
စစ်တပ်ပိုင် မြဝတီသတင်းစာ၏ မကွေးတိုင်း၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ဆက်ဆံရေးရုံးတာဝန်ခံကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း မကွေးမြို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ထုတ်ပြန်သည်။
မြဝတီသတင်းစာတာဝန်ခံအဖြစ် လုပ်ကိုင်နေသူ အသက် ၅၀ ဝန်းကျင် ဦးဉာဏ်တိုးဆိုသူကို မေ ၂၈ ရက်က ပေါက်မြို့မြောက်ဘက်တစ်နေရာတွင် ရှင်းလင်းခဲ့သည်ဟု မကွေး PDF မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကျောက်ရိုင်းဆိုသူက ပြောသည်။
စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် ပြန်လည်ခုခံသောကြောင့် သုတ်သင်လိုက်ခြင်းဖြစ်သည်ဟု ဆိုသော်လည်း အတိအကျမသိရပေ။
“သူ့ကို ပေါက်မြို့နယ်မြောက်ဘက် မလှမ်းမကမ်းအကွာမှာ တွေ့တာ။ သူနဲ့ ဆုံတဲ့နေရာမှာပဲ စီရင်လိုက်ရတာ။ သူ့ကို မေးဖို့ မြန်းဖို့ ဆွဲနေတုန်းရှိသေးတယ်။ ပြန်ပြီးခုခံတာ။ သူ့မှာပါတဲ့ ဓားနဲ့ပဲ ရန်မူတာပေါ့” ဟု ဗိုလ်ကျောက်ရိုင်းက ပြောသည်။
ပေါက်မြို့နယ်အတွင်း စစ်တပ်က ကျေးရွာများကို လိုက်လံမီးရှို့ရာ မြဝတီသတင်းစာတာဝန်ခံဖြစ်သူ ဦးဉာဏ်တိုးက လမ်းပြပေးခြင်း၊ သတင်းပေးခြင်းများ ပြုလုပ်နေသဖြင့် ရှင်းလင်းရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
လုပ်ကြံခံရသူမှာ ပေါက်မြို့နယ်အတွင်း စစ်တပ်နှင့် လိုက်ပါလေ့ရှိ အရပ်ဝတ်လက်နက်ကိုင်အဖွဲ့ဖြစ်သော ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သည်ဟုလည်း နာမည်ထွက်သည်ဟု တပ်တွင်းသတင်းပေးများကို ကိုးကား၍ ဗိုလ်ကျောက်ရိုင်းက ပြောသည်။
“သူက စစ်ကြောင်းနဲ့ အတူတူပါပြီးတော့ မီးရှို့တဲ့နေရာတွေမှာ ပါတာ။ သူက တစ်ယောက်တည်းလှုပ်ရှားတဲ့ အနေအထားမျိုးမရှိသေးဘူး။ PDF တွေ အင်အားကြီးတဲ့နေရာတွေမှာ ထောက်လှမ်းတယ်။ ပျူစောထီးမှာ ခေါင်းဆောင်ဆိုတာ သေချာတယ်။
ဦးဉာဏ်တိုးသေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီတပ်နှင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း ပေါက်မြို့ခံများနှင့် သက်ဆိုင်ရာ မိသားစုဝင်များကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ပြီးခဲ့သည့် ဧပြီလအတွင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က တစ်ရွာဝင်တစ်ရွာထွက် လိုက်လံစီးနင်းစဉ် စုစုပေါင်း ၁၆ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံရသည်။
ရွာ ၇ ရွာမှာ ရွာလုံးကျွတ် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံ ၁၂ ဦးလည်း သတ်ဖြတ်ခံရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)