အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကင်းမရွာမှ ထွက်ပြေးနေရသူများတွင် ကိုယ်ဝန်အရင့်အမာနှင့် နှစ်ဦးပါဝင်

မီးရှို့ခံရပြီးနောက် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ် ကင်းမရွာဒေသခံများတွင် ကိုယ်ဝန်ဆောင် ၅ ဦးပါဝင်ပြီး နှစ်ဦးမှာ မီးဖွားရန် ရက်ပိုင်းသာလိုတော့ကြောင်း သိရသည်။ 

“ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးတွေလိုအပ်နေတာ။ သူတို့က ဘယ်မှ ထွက်မရဘူး။ တောထဲမှာ ဟိုနားတစ်စု၊ ဒီနားတစ်စု နေကြတာ။ ကိုယ်ဝန်ဆောင်နှစ်ယောက်က မွေးခါနီးနေပြီ။ မွေးဖို့ လပိုင်းကိုမလိုတော့ဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသော ကင်းမရွာသားများကို အစားအသောက် သွားရောက်လှူဒါန်းခဲ့သူ ပေါက်မြို့အတွင်းရှိ တောင်ချိုရွာသားတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၄၀ ခန့်၊ လူဦးရေ ၁၀၀၀ ဝန်းကျင်ရှိ ကင်းမရွာကို ဇွန် ၁၅ တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်။ ထို့ပြင် ဒေသခံ ၅၀၀ ကျော်မှာ နီးစပ်ရာ ရွာများတွင် တိမ်းရှောင်နေရပြီး ကျန်သူများမှာ တောထဲတွင် ပုန်းအောင်းနေရသည်ဟု သိရသည်။ 

တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသူများတွင် ကိုယ်ဝန်ဆောင် ၅ ဦးအပြင်၊ အသက် ငါးနှစ်အောက် ကလေးငယ် ၉၀ နီးပါး ပါဝင်ကြောင်း၊ နှလုံးလေးဖက်နာ၊ ကျောက်ကပ်၊ အစာအိမ်၊ ရင်သားကင်ဆာ ရောဂါရှိသူ ၁၅ ဦးအတွက်လည်း ဆေးဝါးများလိုအပ်နေကြောင်း ကင်းမရွာခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“ဆေးဝါးနဲ့ ကုသပေးမှုတွေလိုအပ်နေတယ်။ ကျန်းမာရေးကိစ္စတွေက အဓိကပေါ့။ နေမကောင်းတဲ့သူတွေလည်း ရှိတယ်။ စားဝတ်နေရေးက အဆင်ပြေနေသေးတယ်။ အနီးအနားက ရွာတွေက ထောက်ပံ့ပေးတာတွေ ရှိတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ထွက်ပြေးတိမ်းရှောင်နေသူများအနက် နို့မပြတ်သေးသည့် ကလေးငယ် ၂၇ ဦး ပါဝင်နေသဖြင့် ၎င်းကလေးများအတွက် နို့မှုန့်လိုအပ်နေသည်ဟုလည်း ဆိုသည်။ 

ကင်းမရွာသားများသည် တောထဲတွင် ပုန်းခိုနေကြဆဲဖြစ်ပြီး စားနပ်ရိက္ခာကို အနီးဝန်းကျင် ကျေးရွာများက ကူညီထောက်ပံ့နေသော်လည်း ဆေးဝါးများမှာ ထောက်ပံ့ရန် အခက်အခဲရှိကြောင်း သွားရောက်ကူညီခဲ့သူက ပြောသည်။

စစ်ကောင်စီရန်ကြောင့် ကင်းမရွာသူရွာသားများ တောထဲ၌ ပုန်းရှောင်နေရသည်မှာ လေးရက်မြောက်ရှိလာပြီဖြစ်သည်။ 

“တောထဲ သစ်ပင်အောက်မှာ နေကြတာပေါ့။ တဲရှိတဲ့သူတွေက တဲမှာ နေတာပေါ့။ ဖြစ်လိုစားနေကြတာ။ ရွာထဲမှာ သွားနေတဲ့သူတွေကလည်း နောက်တစ်ခါ ထပ်ဖြစ်မလား စိုးရိမ်ပြီး ရှိတဲ့ပစ္စည်းတွေသယ်ပြီး ရှောင်နေကြတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။

ဇွန် ၁၅ ရက် မွန်းလွဲပိုင်းက ကင်းမရွာမီးရှို့ခံရစဉ်အတွင်း အသက် ၈၈ နှစ်အရွယ် ဦးမြမောင်နှင့် ၈၂ နှစ်အရွယ် ဒေါ်ကြီးမှိန် ဇနီးမောင်နှံ မီးလောင်သေဆုံးခဲ့ပြီး လူငယ်တစ်ဦး ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဒေသခံများက အတည်ပြုထားသည်။ 

စစ်ကောင်စီကမူ ကင်းလှည့်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သူများက ပစ်ခတ်တိုက်ခိုက်ပြီး ကင်းမရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးငြှိမ်းသတ်ပေးခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့က ကင်းမရွာမှ ၁၂ မိုင်ကျော်အကွာရှိ ဒီးဒုတ်ကွင်းရွာရှိ အုပ်ချုပ်ရေးမှူးအိမ်ကို သေနတ်ဖြင့် အပစ်ခံရပြီးနောက် ကျန်ရစ်ခဲ့သည့်ဆိုင်ကယ်မှာ ကင်းမရွာလိပ်စာ ဆိုင်ကယ်ဖြစ်နေသောကြောင့် စစ်တပ်က ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ယနေ့ (ဇွန် ၁၈) ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌ ကင်းမကျေးရွာတွင် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် အိမ်ခြေ ၂၀ ကလွဲ၍ ကျန်အဆောက်အအုံများမီးလောင်ဆုံးရှုံးခဲ့သည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button