အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော် | မြန်မာ့လူမှုကွန်ရက်မှာ ပန်းများဝေသည့်နေ့ 

ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သည်။ ဒီမိုကရေစီပြယုဂ် (Democracy Icon) အဖြစ် နိုင်ငံတကာ၏ အထူးတလည်မြှောက်စားခြင်းခံထားရသူ၏ မွေးနေ့ရောက်တိုင်း ပြည်တွင်းပြည်ပထောက်ခံသူများက မမေ့မလျော့ဂုဏ်ပြုကြလေ့ရှိသည်။

ပြည်သူ့အချစ်တော်၏ မွေးနေ့အများစုမှာ အကျဉ်းစံကာလများတွင်သာဖြစ်ခဲ့သည်။ အာဏာရပါတီခေါင်းဆောင်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်ရရှိသည့် နှစ်အနည်းငယ်အတွင်းသာ ပျော်ရွှင်ဖွယ်ရာမွေးနေ့များ ဖြတ်သန်းခွင့်ရခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းယူလိုက်သည့်အတွက် တစ်ချိန်က ကာလကြာရှည် အတိုက်အခံနိုင်ငံရေးပါတီခေါင်းဆောင်ဖြစ်ခဲ့သူသည် ၇၆ နှစ်မြောက်မွေးနေ့တွင် အချုပ်အနှောင်ခံဘဝကို တစ်ကျော့ပြန် ဖြတ်သန်းနေရပြန်သည်။ 

အာဏာသိမ်းပြီး လေးလကျော်လွန်လာသည့်တိုင် သန်းပေါင်းများစွာသော ဒီမိုကရေစီဘက်တော်သားများက စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်နေဆဲ၊ နည်းလမ်းမျိုးစုံဖြင့် တွန်းလှန်နေဆဲဖြစ်သည်။ အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့သည်လည်း အာဏာရှင်ဆန့်ကျင်ရေးနေ့ထူးနေ့မြတ်တစ်ခု ဖြစ်လာသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများလာပြီး ဒေါ်အောင်ဆန်းစုကြည်ကို လိုလားသူများသည်လည်း စစ်အာဏာရှင်ကို မုန်းတီးသူများဖြစ်လာသည်။ ထို ဒီမိုကရေစီဘက်တော်သားများသည် စစ်ကောင်စီ၏ အပြင်းအထန်နှိပ်ကွပ်ခံရနိုင်ခြေကို သိပါလျက် တတ်စွမ်းသမျှ မွေးနေ့ကို ဂုဏ်ပြုကြလျက်ရှိသည်။

ယနေ့သည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သည်။ ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်ဆင်နွှဲသည့်နေ့ဖြစ်သည်။ ထိုအကြောင်းအရာနှစ်ခုသည် အပ်ကျမပ်ကျဖြစ်လျက် တည်လျက်ရှိနေသည်။

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီ၏ ဖိနှပ်ချုပ်ချယ်မှုများကြားမှပင် ဇွန်လ ၁၉ ရက်နေ့ဖြစ်သော ယနေ့တွင် မြန်မာလူမှုကွန်ရက် အင်တာနက်စာမျက်နှာများတွင် ပန်းများဝေလျက်ရှိသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်လည်း ပန်းများဝေလျက်ရှိမည်ဟု ယုံမှတ်ရသည်။

ထိုပန်းများတွင် စစ်အာဏာရှင်ကို မုန်းတီးသော၊ ဒီမိုကရေစီအထိအတွေ့အရသာကို လိုလားသော ရနံ့များထုံမွမ်းလျက်ရှိသည်။ ထိုပန်းများတွင် အမှတ်တရများပါသည်၊ ဂုဏ်ပြုခြင်းများပါသည်၊ လေးမြတ်ခြင်းများပါသည်၊ သက်သေသက္ကာယပြု တိုင်တည်ခြင်းများ ပါဝင်လျက်ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က စစ်အာဏာရှင်တို့၏ ဖမ်းဆီးနှိပ်စက်ခြင်းခံရစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အမည်နာမနှင့် ပတ်သက်၍ အသားအနာခံကာ ခုခံခဲ့ဖူးကြောင်း နိုင်ငံရေးပါတီတစ်ခုကို ဦးဆောင်နေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အာဏာပိုင်များက “စုကြည်” ဟု ရင့်ရင့်သီးသီး ခေါ်ဝေါ်သုံးနှုန်းခဲ့သည်ကို “ခင်ဗျားတို့ အပြည့်အစုံခေါ်ပါလား၊ သူ့အဖေမှည့်ထားတဲ့နာမည်ကို ခင်ဗျားတို့သဘောနဲ့ ဖြုတ်ချင်တိုင်း ဖြုတ်ခွင့်မရှိဘူး။ ပြောင်းချင်တိုင်း ပြောင်းခွင့်မရှိဘူး” ဟု တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အမှတ်တရတစ်ခုခုကို တခုတ်တရ ထုတ်ပြောသူများရှိသည့်နည်းတူ မွေးနေ့အထိမ်းအမှတ် အာဏာရှင်တော်လှန်ရေး ပန်းသပိတ်ဆင်နွှဲနေသူများလည်း အများသားပင်ဖြစ်သည်။ မွေးနေ့ရှင်ပုံနှင့် ခေါင်းတွင် ပန်းတစ်ပွင့်စ နှစ်ပွင့်စ ပန်ထားသူ၊ ပန်းပွင့်ပုံဖော်ထားသူများတွင် အမျိုးသမီးများသာမက အမျိုးသားများလည်း ပါဝင်လျက်ရှိသည်။

ရောက်ရာအရပ်မှနေ၍ တစ်သီးပုဂ္ဂလိက ပန်းသပိတ်ဆင်နွှဲသူအများစုဆိုကြသည်မှာ “ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ” ဆိုသည့် စာသားများဖြစ်သည်။ ဆရာဇော်ဂျီ၏ ‘ဗေဒါလမ်း’ ကဗျာထဲမှ စာသားဖြစ်သည်။ ဘဲအုပ်နှင့်တူသော ရန်သူများအလယ်တွင် ရဲရဲဝံ့ဝံ့ခိုင်ခိုင်မာမာ ရှိနေသည့် ဗေဒါပင်ကို ဖော်ညွှန်းထားသည့် ထိုကဗျာစာသားသည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သတ္တိကို ကိုယ်စားပြုစေလျက်ရှိသည်။

“နန်းပြန်ရဖို့ ပန်းပန်ကြစို့”၊ “တစ်ပွင့်ချွေရင် တစ်ပင်လုံးလိုက်ဝေမယ်” ဟုဆိုလျက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုသည့် အရောင်အသွေးစုံပန်းများကြားတွင် အာဏာရှင်တော်လှန်ရေးစိတ်ဓာတ်များ ထက်ထက်သန်သန်ကိန်းအောင်လျက်ရှိသည်။

စစ်ဗိုလ်ချုပ်ကြီးများ စိတ်ကြိုက်ခြယ်လှယ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်ခွင့်ကို ဆုံးရှုံးနေရသည့်တိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ရှိန်မြင့်မားမှုက အာဏာရှင်များကို ခြိမ်းခြောက်လျက်ရှိသည်။ 

Show More

Related Articles

Back to top button