ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ ယမန်နေ့က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA) ပူးပေါင်းလက်နက်ကိုင်များနှင့် စစ်ကောင်စီတို့သည် ကွတ်ခိုင်မြို့နှင့် ၉မိုင်ခန့်အကွာရှိ ပန်ကူကျေးရွာဟောင်း၌ ယမန်နေ့( ဇွန်လ ၁၈ရက်) ညပိုင်းအထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း ပန်ကူဒေသခံတစ်ဦးက ပြောသည်။
“အခုလည်း ဒုန်းဒုန်းနဲ့ချနေတုန်းပဲ။ ၁၅ရက်နေ့တုန်းက ဖြစ်သွားတဲ့ အဖွဲ့တွေပဲဖြစ်တာ” ဟု ပန်ကူရွာမှ စစ်ရှောင်တစ်ဦးက ယနေ့ညပိုင်းတွင် ပြောသည်။
ဇွန်လ ၁၅ရက်က TNLA/MNDAA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် လွယ်ကန်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့၍ လွယ်ကန်ဒေသခံ ၁၂၀ ကျော် ပန်ကူဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ခဲ့ရသည်။
“ကျွန်မတို့လည်း စစ်ရှောင်ပဲ။ ဒါပေမဲ့ နောက်ထပ်အသစ်တိုးလာတဲ့ စစ်ရှောင်တွေလည်း ကျွန်မတို့ ပန်ကူဘုန်းကြီးကျောင်းမှာ ပဲရှိတယ်” ဟု ပန်ကူရွာမှ ၂၀၁၅ ကတည်းက စစ်ဘေးတိမ်းရှောင်နေရသည့် အမျိုးသမီးက ပြောသည်။
၂၀၁၅ ခုနှစ်ကဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ရှောင်ခဲ့သည့် ပန်ကူရွာမှ လူဦးရေ ၇၀၀ ကျော်မှာ ယနေ့အထိ နေရပ်မပြန်နိုင်သေးပေ။
ကချင်ပြည်နယ်တွင်လည်း ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ယမန်နေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို KIAက ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဒေါ့ဖုန်းယန်နားမှာ ဖြစ်တယ်။ အင်အားဖြည့်လာတဲ့ဟာ လမ်းကနေ ဖြတ်တိုက်တာရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA ဌာနချုပ် လိုင်ဇာနှင့် နီးကပ်စွာတည်ရှိသည့် ဒေါ့ဖုန်းယန်ဒေသသို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ကား အစီးငါးဆယ်ခန့် ပို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဒေါ့ဖုန်းယန်မှာ ထိုင်ပြီး အဲဒီကနေ ပြန်ထိုးစစ်ဆင်ဖို့လား။ ဒါမှမဟုတ် ထိုးမယ့်နေရာကို သူတို့ တစ်ခါတည်းသွားဖို့လားတော့ မပြောတတ်ဘူး။ အခုကလည်း လိုင်းပေါင်းစုံ၊ ကားလမ်းရော၊ လေကြောင်းရော၊ ရေကြောင်းရော မျိုးစုံကနေ လာနေတာဆိုတော့ ဘယ်လိုဖြစ်လာမလဲ ခန့်မှန်းလို့မရဘူး” ဟု ကချင်ဒေသခံက ဆက်ပြောသည်။
KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်သည့် သတင်းများရှိသော်လည်း တပ်ပိုင်းဆိုင်ရာမြေပြင်သတင်းများ မရသေးကြောင်း Myanmar Now ကို ပြောသည်။
လတ်တလောတွင် အာဏာသိမ်းစစ်ကောင်စီတပ်များအား ကြီးကြီးမားမား ထိုးစစ်ဆင်တိုက်ခိုက်သည့် တိုက်ပွဲများမရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ သို့ရာတွင် စစ်ကောင်စီတပ်၏ ရိက္ခာပို့ဆောင်ခြင်း၊ စစ်အင်အားတိုးခြင်း လှုပ်ရှားမှုသတင်းများ ကြားနေရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်လည်း ထိတွေ့ရင်ဆိုင်တိုက်ပွဲများ ရှိနေကြောင်း၊ ထိုးစစ်ဆင်သည့် တိုက်ပွဲများမဟုတ်ကြောင်း သူက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA က စစ်ကောင်စီတပ်များ၊ ရဲစခန်းနှင့် ရဲတပ်ရင်းများကို မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားသည်။
လတ်တလော တိုက်ပွဲများ မကြာခဏရှိနေသည့် ဒေါ့ဖုန်းယန်ဒေသရှိ စစ်ရေးအရ အရေးပါသော အလော့ဘွမ်တပ်စခန်းကိုလည်း KIA က သိမ်းထားသည်။
ထိုစခန်းပြန်ရရေးအတွက် စစ်ကောင်စီက လေကြောင်း၊ ကြည်းကြောင်းမှ ထိုးစစ်ဆင်ခဲ့သော်လည်း KIA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။



