ မော်လမြိုင်၊ မုဒုံ အပါအဝင် စစ်တပ်ထိန်းချုပ်မှုအားကောင်းသည့် မြို့များတွင် နေ့ရော ညပါ မထင်လျှင်မထင်သလို  စစ်တပ်နှင့် စစ်တပ်ထောက်တိုင်များက လူငယ်လူရွယ်များကို ပစ်မှတ်ထား ဖမ်းဆီးစုဆောင်းလေ့ရှိသည်။ 

“လူသွားလူလာများတဲ့အချိန်တွေ၊ လူသွားလူလာများတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေ၊ ဆိပ်ကမ်းသာ၊ တာဟန်း၊ ဘူတာလမ်းခွဲမီးပွိုင့်တွေ၊ ပင်လုံမီးပွိုင့်တွေ၊ ကလေးမြို့ မြို့ပေါ်ဆိုရင် မီးပွိုင့်၊ တစ်ခါတလေ မီးပွိုင်မိတဲ့ကလေးတွေ ရပ်စောင့်နေတဲ့ ကလေး‌တွေပါ(ဆွဲတာ)။ …လူပဲအဓိကဆွဲတယ်။ ဆိုင်ကယ် ပါရင် ဆိုင်ကယ်ကားပေါ်တင်သွားတယ်။ စက်ဘီးပါရင် စက်ဘီးကားပေါ်တင်သွားတယ်”ဟု ကလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

စစ်တပ်နယ်မြေထိန်းချုပ်မှုအားကောင်းရာဒေသ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းရှိ စစ်သင်တန်းကျောင်း ၁၅ ခုတွင် စစ်မှုထမ်းသင်တန်းများကိုဖွင့်လှစ်ခဲ့ပြီးနောက် သင်တန်းကျောင်း နေရာ ၂၇ ခုအထိ တိုးချဲ့ပြင်ဆင်ဖွင့်လှစ်လာသည်ဟု မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ ( MDSI)က ဆိုသည်။

CDM စစ်သားများဖြင့် ဖွဲ့စည်းထားသော ထိုသုတေသနအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင် သက်ရောက်မှု လေ့လာဆန်းစစ်ချက်အစီရင်ခံစာကို ယမန်နှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ထားသည်။ 

အပတ်စဉ်တစ်ခုလျှင် အနည်းဆုံးလူဦးရေ ၅၀၀၀ နှင့်အထက်ခေါ်ယူမည်ဟု စစ်တပ်က ထုတ်ဖော်ပြောကြားထားပြီး သတ်မှတ်လူဦးရေ ပြည့်မီအောင်ခေါ်ယူနိုင်ခဲ့သည်ဟု လေ့လာစောင့်ကြည့်သူများက သုံးသပ်သည်။ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်း၌  ပြုလုပ်သော စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၁၇) သင်တန်းဆင်းပွဲ ။

ထို့ကြောင့် အဆိုပါဥပဒေအသက်ဝင်ပြီးနောက် ယမန်နှစ် နှစ်ကုန်အထိ စစ်အင်အား ခုနစ်သောင်းကျော် အထိ စုဆောင်းနိုင်ခဲ့ပြီး ခြေလျင်တိုက်ခိုက်ရေးတပ်များ၏ အင်အားနှစ်ဆဝန်းကျင်အထိ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်ဟု MDSI က ထုတ်ပြန်သည်။ 

စစ်ဆင်ရေးအင်အားများနှင့်ရှေ့တန်းတပ်စခန်းများအတွက် အင်အားဖြည့်ရာတွင် ပြည်သူ့စစ်မှုထမ်းတပ်သား (ပစ) အများစု ပါဝင်လာပြီး ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အခြေပြုဖွဲ့စည်းထားသည်ဟု ဆိုသည်။ 

စစ်တပ်စစ်ကြောင်းများတွင် သန္ဓေစစ်သားအနည်းငယ်သာပါဝင်ပြီး ပြည်သူ့စစ်မှုထမ်း တပ်သားသစ် (ပစ) အများစုကို စစ်ကြောင်းများတွင် ရှေ့တန်းမှ အသုံးပြုလာကြောင်း စစ်ကိုင်း၊ မကွေး၊ ချင်းနှင့် တနင်္သာရီတိုင်းတို့မှ တော်လှန်ရေးတပ်ဖွဲ့များက ပြောကြသည်။ 

“တပ်စိတ်တစ်စိတ်မှာ ၁၀ ယောက်ရှိရင် အဟောင်းက သုံး၊ လေးယောက်လောက်ပါတယ်။ ၇၀ ရာခိုင်နှုန်းလောက်က ပစ” ဟု မကွေးတိုင်းတွင်လှုပ်ရှားသည့် CDF Asho အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်း က ပြောသည်။ 

အရှို(ချင်း) တပ်ဖွဲ့သည် ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဆက်ထားသည့် အမ်း- ပဒါန်း လမ်းပေါ်ရှိ နတ်ရေကန် စခန်းကို ထိုးစစ်ဆင်နေသည့် စစ်မျက်နှာတွင်လှုပ်ရှားနေသည့် အဖွဲ့လည်း ဖြစ်သည်။

လက်နက်စက်ရုံများရှိရာ မကွေးတိုင်းဝင်ပေါက်ဖြစ်သည့် အမ်း-ပဒါန်းလမ်းကြောင်းပေါ်မှ နတ်ရေကန်စခန်း မကျစေရန်အတွက် မြေပြင်စစ်အင်အားအတွက် စစ်မှုထမ်းသစ် (ပစ)များ မကြာခဏဖြည့်တင်းနေရသည့် စစ်မျက်နှာလည်းဖြစ်သည်။  

လက်နက်စက်ရုံများပိုင်ဆိုင်ထားသလို စစ်မှုထမ်းဥပဒေဖြင့်လည်း လူအင်အားလိုသလောက် ဖြည့်တင်းနေနိုင်သည့် အပြင် အင်အားကြီး တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံရထားသော စစ်တပ်သည် ၂၀၂၅ ခုနှစ်တွင် တကျော့ပြန်စစ်ရေး အားသာလာခဲ့ပြီး ဆုံးရှုံးသည့် နယ်မြေအချို့ကို ပြန်လည် ရယူနိုင်ခဲ့သည်။ 

ရှမ်းမြောက်တွင် တရုတ်ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် စစ်တပ် အပစ်ရပ်ပြီးနောက် လားရှိုး၊ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်ပေးခဲ့ရသည့်အပြင် ရှမ်း – မန်းစစ်ဆင်ရေးတွင် သိမ်းပိုက်ထားနိုင်ခဲ့သည့် မန္တလေးတိုင်း သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာတို့ကိုလည်း စစ်တပ်ထိုးစစ်အတွင်း တော်လှန်ရေးအင်အားစုများ လက်လွှတ်ခဲ့ရသည်။ 

ဆုံးရှုံးအင်အားဖြည့်တင်းပြီးပြန်လည်ဦးမော့လာသည့် စစ်တပ်သည် တန်ပြန်ထိုးစစ်အနေထားနှင့် စစ်ရေး အရွေ့သစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း လေ့လာသုံးသပ်သူများက မှတ်ချက်ပြုသည်။ 

“ ၂၀၂၅ သိသာမြင်သာတဲ့စစ်ရေးအရွေ့တွေကိုပြောရရင် စစ်မှုထမ်းဥပဒေဟာ ကြီးမားတဲ့ အခန်းကဏ္ဍ အကြောင်းရင်းတရပ်ဖြစ်တယ်။ စစ်ကောင်စီက သူတို့ရည်မှန်းထားတဲ့အတိုင်း အောင်အောင်မြင်မြင် ဖြစ်ဖြစ်မြောက်မြောက် ထိထိရောက်ရောက်ဖော်ဆောင်နိုင်ခဲ့တယ်။ သူတို့လိုလားတဲ့စစ်ရေးအရွေ့ကိုလည်း ကောင်းစွာအသုံးပြုပြင်ဆင်နိုင်ခဲ့တယ်”ဟု MDSI အဖွဲ့ ၏ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုး က ပြောသည်။

စစ်တပ်သည် ယခုနှုန်းထားအတိုင်းဆက်လက်စစ်သားစုဆောင်းနေပါက လာမည့်နှစ်နှစ်အတွင်း အင်အား သိန်းနှင့်ချီ စုဆောင်းလာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်သည်။ 

“၂၀၂၈ လောက်ဆိုရင်တောင်မှ ဒေသတွင်းမှာ စွမ်းရည်ပြည့်တာ မပြည့်တာအသားထား အင်အားအသင့် အတင့်ရှိပြီးတော့ တိုက်ပွဲအတွေ့အကြုံ ရှိတဲ့ စစ်တပ်တစ်တပ်ဖြစ်သွားနိုင်တယ်”

အန္တရာယ်ကြား စွန့်စားခြင်း 

အတင်းအဓမ္မစစ်သားစုဆောင်းခံလိုက်ရသည့် လူငယ်များဖြစ်သည့် ကိုကျော်အောင်နှင့် ကိုမြင့်တို့သည် ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူရွာ အမှတ် (၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် နှစ်လခွဲကြာ စစ်သင်တန်းတက်ခဲ့ရသည်။ 

စစ်မှုထမ်းသင်တန်း တက်နေစဉ် ထွက်ပြေးရန်စီစဉ်ခဲ့သော်လည်း ထွက်ပြေးသည့် သင်တန်းသားနှစ်ဦးကို ပစ်ခတ် ဖမ်းဆီးသည်ကိုတွေ့ခဲ့ရပြီးနောက် ထွက်ပြေးမည့်အစီအစဉ်ကို ခေတ္တလက်လျှော့ခဲ့ရသည်။

သင်တန်းအပြီး မှော်ဘီမြို့နယ် အမှတ် (၃၁၃) ခြေမြန်တပ်ရင်းသို့ရောက်ရှိချိန်တွင် အနည်းငယ် လွတ်လပ်ခွင့် ရလာသည်။ အခွင့်ကောင်းကို စောင့်နေသည့် ကိုကျော်အောင်နှင့်သူငယ်ချင်းတစ်စုတို့ ညဘက်ကင်းကျချိန်တွင် ထွက်ပြေးကြရာ တပ်ဝင်းပြင်ပထိ ရောက်အောင်ပြေးနိုင်ခဲ့သော်လည်း နောက်တစ်နေ့နံနက် စစ်တပ်လက်ထဲ ပြန်ရောက်သွားတော့သည်။ 

“မိုးမလင်းသေးတော့ လမ်းတွေကလည်းမမြင်ရတော့ ဘုန်းကြီးကျောင်းလေး တစ်ကျောင်းမှာ ဝင်အိပ်တာ။ အဲ့ဒါနဲ့မနက် မိုးလင်းတော့ ဒကာတို့လမ်းမသိလို့လား ဘုန်းဘုန်းလမ်းပြပေးမယ်ဆိုပြီး တစ်ခါတည်း တပ်ထဲ ရောက်တဲ့လမ်းကြီးကိုပို့ပေးလိုက်ရော။ ကျွန်တော်တို့ကလည်း ဘယ်သူ့မှမမေးရဲဘူး။ ပြန်မိသွားမှာ ကြောက်တာ။ အဲ့ဒီဘုန်းကြီး ပြောတဲ့လမ်းအတိုင်း ကယ်ရီလေးငှားပြီးပြေးတာ။ လမ်းလည်းရောက်ရော တပ်ကလူတွေနဲ့ တန်းမိတာ တစ်ခါတည်း လက်ထိပ်ခတ်ပြီးတန်းခေါ်သွားရော”ဟု မအောင်မြင်ခဲ့ သည့် ကြိုးပမ်းမှုကို ကိုကျော်အောင်က ပြန်ပြောပြသည်။ 

ကိုကျော်အောင်သည် တစ်လခွဲကျော် အချုပ်ကျပြီး ပြန်လည်လွတ်မြောက်သည်နှင့် စစ်မှုထမ်းသင်တန်းဆင်း ၄၅ ဦးနှင့်အတူ တော်လှန်ရေးအင်အားစုများအားကောင်းသည့် စစ်ကိုင်းတိုင်း၊ မုံရွာသို့ ပို့ဆောင်ခံရသည်။

ထိုမှတဆင့် မြစ်အနောက်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ် ကျောက်မျက်ရွာတွင် တာဝန်ကျပြီး စစ်တပ်နှင့် တရုတ်တို့ ပူးပေါင်းလုပ်ဆောင်နေသည့် ဝမ်ပေါင်ကြေးနီစီမံကိန်းမှ ထွက်လာသည့် ကြေးနီတင်ကားများ၊ စက်ရုံသို့ပို့မည့်ဆီကားများကို လုံခြုံရေး လိုက်ယူပေးရသည်။ 

ကျောက်မျက်ရွာတွင် တာဝန်ကျပြီးမကြာမီမှာပင် သူတို့၏ မအောင်မြင်သေးသည့် တပ်မှ ထွက်ပြေးရေး စီမံကိန်းကို ပြန်လည် စတင်ကြသည်။ လူ ခြောက်ဦး၊ သေနတ်နှစ်လက်၊ ခဲယမ်းကျည်များ ယူဆောင်ကာ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ထွက်ပြေးခဲ့ကြသည်။

ကိုကျော်အောင်တို့ ခြောက်ဦးအဖွဲ့ ဆားလင်းကြီး ပကဖ ထံ  ဘက်ပြောင်းခိုလှုံလာစဉ်။ (ဓာတ်ပုံ- ယင်းမာပင်ခရိုင်ပကဖ)

“ကျွန်တော်ကပြေးတာ အလက် (သေနတ်)ကို ရအောင်ယူလာတာ။ သူတို့မိရင်တောင် အသေခံပြီး ပြန်ပစ်မယ် လို့ တွေးထားပြီးသား။ သူတို့လက်ထဲတော့ ပြန်အပါမခံနိုင်တော့ဘူး။ သူတို့လက်ထဲ ပြန်ပါသွားရင် သေရမှာ ပဲလေ။ လိုက်လာလည်း သူတို့ ဖမ်းချင်သလောက်ဖမ်းပါစေ။ ကျည်ရှိသမျှ ပြန်ပစ်မယ် ဆိုပြီး တွေးထားတာ။ လက်ပစ်ဗုံးလည်း လက်မှာတခါတည်းအသင့်ကိုင်ထားတာ”ဟု ကိုကျော်အောင်က ပြောသည်။ 

ဘက်ပြောင်းခိုလှုံလာသည့် ကိုကျော်အောင်တို့ ခြောက်ဦးအနက် အများစုသည် လက်နက်ကိုင်ပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသည်။ 

“တော်လှန်ရေးကို ပြီးဆုံးအောင်လုပ်မယ်။ အချိန်တန်တော်လှန်ရေးပြီးရင် အိမ်ပြန်ချင်တယ်”ဟု ကိုကျော်အောင် က ဖွင့်ဟသည်။

စစ်တပ်၏ ချော့တလှည့် ခြောက်တလှည့်နည်းလမ်းများ

အတင်းအဓမ္မ စစ်သားစုဆောင်းပြီး တင်းကျပ်သည့်နည်းဖြင့် အရပ်သားများကို ခြိမ်းခြောက်ကာ စစ်သားအဖြစ် စုဆောင်းနေသည့် စစ်တပ်သည် စစ်မှုထမ်းမှ လူငယ်များ ထွက်ပြေးကြမှု များပြားလာသည်နှင့် တပြိုင်နက် ယမန်နှစ်ကစပြီး ပြောင်းလဲရေးလုပ်လာခဲ့သည်။ 

ကနဦး အစောပိုင်းကာလများတွင် ဖုန်းသုံးခွင့် မပြုသည်အထိ တင်းကျပ်ခဲ့သော်လည်း နောက်ပိုင်းတွင် အပတ်စဉ်  (၁၄) ခန့်မှစ၍ ဖြေလျှော့လာပြီး လွတ်လပ်ခွင့်အတန်သင့်ပေး၍ ရှေ့တန်းမျက်နှာစာတွင်ပါ ဖုန်းသုံးစွဲခွင့် ပေးလာသည်။

ထို့ကြောင့် ကနဦးတွင် ဆန္ဒမပါဘဲ စစ်သားအဖြစ် စုဆောင်းခံရသူများသည် မတင်းကျပ်သော အခြေအနေများတွင် ထွက်ပြေးမှုများ နည်းလာကြောင်း တွေ့ရသည်ဟု တော်လှန်ရေးအင်အားစုများထံက သိရသည်။

စစ်မှုထမ်းသင်တန်းအပတ်စဉ်အစောပိုင်းကာလများတွင် ထွက်ပြေးသူအရေအတွက်ကို နှိုင်းယှဉ်လျှင် နောက်ပိုင်းအပတ်စဉ်များတွင် ထွက်ပြေးသူဦးရေ လျော့ကျလာကြောင်း စောင့်ကြည့် လေ့လာသူများက ထောက်ပြသည်။ 

ဘက်ပြောင်းလာသည့် စစ်ကော်မရှင်အဖွဲ့ဝင်များကို ကူညီထောက်ပံ့ပေးနေသည့် အရပ်ဘက် အဖွဲ့တစ်ခုဖြစ်သော ပြည်သူ့ပန်းတိုင်မှ ထုတ်ပြန်သည့်အချက်အလက်အရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အလင်းဝင် ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၂၅၇၈ ဦးရှိသည်။  

“၁၀၂၇ စစ်ဆင်ရေး” အလွန်ကာလ စစ်ရေးအရှိန်လျော့ကျသွားသည်နှင့်အတူ ဘက်ပြောင်းခိုလှုံသည့် စစ်မှုထမ်း တပ်သားသစ်အရေအတွက်လည်း လျော့ကျလာကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“စစ်ရေးအရ အရှိန်ကျနေတဲ့ကာလဆိုတော့ တချို့ကတော့ ထွက်ပြေးရင် ဖမ်းမိမယ်ဆိုတာထက် သူတို့ဟာသူတို့ ဒီအတိုင်း စစ်မှုထမ်းသက်တမ်းပြည့်သွားရင် အိမ်ပြန်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်ထဲမှာ ဆက်နေနေကြတဲ့သူတွေလည်း အများကြီးပဲလို့ ကြားရတယ်”ဟု ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့ လွတ်လပ်ရေးတပ်တော် PIO/ PIA ဗဟိုကော်မတီဝင် ကိုမင်းကျော်က ပြောသည်။

စစ်မှုထမ်းတပ်သားသစ်စုဆောင်းမှုနှင့်ပတ်သက်ပြီး တန်ပြန်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ရေးအရ ပိုမိုဖိအားပေးတိုက်ခိုက်ရန်လိုကြောင်း သူက ထောက်ပြသည်။ 

“ အရေးကြီးဆုံးကတော့ စစ်ကောင်စီကို စစ်ရေးအရ ဖိအားပေးဖို့လိုတယ်။ သူတို့က တိုက်ချင်ခိုက်ချင်လို့ ဝင်လာကြတာမဟုတ်ဘဲ အဓမ္မပေါ်တာဆွဲခံရတဲ့သူတွေဆိုတော့ စစ်ရေးအရ ဖိအားကျရောက်တဲ့အခါမှာတော့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာမယ်လို့ ထင်တယ်”ဟု ၎င်းကမှတ်ချက်ပြုသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်က ဧရာတီတိုင်း၊ အင်္ဂပူမြို့နယ် ၊ ကွင်းကောက်မြို့တွင် ပြုလုပ်သော စစ်မှုထမ်း အပတ်စဉ် (၁၈) သင်တန်းဆင်းပွဲ။

သို့ရာတွင် စစ်မှုထမ်းကာလမည်သို့ပင်သတ်မှတ်သည်ဖြစ်စေ စစ်ကော်မရှင်က အလိုရှိသည့်အချိန်တိုင်း စစ်ထဲပြန်ခေါ်နိုင်သည့်သတ်မှတ်ချက်တစ်ခုကို စစ်မှုထမ်းဥပဒေထဲတွင် ထည့်သွင်းထားသည်ကို သတိပြုရန် လိုအပ်သည်။

“ စစ်စည်းရုံးခြင်း” ဟု အမည်တပ်ထားသည့် သတ်မှတ်ချက်တွင် စစ်ကောင်စီက အရေးပေါ်အခြေအနေဟု သတ်မှတ်လျှင် စစ်မှုထမ်းပြီးသူများကို စစ်တပ်ထဲပြန်ခေါ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ တစ်ကြိမ် စစ်ထဲ ဝင်ပြီးနောက် စစ်တပ်အတွက် တစ်သက်လုံး စစ်မှုထမ်းရနိုင်သည့်အချက်ဖြစ်သည်။

လက်ရှိတွင်မူ အရပ်သားမှ လာသော ပြည်သူ့စစ်မှုထမ်းများက စစ်ကော်မရှင်၏ ဖြေလျှော့သည့်နည်းလမ်းများတွင် အသားကျလာနေသည်။ 

စစ်မှုထမ်းတပ်သားသစ်များနှင့်ပတ်သက်ပြီး အင်အားသာရှိပြီး တိုက်စွမ်းရည်မရှိဟု တော်လှန်ရေးအင်အားစုများက ကနဦးတွင် လျှော့တွက်ခဲ့ကြသည်။ 

တိုက်ပွဲတွင်းသေဆုံးသူ၊ ထွက်ပြေးသူများရှိနေသည့်တိုင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့ စစ်မှုထမ်း အပတ်စဉ်အလိုက် စစ်အင်အားပြန်လည်ဖြည့်တင်းနိုင်သည့်အပြင် စစ်တပ်၏လက်နက်တပ်ဆင်မှုပေးနိုင်မှုနှင့် ပေါင်းစပ်လိုက်သည့်အခါ စစ်မှုထမ်းတပ်သားသစ် အင်အားသည် စိန်ခေါ်မှု တရပ်ဖြစ်လာသည်ဟု တော်လှန်ရေးအင်အားစုများက ထောက်ပြသည်။ 

“အရေအတွက်ရှိပြီး အရည်အချင်းမရှိဘူးဆိုတာမျိုး သုံးနှုန်းကြတယ် ဝေဖန်ကြတယ်။ တကယ့်တကယ် အဲ့ဒီ‌ဝေဖန်ချက်ကရာနှုန်းပြည့်တော့မှန်မနေဘူး။ အခုချိန်မှာတော့ အဲ့ဒီသုံးသပ်ချက်တွေသည် မှားယွင်းလာပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စနစ်တကျတည်ဆောက်ထားတာရယ်၊ ဒီထဲမှာ အဝန်းအဝိုင်းမှာ ရှင်သန်ပါများလာရင်တော့ ဒီထဲရဲ့ လွှမ်းမိုးမှုတွေတော့ကြုံရတယ်”ဟု ဆလိုင်းရိုးချင်းက ဆိုသည်။ 

“ စစ်ကော်မရှင် သင်တန်းကာလမှာတည်းက ရိုက်သွင်းခံရတဲ့အရာတွေသည် စစ်ကော်မရှင်အပေါ် အမြင် မစောင်းဖို့၊ အကောင်းမြင်လာဖို့အတွက် အများကြီးတည်ဆောက်နိုင်ပြီ။ အခုတော်လှန်ရေးတပ်တွေရဲ့ နယ်မြေပြန်ပေးရတဲ့ အပိုင်းတွေရော၊ ထိုးစစ်တွေကနေ ခံစစ်တွေဖြစ်သွားတဲ့ အပိုင်းတွေရော ဒါတွေကတော့ စစ်မှုထမ်း ဥပဒေရဲ့ စစ်တပ်အတွက် ကောင်းတဲ့အချက်တွေဖြစ်လာပြီဆိုတာကို ကျွန်တော်တို့အနေနဲ့ မြင်ဖို့ လိုပါတယ်”ဟု ၎င်းကဆက်ပြောသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး တုံ့ပြန် ပြင်ဆင်မှုအပိုင်းတွင် အားနည်းချက်များရှိခဲ့ကြောင်း ကိုနောင်ရိုးက ထောက်ပြသည်။  

စစ်တပ် စစ်မှုထမ်းဥပဒေဖော်ဆောင်နေမှုကို စနစ်တကျတုံ့ပြန်နိုင်ရန် မဟာဗျူဟာမူဝါဒများဖော်ဆောင်ရန် လိုအပ်သလို စစ်မှုထမ်းတပ်သားများ ဘက်ပြောင်းအလင်းဝင်မှု ပိုအားကောင်းလာရန် နည်းဗျူဟာလုပ်ငန်းစဉ်များ သုံးသပ်ဖော်ဆောင်ရန်လိုသည်ဟု MDSI က အကြံပြုထားသည်။ 

“ကောင်းမွန်မှန်ကန်တဲ့ ဗျူဟာတုံ့ပြန်မှုမရှိတဲ့အခါမှာ အနှောင့်အယှက်ကြီးကြီးမားမားမလုပ်နိုင်တဲ့အခါ သူတို့ ရည်ရွယ်ချက်အတိုင်း (စစ်တပ်က)စုဆောင်းနိုင်တယ်။ လေ့ကျင့်ပြင်ဆင်နိုင်တယ်။ ဒီလူငယ်တွေကိုပဲ ရှေ့တန်း စစ်မြေပြင်တွေကို ကောင်းစွာပို့ဆောင် ဖြန့်ခွဲအသုံးချတယ်။ တော်လှန်ရေးအင်အားစုတွေကို ဒီလူငယ်တွေရဲ့အားနဲ့ပဲပြန်ပြီးတော့ ထိုးစစ်ဆင်လာတာပေါ့”ဟု ကိုနောင်ရိုးက မှတ်ချက်ပြု သည်။ 

(*အသုံးပြုထားသော အမည်များသည် လုံခြုံရေးအရ အမည်လွှဲပြောင်းထားခြင်းဖြစ်ပါသည်။) 

ရန်ကုန်တိုင်းစစ်ဌာချုပ်တွင် ပြုလုပ်သော အပတ်စဉ် (၁၈) သင်တန်းဆင်းပွဲ။ 

Related Articles

Back to top button