အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြဝတီမြို့နယ် ကျားဖြန့်လုပ်ငန်းခွင်ဟောင်းကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လုပ်နေ

ကရင်အမျိုးသားအစည်းရုံး (KNU) စီးနင်းရှင်းလင်းခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ရှိခဲ့ရာ နေရာများအနီး လေယာဉ်၊ ဒရုန်း တိုက်ခိုက်မှုများဆက်လုပ်နေသည်ဟု သိရသည်။

ထိုင်းနှင့် မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် ကရင်အမျိုးသားအစည်းရုံး (KNU)  စီးနင်း ရှင်းလင်းခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ရှိခဲ့ရာ မင်းလက်ပံရွာနှင့် အနီးဝန်းကျင် ကျေးရွာ များကို အာဏာသိမ်းစစ်တပ်က ယခုရက်ပိုင်းအတွင်း လေယာဉ်နှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက်မှု များ လုပ်နေကြောင်း သိရသည်။

မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မင်းလက်ပံကျေးရွာ အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်ကို  KNU က ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် ဝင်ရောက်ရှင်းလင်းခဲ့ပြီးနောက် ထိုနေရာကို စစ်တပ်က ထိုးစစ်ဆင်နေ ခြင်းဖြစ်သည်။

မင်းလက်ပံကျေးရွာအနီးရှိ သုဿန်၊ ရသေ့ဂူကျေးရွာနှင့် အင်ကြင်းမြိုင် ဘုန်းကြီးကျောင်းတို့တွင်လည်း စစ်ကော်မရှင်တပ်သားများ ရောက်ရှိနေပြီး ရသေ့ဂူကျေးရွာအထက်ပိုင်းရှိ တောင်ကြောများမှတစ်ဆင့် မြေပြင်စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

စစ်ကြောင်းထိုးနေသော်လည်း ရှေ့မတိုးနိုင်ဖြစ်နေသော အာဏာသိမ်းစစ်ကော်မရှင်တပ်သည် အဝေးမှ ပစ်ခတ်တိုက်ခိုက်နေသည်ဟု  KNU ပြောခွင့်ရ ပဒိုစောတောနီးက Myanmar Now ကို ပြောသည်။

“ထုံးစံအတိုင်း အဝေးကနေ လှမ်းပစ်တာပဲရှိတယ်။ သူတို့ပစ်လို့ ထိုင်းဖက်ကမ်းကျရင် ကျွန်တော်တို့ ဘက်ကို အပြစ်ဖို့ပြီးမဟုတ်မမှန် ပြန်စွပ်စွဲတယ်။ ဒါကသူတို့လုပ်နေကျအလုပ်တစ်ခုပါ” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် မင်းလက်ပံရွာရှိ KNU တပ်သားများရှိသည်ဟု ယူဆရသော နေရာများကို စစ်တပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျည်ဆန်အချို့ ထိုင်းဘက်အခြမ်း သောင်ရင်းမြစ်ကမ်းဘေး မယ့်ကိုးကင်းရွာရှိ နေအိမ်အချို့ကို ကျရောက်ခဲ့သည်ဟု မယ့်ကိုးကင်းရွာ မြန်မာရွာသူကြီး ဦးစိုးပိုင်က Myanmar Now ကို ပြောသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၈ ရက်) နံနက် ၉ နာရီဝန်းကျင်တွင်လည်း မယ့်ကိုးကင်းရွာနှင့်ဆက်စပ်နေသည့် ဖူးလူးကြီးကျေးရွာအထွက်ဘုရားကုန်းအနီးကို တိုက်လေယာဉ်ဖြင့် လေကြိမ်ခန့် ဗုံးကြဲသွားသည်ဟု လည်း ဦးစိုးပိုင်က ဆိုသည်။

“အပေါ်က လေယာဉ်နဲ့ပစ်ပြီး အောက်က ထိုးစစ်ဆင်လာတဲ့သဘောရှိတယ်။ မနေ့က ပစ်ခတ်မှုမှာ ထိုင်းဘက်ကို ကျည်တွေဘာတွေမကျဘူး။ အသံကတော့ ပြင်းပြင်းထန်ထန်ပဲ။ သူတို့က(စစ်တပ်) တစ်ခါတစ်လေကျရင် တစ်ပတ်မှာ တစ်နေ့မှာ ဒရုန်းနဲ့ နှစ်ကြိမ်သုံးကြိမ် ပုံမှန်လာပြီး ဗုံးသီးချတယ်။ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်သေးဘူးဆိုရင်လေ။ ဒရုန်းက အမြဲတမ်းဝဲနေတယ်။လူတွေဘာတွေ စုပြီးမနေရဲဘူး”  

အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ထိုင်းဘက်ခြမ်းတွင် လူထိခိုက်သေဆုံးမှု မရှိသော်လည်း မြန်မာဘက်ခြမ်းတွင်ထိခိုက်မှုများရှိကြောင်း အသေးစိတ်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ယမန်နေ့ နံနက်တွင် ဖလူးရွာအနီး လက်နက်ကြီးနှင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်သံကို မြဝတီမြို့ ပေါ်ကပင် ကြားနေရကြောင်း အမည်မဖော်လိုသည့် မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယခု တိုက်ပွဲများဖြစ်နေသည့် မင်းလက်ပံကျေးရွာသည် မူလအစက စစ်တပ်နှင့် အပစ်ရပ်ထားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ထိန်းချုပ်ထားသည့် ရွာဖြစ်သည်။ ထိုနေရာတွင် တရုတ်ငွေလိမ်ဂိုဏ်းများကိုDKBAက အခြေချလုပ်ပိုင်ခွင့်ပြုခဲ့ပြီး တစ်စ ထက်တစ်စ လုပ်ငန်းများကြီးထွားလာခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက်တွင် မင်းလက်ပံရွာကို ဂိတ်အထပ်ထပ်ပိတ်ထားသော ကျားဖြန့်လုပ်ငန်းဝင်းကို နိုဝင်ဘာလ ၂၃ ရက်နေ့တွင် KNU က စီးနင်းလိုက်ပြီး  လူ ၂၀၀၀ ကျော် ဖမ်းမိသည်။ အဆိုပါ ကျားဖြန့်ရုံ စီးနင်းမှုအတွင်း တရုတ်လူမျိုးတစ်ဦးအပါအဝင် သေဆုံးသူ ငါးဦး ထက်မနည်း ရှိခဲ့သည်။ 

ထို့နောက် တရုတ်နိုင်ငံသားအများစုပါသော ကျားဖြန့်လုပ်သားများကို ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ KNU က ပို့ဆောင်ခဲ့သည်။

KNU တပ်များ စီးနင်းထားစဉ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ စစ်ကော်မရှင်တပ်က ခပ်စိတ်စိတ် ပြုလုပ်ခဲ့သည်။ 

အဆိုပါ ကျားဖြန့်ရုံကို KNU တပ်များ စီးနင်းထားစဉ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ခပ်စိတ်စိတ် ပြုလုပ်ခဲ့သည်။ 

လက်ရှိတွင် မင်းလက်ပံကျားဖြန့်စင်တာများကို အလုံးစုံရှင်းလင်းပြီး KNU က လူအဝင်အထွက် ကန့်သတ်ထားသည်။ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်ခဲ့သည့် ခြံဝင်းထဲသို့ဝင်ရောက်သူများကိုလည်း ပစ်မိန့်ပေးထားသည်ဟု သိရသည်။ 

Related Articles

Back to top button