သတင်း

ပေါက်ဒေသတိုက်ပွဲတွင် ရွာမီးရှို့တပ်မှ ဗိုလ်နှင့်တပ်ကြပ် သေဆုံးဟု PDF ပြော

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကြက်ဆူအိုင့်ရွာတွင် မီးရှို့နေသည့် စစ်တပ်ကို ယနေ့ (စက်တင်ဘာ ၂၆) နံနက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။ 

မြို့မြောက်ပိုင်းရှိ ထိုရွာကို နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ်မြောက်ပိုင်းမှ လာသည့် အင်အား ရာဂဏန်းပါသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက နံနက် ၇ နာရီဝန်းကျင်မှ စတင်၍ မီးရှို့ဖျက်ဆီးကြသည်ဟု မြိုင်မြို့နယ် PDF က ပြောသည်။

“မီးရှို့ပြီးတော့ ထွက်လာတဲ့ဟာကို ပစ်ခတ်တာပေါ့။ ကျွန်တော်တို့ လက်နက်ကြီးနဲ့ မိုင်းနဲ့ အဓိက တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီရွာမှာပဲ တိုက်ပွဲဖြစ်တာ” ဟု မြိုင်မြို့နယ် PDF တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောသည်။ 

နံနက် ၁၀ နာရီခန့်တွင် ရွာမြောက်ဘက်နှင့် တောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးသွားသည့် စစ်ကောင်စီအရာရှိ နှစ်ဦး၏ ရုပ်အလောင်းကိုလည်း ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တူးဖော် တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။ 

“သူတို့နှစ်ယောက်အလောင်းကို ဖော်ကြည့်နေတာ။ အလောင်းမှာ အမိန့်စာပါ တွေ့တယ်။ အလောင်းတွေကတော့ စစ်ဝတ်စုံနဲ့။ ဗိုလ်ကြီးအလောင်းကိုတော့ မီးရှို့သွားတယ်။ တပ်ကြပ်ကြီးအလောင်းကို မြေမြှုပ်ခဲ့တာ။ မီးမရှို့ဘူး” ဟု ဗိုလ်လက်ယာက မြင်တွေ့ရပုံကို ပြောသည်။

မြိုင် PDF အသုံးပြုတိုက်ခိုက်ခဲ့သော လက်လုပ်မိုင်းတချို့အား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ခြေလျပ်တပ်ရင်း အမှတ် ၂၅၈ တပ်ရင်းမှူး ဗိုလ်မှူးကြီး ငြိမ်းချမ်း (ကြည်း ၂၆၉၉၂) လက်မှတ်ဖြင့် တပ်ကြပ်ကြီး ရုပ်အလောင်းပေါ်တွင် တွေ့ရသည့် အမိန့်စာအရ ဗိုလ်ကြီးဝင်းဇော်ဆိုသူနှင့် တပ်ကြပ်ကြီးအောင်ဆန်းဝင်း (ကိုယ်ပိုင်အမှတ် ၆၇၈၃၄၉) တို့ဖြစ်သည်ဟု ဆိုသည်။  

ဗိုလ်ကြီးဝင်းဇော်၏ ရုပ်အလောင်းနှင့် အမိန့်စာမှာ မီးလောင်ပျက်စီးနေသောကြောင့် ကိုယ်ပိုင်အမှတ် မသိရကြောင်း ဗိုလ်လက်ယာက ပြောသည်။

“အမိန့်စာတစ်ခုက မီးရှို့ထားတာ အပိုင်းလေးပဲ ရတယ်။ ဗိုလ်ကြီးငြိမ်းချမ်းပဲ ဖတ်လို့ရတော့တယ်။ ဒီ့ပြင်စာတွေ မရှိတော့ဘူး”

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ကြက်ဆူအိုင့်ရွာအနီး တပ်စွဲထားဆဲဖြစ်ကာ နှစ်ဖက် ဆိုင်ထားသည့် အနေအထားဖြစ်၍ တိုက်ပွဲများ ထပ်မံဖြစ်လာဖွယ်ရှိကြောင်း PDF ဘက်က သုံးသပ်သည်။

ယနေ့နံနက်ပိုင်းအထိ ကြက်ဆူအိုင့်ရွာတွင် နေအိမ် ၄ လုံး မီးလောင်ပျက်စီးသွားကာ ဆိုင်ကယ်အချို့ကို မီးရှို့ထားကြောင်း သိရပြီး ဒေသခံအများအပြား ထွက်ပြေးနေကြသည်။ 

နေအိမ်မီးရှို့မှုရပ်ဆိုင်းရန် နိုင်ငံတကာက စစ်ကောင်စီကို တောင်းဆိုထားသော်လည်း စစ်ကောင်စီက ထိုလုပ်ရပ်မျိုး ၎င်းတို့ ကျူးလွန်ခြင်းမရှိဟု ပြောဆိုလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button