သတင်း

ပေါက်မြို့တွင် အတိုက်ခံရသည့် ပျူစောထီးအဖွဲ့က ရွာနှစ်ရွာကို ပြန်စီးနင်း 

မကွေးတိုင်း၊ ပေါက်မြို့နယ်အရှေ့ဘက် ကုက္ကိုစုရွာရှိ အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ခေါင်းဆောင်၏ နေအိမ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၁၆) တွင် ဒေသခံပြောက်ကျားအဖွဲ့များ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ပျူစောထီးအဖွဲ့က ထိုရွာနှင့် အနီးအနားမှ ရွာတစ်ရွာကို ပြန်လည် စီးနင်းတိုက်ခိုက်နေသည်။

ယမန်နေ့ညနေတွင် ကုက္ကိုစုရွာ၏ အရှေ့ဘက်ရှိ သနပ္ပင်ဇင်းရွာနှင့် ယနေ့ (ဖေဖော်ဝါရီ ၁၇) ၌ ကုက္ကိုစုရွာတို့ကို ပျူစောထီးအဖွဲ့က စီးနင်းနေခြင်းဖြစ်သည်ဟု Anonymous Special Task Force တာဝန်ခံက ပြောသည်။

လူဦးရေ ၁၀၀ကျော်ရှိသော သနပ္ပင်ဇင်းရွာကိုလည်း ယမန်နေ့က ကုက္ကိုစုရွာခံ ပျူစောထီးတပ်ဖွဲ့ဝင် ၃၀ ခန့်က ဝင်ရောက်စီးနင်း နေရာယူလိုက်ပြီး နေအိမ် ၈ လုံးကို ဖျက်ဆီးခဲ့သည်ဟု ၎င်းက ပြောသည်။

ယနေ့တွင်မူ ပေါက်မြို့နယ်အရှေ့ဘက် ၁၅ မိုင်အကွာ လူဦးရေ ၅၀၀ ကျော် နေထိုင်သည့် ကုက္ကိုစုရွာတွင် နေအိမ်များကို ပျူစောထီးများက ဖျက်ဆီးနေသည်ဟု ကြားသိရသော်လည်း ပျက်စီးမှုအသေးစိတ်အခြေအနေကို မသိရသေးကြောင်း ဆိုသည်။ 

“ဒီနေ့ ကုက္ကိုစုမှာ ကျန်ခဲ့တဲ့ကောင်တွေက ရွာကို မွှေနေတယ်။ ရွာထဲမှာလည်း တစ်ဝက်လောက်နီးပါး ရှောင်နေကြတယ်။ သူတို့လူတွေလောက်ပဲ ကျန်ခဲ့တယ်”ဟု ၎င်းက ပြောသည်။ 

ဇန်နဝါရီအကုန်ခန့်၌ အသက် ၄၈ နှစ်အရွယ် ဦးစန်းမြိုင်ဆိုသူ ကုက္ကိုစုရွာသားတစ်ဦးကို ဖမ်းဆီး၍ ပစ်သတ်ခဲ့သည့် ပျူစောထီးလက်နက်ကိုင်အဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဆန်းနှင့် ဦးတိုး ဆိုသူတို့၏ ကုက္ကိုစုရွာရှိ နေအိမ်ကို ယမန်နေ့ နံနက် ၆ နာရီခန့်၌ မြို့နယ်ပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Anonymous Special Task Force နှင့် မဟာမိတ်အဖွဲ့များက စီးနင်းခဲ့သည်။

အသက် ၅၀ ဝန်းကျင် ဦးအောင်ဆန်းနှင့် ဦးတိုးတို့မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စီးနင်းမှုအတွင်း ပျူစောထီးအဖွဲ့ဝင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးသွားသည်ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ 

“အပြန်အလှန်တော့ တိုက်ပွဲမဖြစ်ဘူး။ သူတို့က အငိုက်မိသွားတာ။ သူတို့က တစ်ချက်ပစ်ပြီး ထွက်ပြေးတာ။ ကျွန်တော်တို့ကလည်း ထွက်ပြေးတာကို လိုက်ပစ်ရတာ။ မနေ့ကတော့ သေတဲ့နှစ်ယောက်ကို သင်္ဂြိုဟ်တယ်။ အဲဒီအိမ်က ပျူတွေဆုံရပ်လိုပေါ့ဗျာ”ဟု ၎င်းက ပြောသည်။

“ဦးစန်းမြိုင်ကို သတ်တာ သူတို့ကိုယ်တိုင်ပဲ။ သူတို့နှစ်ယောက်က သူတို့ရွာထဲမှာလည်း မွှေတယ်။ ရိုက်ချိုးဖျက်တာတွေလည်း ရှိတယ်။ ဦးစန်းမြိုင်က ကိုယ့်ရွာထဲ မလုပ်ဖို့ ပြောတာတွေရှိတော့ သူ့ကို ပစ်မှတ်ထားခဲ့တာပေါ့ဗျာ။ အလောင်းကိုလည်း သုံးရက်လောက်နေမှ သူတို့ဘာသာသူတို့ မြေမြှုပ်လိုက်တယ်”

ကုက္ကိုစုရွာသား ဦးစန်းမြိုင်သည် ဇန်နဝါရီ ၂၆ နံနက်တွင် ၎င်း၏ နေအိမ်၌ ရှိနေစဉ် တစ်ရွာတည်းသားများဖြစ်သော ပျူစောထီးအဖွဲ့ဝင်များက သေနတ်ဖြင့် နှစ်ချက် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် ထိတ်တုံးခတ် ချုပ်နှောင်ထားစဉ် သွေးထွက်လွန်သေဆုံးခဲ့သည်။

ထိုသူနှစ်ဦး၏ ဦးဆောင်မှုဖြင့် ကုက္ကိုစုရွာခံ ၃၀ ကျော်သည် ရွာနှင့် ၂ မိုင်အကွာရှိ ရေပြာရဲစခန်း၌ စစ်သင်တန်းတက်ရောက်ထားပြီး စစ်ကောင်စီ၏ စစ်တပ်၊ ရဲတို့နှင့်အတူ စီးနင်းမှုများတွင် ပါဝင်ကြောင်း၊ ကုက္ကိုစုရှိ အိမ်ခြေ ၂၀ ကို ဖျက်ဆီးခဲ့သူများဖြစ်ကြကြောင်း အထက်ပါ Anonymous Special Task Force တာဝန်ခံက ပြောသည်။

“G3 သေနတ်တွေပေးပြီးတော့ ရေပြာစခန်းက သေနတ်ဖောက်ရင် လိုက်ဖောက်ရတယ်။ တစ်ရက်ခြား လုပ်တာ။ လမ်းပေါ်မှာ စစ်ဆေးစရာတွေရှိရင် ရေပြာစခန်းက ရဲတွေနဲ့ ပျူတွေနဲ့ ပေါင်းပြီးစစ်တယ်။ အိမ်တွေလိုက်မွှေတယ်။ တစ်ခါတလေ စစ်ဝတ်စုံ၊ ရဲဝတ်စုံပေးတယ်။ တစ်ခါတလေ အရပ်ဝတ်နဲ့ လိုက်သောင်းကျန်းနေတာ” ဟု ဆိုသည်။ 

ထိုသူနှစ်ဦး၏နေအိမ်အား စီးနင်းခဲ့စဉ် တစ်ထောင့်ထိုး G3 သေနတ် ၃ လက်နှင့် ကျည်ဆန်များ၊ ဖုန်းများနှင့် ပျူစောထီးအဖွဲ့ဝင်တို့၏ အချက်အလက်များကို ရရှိခဲ့ကြောင်း ဆက်ပြောသည်။

Anonymous Special Task Force နှင့် မဟာမိတ်များက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ တွင် ကုက္ကိုစုရွာမှ ပျူစောထီးအဖွဲ့ဝင် အသက် ၄၀ ဝန်းကျင် ဦးဆန်းနိုင်နှင့် ဦးနန်းထွန်း တို့ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၁၀ တွင် ပျူစောထီးအဖွဲ့ဝင် ဇီးတောရွာသား ကိုဝေထွန်းကိုလည်းကောင်း ဖမ်းဆီးစစ်ဆေးခဲ့သေးသည်ဟု ဆိုသည်။

အလားတူ ဖေဖော်ဝါရီ ၁၀ တွင် ပေါက်မြို့နယ်ရှိ ပျူစောထီးအဖွဲ့ဝင်များ၏ ခေါင်းဆောင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးတင်အေးအိမ်ကိုလည်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များထံမှ သိရသည်။

ပျူစောထီးအဖွဲ့သည် စစ်တပ်ထောက်ခံသူများကို စစ်ကောင်စီတပ်က လက်နက်များတပ်ဆင်၍ စစ်သင်တန်းများ ပေးကာ ဒေသခံကာကွယ်ရေးအဖွဲ့များကို တန်ပြန်တိုက်ခိုက်ရန် ဖွဲ့စည်းထားသည့် အဖွဲ့များဖြစ်ကြသည်။ 

အဆိုပါဒေသခံများ ပျူစောထီးနှင့် ဆက်စပ်မှု ရှိမရှိ Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ 

စစ်ကောင်စီက အကြမ်းဖက်သမားဟု ၎င်းတို့ပြောဆိုလေ့ရှိသည့် ဒေသခံကာကွယ်ရေးအဖွဲ့များကို တိုက်ခိုက်ရန် အရပ်သားတချို့ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသည်ဟု အများအပြားက ပြောဆိုကြသည်။ စစ်ကောင်စီက ထိုပြောဆိုချက်ကို တရားဝင်ပယ်ချထားသော်လည်း ၎င်းတို့ ရဟတ်ယာဉ်ဖြင့် လိုက်လံ ဖြန့်ဝေသည့် ဝါဒဖြန့်စာတွင်မူ အရပ်သားများကို လက်နက်တပ်ဆင်ပေးထားကြောင်း ဖော်ပြထားသည်။

နေအိမ်များ ဖျက်ဆီးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ပျူစောထီးတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ ပျူစောထီးတို့မှာ စစ်ကောင်စီနည်းတူ အကြမ်းဖက်လုပ်ငန်းများတွင် တာဝန်ရှိသဖြင့် ၎င်းတို့၏ စာမျက်နှာများကို အင်တာနက်မှ ဖယ်ရှားပေးရန် တောင်းဆိုသူ များပြားလာပြီး နောက်ပိုင်းတွင် Facebook က ဖယ်ရှားပေးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button