မြန်မာနှင့် ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းဘေး မင်းလက်ပံရွာရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းခွင်ကို ကရင်အမျိုးသားအစည်းရုံး (KNU) က နိုဝင်ဘာလ လကုန်ပိုင်းတွင် ဝင်ရောက်ရှင်းလင်းပြီးနောက် ထိုနေရာသည် စစ်ပွဲ၏ ဗဟိုချက်ဖြစ်လာခဲ့သည်။
ရက်များမကြာမီမှာပင် အာဏာသိမ်းစစ်တပ်က ထိုရွာကို လေကြောင်း၊ လက်နက်ကြီးနှင့် အသေခံဒရုန်းများ အသုံးပြု၍ တရစပ်ပစ်ခတ် တိုက်ခိုက်လျက်ရှိရာ နယ်ခြားမြစ် သောင်ရင်းမြစ်ကမ်းအနီး၌ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်။
စစ်ကော်မရှင်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များက တန်ပြန်ခုခံနေပြီး အခြားတစ်ဖက်တွင်မူ KNU က ဝင်ရောက်ရှင်းလင်းထားသည့် ကျားဖြန့်လုပ်ငန်းများမှ တရုတ်နိုင်ငံသားအများစုပါဝင်သော ကျားဖြန့်လုပ်သားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ အချို့သည် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ထွက်ခွာသွားကြပြီး ဒီဇင်ဘာလ ၁၇ ရက်တွင် လုပ်သားအားလုံးအပြီးသတ်ထွက်ခွာခဲ့သည်ဟု KNU က ထုတ်ပြန်ခဲ့သည်။

သို့သော် တိုက်ပွဲများကြောင့် လုံခြုံရေးအန္တရာယ်စိုးရိမ်နေရဆဲဖြစ်ပြီး ထောင်နှင့်ချီသော မင်းလက်ပံဒေသခံများသည် သောင်ရင်းမြစ်ကိုဖြတ်ကူး၍ ထိုင်းတစ်ဖက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်ရသလို အချို့သည် သောင်ရင်းမြစ်ကမ်းတစ်လျှောက်နှင့် စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြရသည်။
စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်များ နယ်စပ်မျဉ်းကိုကျော်လွန်၍ ထိုင်းနိုင်ငံဘက်ခြမ်းထိ ကျရောက်ပေါက်ကွဲခဲ့ရာ ထိုင်းနယ်စပ်ကျေးရွာများအထိ ရိုက်ခတ်မှုရှိလာသည်။
တိုက်ပွဲအခြေအနေ၊ ကျားဖြန့်စင်တာရှင်းလင်းရေး၊ တရုတ်ငွေလိမ်ဂိုဏ်းသားများ ပြန်လည်ပို့ဆောင်ရေးနှင့် စစ်ဘေးရှောင်တို့၏အခြေအနေများနှင့် ပတ်သက်၍ ဒီဇင်ဘာလ ဒုတိယပတ်အတွင်း မင်းလက်ပံနှင့် ထိုင်းနယ်စပ်အနီးဒေသများသို့ Myanmar Now သတင်းဌာနက နယ်မြေဆင်းသွားရောက်ကာ သတင်းရယူခဲ့သည်။
ထိုင်းနယ်စပ်တစ်လျှောက်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ကျားဖြန့်လုပ်ငန်းပေါင်းများစွာရှိပြီး အများစုကို စစ်တပ်၏ မဟာမိတ် ကရင်နယ်ခြားစောင့်တပ်(BGF)နှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် လည်ပတ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ KNU သည်ပင် နာမည်ကျော် KK Park ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲခံနေရသည်။

မြဝတီမြို့နယ်အတွင်း ရွှေကုက္ကိုလ်နှင့် KK Park ကဲ့သို့သော ကျားဖြန့်စင်တာများကို စစ်တပ်နှင့် ကရင်နယ်ခြားစောင့်တပ်(BGF)တို့က ဖြိုချနှိမ်နင်းနေသည်ဟု ထုတ်ပြန်ထားသည်။ သို့ရာတွင် ကရင်နယ်ခြားစောင့်တပ်အနေဖြင့် စစ်တပ်၏ မီးစိမ်းပြမှုမပါဘဲ ထိုလုပ်ငန်းများလည်ပတ်ရန် ခက်ခဲသလို နှစ်ဦးနှစ်ဖက် အကျိုးစီပွားထွေးရောယှက်တင်မှုများရှိနေသဖြင့် ၎င်းတို့ ဦးဆောင်နေသော ကျားဖြန့်နှိမ်နင်းရေးအပေါ် သံသယမကင်းဖြစ်နေကြသည်။
Myanmar Now ၏ မင်းလက်ပံခရီးစဉ်သည် ကရင်ပြည်နယ်အတွင်း အလွန်တိုတောင်းလှသော ခရီးစဉ်တစ်ခုဖြစ်သော်လည်း ကျားဖြန့်နှိမ်နင်းရေး ကြွေးကြော်မှုများကြား လမ်းတစ်လျှောက်တွင် ကျားဖြန့်အဆောက်အအုံအသစ်များ မိုးဦးကျမှိုပွင့်များသဖွယ် ထပ်မံပေါ်ထွက်လာသည်ကို တစ်စိတ်တစ်ပိုင်းတွေ့မြင်ခဲ့ရသည်။

ကျားဖြန့်စင်တာများရှိရာ မင်းလက်ပံရွာသို့
ဒီဇင်ဘာလ ၁၂ ရက်တွင် Myanmar Now သတင်းထောက်များက ထိုင်းနိုင်ငံဘက်ခြမ်းမှတဆင့် သောင်ရင်းမြစ်ကို စက်လှေဖြင့်ဖြတ်ကူး၍ မင်းလက်ပံကျေးရွာအနီးသို့ ဝင်ရောက်သတင်းယူခွင့်ရခဲ့သည်။ တစ်ဦးလျှင် စက်လှေခ ထိုင်းဘတ်ငွေ ၂၀ ပေး၍ ထိုင်းနယ်စပ်ရှိ မယ့်ကိုးကင်းရွာအနီး သောင်ရင်းမြစ်ကမ်းစပ်မှ ကရင်ပြည်နယ်အတွင်းသို့ ဝင်ရောက်စဉ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ် ဂိတ်တစ်ခုကို ဖြတ်ကျော်ရသည်။
ထိုဂိတ်သည် မင်းလက်ပံရွာ၏တောင်ဘက် သောင်ရင်းမြစ်ကမ်း မိုးပြာစစ်ဘေးရှောင်းစခန်းအနီးတွင် တည်ရှိသည်။ ထိုဂိတ်တွင် DKBA တပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားသည်။ စက်လှေမောင်းပို့ပေးသူက ထိုဂိတ်ကို ဓာတ်ပုံမရိုက်ရန်ပြောဆိုသည်။
ဂိတ်အတွင်းသို့ ဝင်ရောက်စဉ် ယာယီမိုးကာတဲတစ်ခုအတွင်း တရုတ်စကားပြော လူငယ် ၁၀ ဦး ဝိုင်းဖွဲ့စကားပြောနေသည်ကိုတွေ့ရသည်။ အခြားလူနေအဆောင်များတွင်လည်း တရုတ်စကား ပြောသည့်သူအများအပြားကို နေရာချထားပေးသည်ကိုတွေ့ရသည်။

၎င်းတို့အကြောင်း DKBA တပ်ဖွဲ့ဝင်များထံက စုံစမ်းမေးမြန်းခွင့်မသာခဲ့သော်လည်း ဒေသခံများကမူ ၎င်းတို့သည် ကျားဖြန့်စင်တာများမှ ခေါ်ထုတ်လာသည့် တရုတ်နိုင်ငံသားများဟုဆိုကြသည်။ မြို့ပြနှင့် အလှမ်းကွာဝေးလှသော နယ်စပ်တွင် ရောက်ရှိနေကြသည့် ထိုတရုတ်နိုင်ငံသားများသည် သောင်ရင်းမြစ်အတွင်း ရေချိုးရန်နှင့် ဂိတ်ပြင်ပနေရာများသို့ သွားလာရန် DKBA တပ်ဖွဲ့ဝင်များထံ ခွင့်ပြုချက်တောင်းခံရသည်ကို တွေ့ရသည်။
ထို့နောက် မင်းလက်ပံသို့ ခရီးဆက်ရန် ဖုန်တထောင်းထောင်းထနေသော လမ်းကျဉ်းလေးမှတဆင့် ကွန်ကရစ်လမ်းအတိုင်း ကားစီးလာခဲ့ကြသည်။ မင်းလက်ပံမရောက်မီ သုံးမိုင်အကွာ ဖလူးကျေးရွာအနီးတွင် အသစ်စက်စက်ဆောက်လုပ်နေသော ကျားဖြန့်အဆောက်အအုံပေါင်းများစွာကို တွေ့မြင်ခဲ့ရသည်။
အစိမ်းရောင်သွပ်မိုး၊ သွပ်ကာများဖြင့် ဂိုဒေါင်ကြီးများသဖွယ် ဆောက်ထားသော အဆောက်အအုံများသည် လောလောလတ်လတ်ပြီးစီးနေပြီး အချို့အဆောက်အအုံများသည် အုတ်မြစ်ချတည်ဆောက်ဆဲဖြစ်သည်ကို တွေ့မြင်ရသည်။ အချို့အဆောက်အအုံများသည် သွပ်မိုး၊ အုတ်ကာတိုက်များဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် ဆောက်လုပ်ရေးသုံးသံချောင်းများ၊ ဘိလပ်မြေများကို ပုံထားပြီး ဘိလပ်မြေသယ်သည့်ယာဉ်ကြီးများ ဝင်ထွက်သွားလာနေသည်ကိုတွေ့မြင်ရသည်။
ထိုနေရာသည် DKBA ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ကျားဖြန့်လုပ်ငန်းများ လည်ပတ်လုပ်ကိုင်ရန် အဆောက်အအုံများတည်ဆောက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ ထိုသို့ဆိုလျှင် မင်းလက်ပံကျေးရွာ ကျားဖြန့်စင်တာများကို KNU က စီးနင်းသည်ဆိုသော်လည်း ရွာနီးချုပ်စပ်နေရာ၌ ကျားဖြန့်လုပ်ငန်းများကို တိုးချဲ့လာကြောင်း ထိုအဆောက်အအုံများက သက်သေခံနေသည်။

မင်းလက်ပံကျားဖြန့်စင်တာကို အလုံးစုံရှင်းလင်း
ထိုကွန်ကရစ်လမ်းအတိုင်း မိနစ်အနည်းငယ်ကားမောင်းခဲ့ပြီးနောက် KNU ဝင်ရောက်ရှင်းလင်းခဲ့သော ကျားဖြန့်စင်တာများရှိရာ မင်းလက်ပံရွာသို့ ရောက်ရှိခဲ့သည်။
မင်းလက်ပံရွာကို မူလအစက စစ်တပ်နှင့် အပစ်ရပ်ထားသော ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ထိန်းချုပ်ထားသည်။ လွန်ခဲ့သည့် လေးနှစ်ကျော်မှစ၍ DKBA က တရုတ်ငွေလိမ်ဂိုဏ်းများကို မင်းလက်ပံရွာတွင် အခြေချလုပ်ပိုင်ခွင့်ပြုခဲ့ပြီး တစ်စထက်တစ်စ လုပ်ငန်းများကြီးထွားလာခဲ့သည်။
မြဝတီမြို့တောင်ဘက် ၁၀ မိုင်ခန့်အကွာ မင်းလက်ပံကျေးရွာသည် ထိုင်းနယ်စပ်တစ်လျှောက် ကျားဖြန့်စင်တာများ စုပေါင်းတည်ရှိရာ နေရာများအနက် တစ်ခုဖြစ်ပြီး ယခုကာလအတွင်း သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ KNU က တိုက်ရိုက်ဝင်ရောက်နှိမ်နင်းခဲ့သည်။
နိုဝင်ဘာလ ၂၁ ရက်တွင် ထိုကျားဖြန့်လုပ်ငန်းများကို KNU က စီးနင်းလိုက်ပြီး တရုတ်နိုင်ငံသားအများစုပါသော ထောင်နှင့်ချီသည့် ကျားဖြန့်လုပ်သားများကို ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပို့ဆောင်နေသည်။ သို့ရာတွင် နေရပ်ပြန်လိုသူများရှိသလို ပြန်ရန်ငြင်းဆန်နေသော၊ ရာဇဝတ်မှုများ ကျူးလွန်ထားသည်ဟု ယူဆရသော ရန်လိုသည့် တရုတ်နိုင်ငံသားများလည်းရှိရာ ၎င်းတို့အား ကိုင်တွယ်ရန် KNU က ၎င်း၏ လက်နက်ကိုင်အဖွဲ့ KNLA ကို အာဏာအပ်နှင်းခဲ့သည်။

ထို့နောက် မင်းလက်ပံကျားဖြန့်စင်တာများကို အလုံးစုံရှင်းလင်းပြီး လူအဝင်အထွက်ကန့်သတ်ထားသည်။ ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်သော ခြံဝင်းထဲသို့ဝင်ရောက်သူကို ပစ်မိန့်ပေးထားသည်။ ထိုခြံဝင်းထဲတွင် လေးထပ်ဝန်းကျင်ရှိသော RC တိုက်များ အစီအရီတည်ဆောက်ထားသည်ကို တွေ့မြင်ရသည်။
KNU စီးနင်းပြီးနောက် ထိုစင်တာများထဲတွင် တရုတ်ငွေလိမ်ဂိုဏ်းသားအချို့နေထိုင်မှုရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့အားလုံး ထွက်ခွာသွားပြီဖြစ်ကြောင်း KNU က ထုတ်ပြန်သည်။ ပြီးခဲ့သည့် သီတင်းပတ်က သောင်ရင်းမြစ်ကမ်းဘေးတွင် ယာယီတဲများဖြင့် ထိန်းသိမ်းကာ နေရပ်ပြန်ပို့ရန် KNU က စီစဉ်ထားသည်။ ထောင်နှင့်ချီသော ကျားဖြန့်လုပ်သားများကို ပြန်ပို့လျက်ရှိရာ ဒီဇင်ဘာလ ၁၂ ရက်အထိ ယာယီတဲများအတွင်း ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၂၀၀ ကျော်သာ ကျန်ရှိကြောင်းသိရသည်။
အများစုသည် အမျိုးသားများဖြစ်ပြီး အမျိုးသမီးအချို့ကိုလည်း တွေ့ရသည်။ အမျိုးသားများက အပေါ်အင်္ကျီဗလာဖြင့် နေထိုင်နေကြပြီး ဓာတ်ပုံရိုက်စဉ် မျက်နှာကို လက်ဖြင့်ကွယ်ထားကြသည်။ Google Translate App သုံးပြီး စကားပြောဆိုရာတွင် ထိုင်းနိုင်ငံဘက်သို့ ဖြတ်ခွင့်ရမည့်အချိန် သိလိုကြောင်း မေးမြန်းသူများရှိသလို ၎င်းတို့ကို ခေါ်ထုတ်ပေးရန် ဈေးညှိနှိုင်းလိုသည့်သဘော ပြောဆိုသူများလည်း ရှိသည်။

လူလတ်ပိုင်းအရွယ် ငွေလိမ်လုပ်ငန်းလုပ်ကိုင်ခဲ့သူ တရုတ်နိုင်ငံသားတစ်ဦးက”ဒီမှာ အားလုံးနီးပါး အဆင်ပြေပါတယ်။ ကျွန်တော်တို့အားလုံး အိမ်ပြန်တဲ့လူတွေနဲ့ အဆက်သွယ်ရှိကြတယ်” ဟု ဆိုသည်။
သောင်ရင်းမြစ်ကမ်းစပ်၌ ဖော့ဘူးခွံများ၊ ပလတ်စတစ်အိတ်များ ပါဝင်သည့် အမှိုက်သရိုက်များ ပြန့်ကျဲရှုပ်ပွနေသည်။ လူနေတဲများနှင့်မနီးမဝေး မစင်စွန့်ထားကြသည့်နေရာတွင် တစ်ရှုးစများဖြင့် ရှုပ်ပွကာ အနံ့ဆိုးများလည်းထွက်နေသည်။
ထိုနေရာကို KNU ရဲတပ်ဖွဲ့က အနီးကပ်ကြီးကြပ်ကွပ်ကဲခဲ့သည်။ ငွေလိမ်လုပ်ငန်းလုပ်ကိုင်ကြသော ကျားဖြန့်အဆောက်အအုံများထဲသို့ လူအဝင်အထွက်ကို ကန့်သတ်ထားသည်။ ကျားဖြန့်လုပ်ငန်းတွင် အသုံးပြုသည့် ထောင်နှင့်ချီသောကွန်ပျူတာများ အပါအဝင် သက်သေခံပစ္စည်းများသိမ်းဆည်းပြီး KNU က ထိုပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာလေ့လာရန် ကြိုးပမ်းနေသည်ဟု သိရသည်။
KNU တွင် နည်းပညာအဖွဲ့တစ်ခုဖွဲ့စည်းထားသော်လည်း ထိုသက်သေများကိုလေ့လာရန် စွမ်းဆောင်ရည် အကန့်အသတ်ရှိကြောင်း၊ ကမ္ဘာကိုခြိမ်းခြောက်လျက်ရှိသော ကျားဖြန့်လုပ်ငန်းများ တိုက်ဖျက်ရေးအတွက် ထိုနေရာကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်း စုံစမ်းသိရှိရသည်။

သို့သော်လည်း KNU ၏ ကျားဖြန့်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်နှေးကွေးခဲ့ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက Myanmar Now နှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
ကျားဖြန့်လုပ်သားများပြန်ပို့ရာတွင် နိုင်ငံတကာကို သံတမန်လမ်းကြောင်းအရဆက်သွယ်ခဲ့သော်လည်း လုံးဝတုံ့ပြန်မှုမရှိသော နိုင်ငံများရှိကြောင်း သူက ဆိုသည်။
“ပူးပေါင်းဆောင်ရွက်မှုတွေ၊ လိုအပ်မှုတွေအများကြီးရှိတယ်။ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလိုတယ်။ မပူးပေါင်း၊ မဆောင်ရွက်ဘူးဆိုရင်တော့ တကယ့်အရေးပါတဲ့ ရာဇဝတ်သားတွေက ဒီအချိန်မှာသူတို့ကို ဒီတရားမျှတမှုရှေ့ကိုခေါ်ဆောင်လာဖို့အတွက် အခွင့်အရေးက ဆုံးရှုံးသွားမှာဖြစ်တယ်” ဟု သူက ဆိုသည်။
“နိုင်ငံတကာပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုက အရမ်းနှေးကွေးတဲ့အခါကြတော့ ကျွန်တော်တို့ကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ နောက်ဆုံးမှာကျွန်တော်တို့ စီစဥ်ရတော့တဲ့ အနေအထားရောက်ရှိသွားမှာဖြစ်တယ်”
ကျားဖြန့်လုပ်ငန်းများသည် တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေသော ပြဿနာကြီးဖြစ်ရာ KNU က ဝင်ရောက်နှိမ်နင်းရာတွင် စနစ်တကျကိုင်တွယ်ရန် နည်းပညာ၊ အသိပညာနှင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အားနည်းချက်များစွာရှိနေသည်။ အခြားတစ်ဖက်တွင် စစ်ကော်မရှင်နှင့် တိုက်ပွဲများဖြစ်ပွားနေချိန် မင်းလက်ပံကျားဖြန့်များကို နှိမ်နင်းနေရခြင်းကြောင့် စိန်ခေါ်မှုများစွာရှိနေသည်။
စစ်ရေးပစ်မှတ်ဖြစ်လာသော မင်းလက်ပံကျားဖြန့်စင်တာများ
အခက်အခဲများကြားမှ နိုဝင်ဘာလ ၂၁ ရက်နေ့မှစ၍ ထိုကျားဖြန့်စင်တာကို KNU က စီးနင်းလိုက်ပြီးနောက် စစ်ကော်မရှင်တပ်က အကြီးအကျယ်ထိုးစစ်ဆင်နေသဖြင့် နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်နေကြောင်း ပဒိုစောတောနီးက ပြောသည်။
မင်းလက်ပံရွာထက် သင်္ချိုင်းကုန်းနေရာ၊ ရသေ့ဂူကျေးရွာနှင့် အင်ကြင်းမြိုင် ဘုန်းကြီးကျောင်းတို့တွင် စစ်ကော်မရှင်တပ်က ရောက်ရှိနေရာယူထားပြီး မင်းလက်ပံကျေးရွာကိုမူ KNU နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည်။ စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသလို တပ်မ ၂၂ လက်အောက်ခံတပ်များက ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဒီဇင်ဘာလ ၃ ရက်နှင့် ၅ ရက်တို့တွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်များသည် ထိုင်းဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုများရှိသလို လူနေအိမ်များလည်းပျက်စီးသွားခဲ့သည်ဟု သိရသည်။ စစ်ကော်မရှင်တပ်က မင်းလက်ပံရွာကို ထိန်းချုပ်လိုပြီး ကျားဖြန့်စင်တာထဲမှ သက်သေခံပစ္စည်းများကို ဖျောက်ဖျက်လိုခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆနေကြသည်။
သို့သော်လည်း မင်းလက်ပံဘက်သို့ စစ်တပ်၏ စစ်ကြောင်းကို KNU ပြင်းပြင်းထန်ထန်ခုခံနေသဖြင့် ရှေ့တိုးရ ခက်ခဲနေရာ ထိုစစ်ကြောင်းက ရသေ့ဂူဘက်ရှိ တောင်ကြောများမှတစ်ဆင့် ဖလူးလေးကျေးရွာဘက်သို့ ဝင်ရောက်နေကြောင်း တော်လှန်ရေးတပ်များနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုတိုက်ပွဲများကြောင့် အသက်အန္တရာယ်စိုးရိမ်ရသဖြင့် သောင်ရင်းမြစ်အနီး ပုန်းခိုကျင်းများတူး၍ ယာယီတဲများဖြင့် တိမ်းရှောင်နေရကြောင်း မင်းလက်ပံဒေသခံ ကိုကြက်ဖက Myanmar Now ကို ပြောသည်။
အထူးသဖြင့် မင်းလက်ပံဒေသခံများသည် သောင်ရင်းမြစ်ကမ်းဘေး၊ မိုးပြာစစ်ရှောင်စခန်းတို့တွင် တိမ်းရှောင်နေရပြီး ငွေကြေးတတ်နိုင်သူများက ထိုင်းနယ်စပ်ကျေးရွာများ၌ စစ်ရှောင်နေသည်ဟု ၎င်းက ပြောသည်။

“ဒီလိုတဲအောက်မှာ ဗုံးတွင်းတွေတူးပြီးနေရတယ်။ ကျွန်တော်တို့လည်း ဒီမှာ ဗုံးတွင်းတူးပြီးနေရတယ်။ ပြေးဟေ့ပြေးဟေ့ဆိုရင် အဲ့ဒီမှာပဲ ပုန်းရှောင်နေရတယ်” ဟု ၎င်းက ပြောသည်။
မင်းလက်ပံရွာသည် ကျားဖြန့်စင်တာများမရှိစဉ်က တောင်ယာလုပ်ငန်းဖြင့် အသက်မွေးကြသည့် သာမန်ကျေးရွာတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်ဝန်းကျင်မှစ၍ ငွေလိမ်လုပ်ငန်းများရောက်လာသည်။ တောရိုင်းမြေများကို ရှင်းလင်း၍ ငွေလိမ်လုပ်ငန်းလုပ်ကိုင်ရန် DKBA ခေါင်းဆောင် ဗိုလ်သခွားသီးက ဦးဆောင်ခွင့်ပြုပေးခဲ့သည်။
ယခုအခါ စစ်ကော်မရှင်၏ စစ်ရေးပစ်မှတ်ဖြစ်လာပြီး တိုက်ပွဲကြား စားဝတ်နေရေးခက်ခဲကြောင်း ကိုကြက်ဖက ပြောသည်။
“မရှိရှိတာလေးရောင်းစားလိုက်၊ သားသမီးလေးပို့တဲ့ ပိုက်ဆံလေးနဲ့စားလိုက် အဲ့ဒါပဲရှိတာပါ။ လူသုံးပုံ ပုံလိုက်မယ်။ ဟိုဘက်(ထိုင်းဘက်) တစ်ပုံတောင်မရှိဘူး။ ဘယ်လိုလဲဆိုတော့ အဲ့ဒီမှာ ရေခ၊ အခန်းခ၊ မီးခ ပိုက်ဆံမရှိရင် ဘယ်လိုသွားနေမလဲ။ မနေနိုင်ဘူး။ တော်ရုံတန်ရုံ ပိုက်ဆံရှိတဲ့သူပဲ သွားနေနိုင်ကြတယ်” ဟု ၎င်းက ပြောသည်။
မင်းလက်ပံရွာဘေး သောင်ရင်းမြစ်အနီးတွင် တိမ်းရှောင်နေရသူများ စစ်ပွဲထဲတွင် ပိတ်မိနေပြီး ခေတ္တခဏအပစ်ရပ်ပေးပါက မြဝတီမြို့ပေါ်သို့ ထွက်ခွာလိုကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် တိုက်ပွဲများက ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်က ရွာပြင်ထွက်ခွာသူများကို ပစ်ခတ်နေကြောင်း သိရသည်။
ထိုရွာအနီးသို့ Myanmar Now သတင်းထောက်များ ရောက်ရှိနေသည့်အချိန်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံ အချို့လည်း ကြားလိုက်ရသည်။
ထိုင်းနယ်စပ်ကို ရိုက်ခတ်မှု
တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်များ မကြာခဏ နယ်စပ်ကျော်ပြီး ကျရောက်ပေါက်ကွဲသောနေရာသည် မဲဆောက်မြို့တောင်ဘက် ၁၄ မိုင်အကွာတွင်ရှိသော အိမ်ခြေ ၇၀၀ ဝန်းကျင်ရှိသည့် မယ့်ကိုးကင်းကျေးရွာဖြစ်သည်။
ထိုရွာသို့ ဒီဇင်ဘာလ ၉ ရက်နှင့် ၁၀ ရက်တွင် Myanmar Now သတင်းထောက်များက သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်များ၊ စစ်ရှောင်အရေးကူညီပေးနေသော မြန်မာရွာသူကြီးများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ထိုင်းကျေးရွာ မယ့်ကိုးကင်းနှင့် မင်းလက်ပံရွာတို့သည် သောင်ရင်းမြစ် ခြားပြီး မျက်နှာချင်းဆိုင် တည်ရှိသည်။ မြန်မာဘက်မှ ကျားဖြန့်လုပ်သားများပြန်ပို့ရာတွင် ထိုင်းအာဏာပိုင်တို့က ထိုကျေးရွာအနီး သောင်ရင်းမြစ်ကမ်း လှေဂိတ်တွင် လက်ခံ၍ အချုပ်ကားကြီးများဖြင့် မဲဆောက်သို့ပို့ကာ သက်ဆိုင်ရာသံရုံးများဖြင့်ချိတ်ဆက်၍ ပြန်ပို့ကြောင်း ဒေသခံများထံက သိရသည်။

မင်းလက်ပံရွာ ဒေသခံတစ်ထောင်ဝန်းကျင်သည်လည်း မယ့်ကိုးကင်းရွာသို့ လာရောက်တိမ်းရှောင်ကြပြီး တိုက်ပွဲဖြစ်နေစဉ် ထိုင်းအာဏာပိုင်များနှင့် ရွာလူကြီးကို အကြောင်းကြားကာ ယာယီ နေထိုင်နိုင်ကြောင်း မယ့်ကိုးကင်းရွာ မြန်မာရွာသူကြီးတစ်ဦးဖြစ်သူ ဦးစိုးပိုင်က ပြောသည်။ ၎င်းတို့သည် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ကျေးရွာတန်းလျားများတွင် ငှားရမ်းနေထိုင်ကြရသည်ဟု ၎င်းက ဆိုသည်။
KNU က ကျားဖြန့်စင်တာကို စီးနင်းပြီးနောက် ကျည်ကျော်ကျမှု လေးကြိမ်ထက်မနည်းရှိခဲ့ပြီး လက်နက်ကြီးကျည် ခုနစ်လုံးဝန်းကျင်ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဦးစိုးပိုင်က ဆိုသည်။
“ဒီဘက်ကမ်းမှာ ထိုင်းဘက်အခြမ်းမှာတော့ သေဆုံးမှုကတော့ မရှိဘူး။ ဆေးရုံကြီးမှာ ကုသမှုခံယူတာ ရှိတာပေါ့။ တော်တော်ဆိုးဆိုးရွားရွားအပိုင်းဆိုရင်တော့ သုံးယောက်လောက်တော့ရှိတယ်” ဟု ၎င်းက ဆိုသည်။
ထို့နောက် နယ်စပ်တစ်လျှောက်တွင် ထိုင်းစစ်တပ်က လုံးခြုံရေးထပ်မံတိုးမြှင့်ထားသည်။ နယ်စပ်ရှိ သောင်ရင်းမြစ်တစ်ကြောတွင် ထိုင်းစစ်သားများအထိုင်ချထားပြီး အသံဗုံးများ တုံ့ပြန် ပစ်ခတ်သည်၊ တိုက်ပွဲဆိုးဆိုးရွာရွားဖြစ်နေချိန် ဆလိုက်မီးလုံးကြီးများထိုး၍ ကျည်ကျော်မကျရန် အချက်ပြသည်။
ထိုင်နိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်ကမ်းတစ်လျှောက်ကို Myanmar Now သတင်းထောက်များက သွားရောက်၍ မင်းလက်ပံ ကျားဖြန့်စင်တာများသို့ ဓာတ်ပုံရိုက်ကူးရန်ကြိုးစားစဉ် ထိုင်းစစ်တပ်က တားမြစ်ပိတ်ပင်ခဲ့သည်။

“ထိုင်းဘက်အခြမ်းမှာ ချောင်းဘေးက အိမ်တွေဆိုရင် အခုထိတောင် ပြန်မနေရဲကြတော့ဘူး။ သူတို့ တခြားနေရာမှာ ပြောင်းပြီးတော့ နေကြရတာပေါ့။ လက်နက်ငယ်တွေ၊ လက်နက်ကြီးကျည်တွေက ကျော်တဲ့အခါကြတော့ပေါ့နော်” ဟု ဦးစိုးပိုင်က ပြောသည်။
မယ့်ကိုးကင်းရွာ စာသင်ကျောင်းကို ပိတ်ပင်ထားရပြီး ရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ဘုန်းကြီးကျောင်းတွင် ပြောင်းရွှေ့သင်ကြားနေကြရသည်။ တိုက်ပွဲများသည် ပုံမှန်အားဖြင့် ည ၁၀ နာရီဝန်းကျင်နှင့် နံနက် ၃ နာရီ ဝန်းကျင်တွင် အပြင်းအထန်ဖြစ်ပွားလေ့ရှိသည်ဟု ဦးစိုးပိုင်က ဆိုသည်။
“မတည်ငြိမ်ပါဘူး။ စကစက အင်အားစုနေတဲ့သဘောပေါ့နော်။ အင်အားစုပြီးတော့ ဒီနေ့ နည်းနည်း ငြိမ်နေတယ်ဆိုရင် နောက်တစ်ရက် နှစ်ရက်ဆိုရင် အလုံးအရင်းနဲ့တက်လာပြန်ပြီ။ အဲ့ဒီလိုဆိုရင် တိုက်ပွဲ အကြီးအကျယ်ထဖြစ်ပြန်ပြီ” ဟု ၎င်းက ဆိုသည်။
စစ်ကော်မရှင်သည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ ကျေးရွာအတွင်း ပစ်ခတ်ခြင်းကြောင့် အိုးပစ်အိမ်ပစ်ထွက်ခွာလာရပြီး လတ်တလောတွင် နေရပ်ပြန်ရန် အလှမ်းဝေးသေးကြောင်း ထိုင်းဘက်သို့ စစ်ဘေးရှောင်လာသော မင်းလက်ပံဒေသခံ အမျိုးသားတစ်ဦးကလည်းပြောသည်။
တိုက်ပွဲများကြောင့် မယ့်ကိုးကင်းရွာတစ်ခုတည်းသာ အဓိကသက်ရောက်မှုရှိပြီး မဲဆောက်မြို့ပေါ်တွင် ပုံမှန်အတိုင်းလည်ပတ်လုပ်ကိုင်နေသည်။ သို့သော် ထိုင်းစစ်တပ်ဘက်က နှစ်နိုင်ငံကုန်သွယ်လှေဂိတ်များ ပိတ်ပင်ခဲ့သဖြင့် ကုန်စည်ပို့ဆောင်ရေးအကန့်အသတ်ဖြစ်ခဲ့သည်။ ယခုအခါ ထိုင်းက လှေဂိတ်များကို ပြန်လည်ဖွင့်ပေးချိန် မြန်မာဘက်က ပြန်လည်ပိတ်ပင်ထားကြောင်း သိရသည်။
စစ်တပ်၏ ကျားဖြန့်နှိမ်နင်းရေးခြေလှမ်း
KNU ဝင်ရောက်ရှင်းလင်းခဲ့သော မင်းလက်ပံဒေသကို စစ်ကော်မရှင်က ထိုးစစ်ဆင်နေသည့် တပြိုင်နက် ကျားဖြန့်တိုက်ဖျက်ရေးသတင်းစာရှင်းလင်းပွဲတစ်ခုကို ဒီဇင်ဘာလ ၁၄ ရက်တွင် စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ထိုရှင်းလင်းပွဲတွင် ကျားဖြန့် အွန်လိုင်းငွေကြေးလိမ်လည်မှုများတွင် စစ်ကော်မရှင်လက်အောက်ခံ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင် အရာရှိကြီးများ ပါဝင်ပတ်သက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောဆိုခဲ့သည်။
ထို့အပြင် ကရင်ပြည်နယ် ရွှေကုက္ကိုလ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ရှင်းလင်းရာတွင် နယ်ခြားစောင့်တပ် BGF အချို့ မပူးပေါင်းခြင်းကြောင့် ထိုသူများကို အရေးယူမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ နိုင်ငံပေါင်း ၅၄ ခုမှ ကျားဖြန့်လုပ်သား နိုင်ငံခြားသား ၇၀၁၃၅ ဦးကို လွှဲပြောင်းပေးထားကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ကျားဖြန့်ငွေကြေးလိမ်လည်သည့် လုပ်ငန်းကို ဝင်ရောက်နှိမ်နင်းခဲ့သည့် KK Park နယ်မြေထဲတွင် ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ အဆောက်အအုံ ၄၂၃ လုံး ကို ဖြိုချဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် အဆောက်အအုံ ၂၂၂ လုံးကိုလည်း ဆက်လက်ဖြိုချ ဖျက်ဆီးသွားမည်ဟုလည်း စစ်ကော်မရှင်က ဆိုသည်။ ထို့အပြင် ကျားဖြန့်လုပ်သားများကို ထိုင်းနယ်စပ် အမှတ် ၂ တံတားမှတဆင့် ပြန်လည်ပို့ဆောင်ပေးနေသည်။

စစ်ကော်မရှင် ဖြိုချခဲ့သော KK Park နယ်မြေအနီးသို့ Myanmar Now က ရောက်ရှိခဲ့သော်လည်း ထိုစင်တာများသို့ ဝင်ရောက်ခွင့်မရခဲ့ပေ။ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် စစ်ကော်မရှင်က တိုက်ဖျက်နေသည်ဟုဆိုသည့် ကျားဖြန့်နှိမ်နင်းမှုအစီစဉ်များနှင့်ပတ်သက်၍ နယ်စပ်ဒေသခံများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များကို Myanmar Now က မေးမြန်းရာတွင် အယုံအကြည်မရှိကြောင်း ပြောဆိုကြသည်။
ထိုလုပ်ငန်းများတွင် စစ်တပ်၏ ပါဝင်ပတ်သက်မှုအပေါ် ငြင်း၍ မရသလို ကျားဖြန့်စင်တာစီးနင်းရာတွင် သိမ်းဆည်းရမိသည့် ကွန်ပျူတာနှင့် သက်သေခံပစ္စည်းများကို ဖျောက်ဖျက်မှုကို ကြည့်ခြင်းအားဖြင့် ယုံကြည်ဖွယ်ရာမရှိကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဆိုသည်။
စစ်တပ်၏ လုပ်ရပ်ကြောင့် ကျားဖြန့်လုပ်ငန်းများသည် နယ်စပ်မှတဆင့် နေရာစုံကို ပျံ့နှံ့သွားကြောင်း ပဒိုစောတောနီးက ဆိုသည်။
“နယ်စပ်တကြောမှာပဲ အခြေပြုပြီးလှုပ်ရှားနေတာကနေ အခုက မြို့ကြီးထဲမှာရော တောတွေထဲမှာရော ရောက်သွားပြီးတော့ ကြိုက်သလိုလျှောက်လုပ်တော့မယ်ဆိုတာသေချာတယ်။ အဲ့ဒါ တိုင်းပြည်အတွက် တော်တော်အန္တရာယ်ကြီးတယ်ဆိုတာ သေချာတယ်” ဟု ၎င်းက ပြောလိုက်သည်။



