သတင်း

ပေါက်မြို့ PDF နောက် လိုက်သည့် စစ်တပ်က ရွာ ၂၀ ကျော် မီးရှို့

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) သိမ်းသွားသည့် ကုန်တင်ယာဉ်သုံးစီးစာ လက်နက်ကုန်ကြမ်းများကို တစ်လဝန်းကျင်အထိ ရှာမတွေ့သေးသည့် စစ်ကောင်စီက မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို ဆက်လက်မီးရှို့နေသည်။

စစ်တပ်နှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသည့် ပျူစောထီးပူးပေါင်းအဖွဲ့က ဧပြီ ၇ ရက်မှစ၍ ထိုဒေသတွင် ဝင်မွှေနေခြင်းဖြစ်ပြီး ယနေ့ (မေ ၄) ညနေပိုင်းတွင် ချက်ကန်ရွာကို မီးရှို့နေပြန်ရာ ယင်းမှာ ၂၁ ရွာမြောက်အဖြစ် စာရင်းဝင်သည်။

၆၀ မမ၊ ၈၁ မမ မော်တာဗုံးသီးနှင့် အခြားလက်နက်ကုန်ကြမ်းများပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ပေါက်- ဆိပ်ဖြူ လမ်းမကြီးပေါ်ရှိ ပေါက်မြို့နယ်၊ ရှားပင်ရေကျေးရွာအနီးတွင် ဧပြီ ၆ရက် ညနေပိုင်းက PDF တို့ တိုက်ခိုက် သိမ်းယူသွားခြင်းဖြစ်သည်။

သရက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် – ၁၂ မှ ပေါက်မြို့နယ် ကပစ-၂၄ သို့ သွားရာလမ်းတွင် PDF တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံးခဲ့ရသည့် ထိုဖြစ်စဉ် တစ်လဝန်းကျင်ရှိလာချိန်အထိ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

သို့သော် ထိုဖြစ်စဉ်အပြီးတွင် စစ်ကောင်စီက ပေါက်မြို့နယ်တောင်ပိုင်း၌ ရဟတ်ယာဉ်ပါသုံး၍ စစ်ဆင်ရေးလုပ်နေပြီး ယနေ့ (မေ ၄) ချက်ကန်ရွာကို မွန်းလွဲ ၂ နာရီခွဲမှစ၍ ရှို့သည့်မီးမှာ ညနေ ၈ နာရီဝန်းကျင်အထိ တောက်လောင်နေဆဲဖြစ်သည်ဟု PDF တပ်ဖွဲ့နှင့် ဒေသခံတစ်ဦးထံမှ သိရသည်။

“ဒီကောင်တွေ ပြန်မထွက်လာသေးဘူး။ ဘယ်နှအိမ်ဆက်ရှို့မယ်လို့ မသိရသေးဘူး။ အခု လောင်နေတုန်း။ ကျွန်တော့်အထင်ကတော့ သူတို့ ဆက်မွှေဦးမယ်ထင်တယ်” ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားက ညနေ ၄ နာရီခွဲခန့်တွင် ပြောသည်။

“သူတို့ ဆုံးရှုံးသွားတဲ့ လက်နက်ကုန်ကြမ်းတွေက ဘာလုပ်တယ်၊ ဘယ်မှာသုံးတယ်ဆိုတာ အခုထိ ထုတ်ပြန်ချက်မတွေ့သေးဘူး။ အဲဒါ ပတ်ရှာနေတဲ့ သဘောဆိုတော့ အဲဒါမရမချင်း ရပ်ဦးမယ်မထင်ဘူးဗျ။ မနေ့ကကို အဲဒီရွာ (ချက်ကန်) အပေါ်မှာ ရဟတ်ယာဉ်နဲ့ လာဝဲကြည့်သေးတယ်”

စစ်ကောင်စီ မီးတင်ရှို့လိုက်သည့် ကျောက်အိုးရွာ ရွာသူရွာသားများ တိမ်းရှောင်နေရစဉ် (ဓာတ်ပုံ-ပေးပို့)

ချက်ကန်ရွာကို မီးရှို့နေသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ဦးရေ ၅၀ ခန့်သည် မြောက်ဘက် ၃ မိုင်ခွဲအကွာရှိ ဒီးဒုတ်ကွင်းရွာ၌ တပ်စွဲထားသူများဖြစ်ကြောင်း ပေါက်မြို့နယ် PDF တပ်ရင်း ၄ ၏ တပ်ခွဲမှူး ကိုဖိုးဝက်ကလည်း ပြောသည်။

စစ်ကောင်စီအဖွဲ့ ရှိနေဆဲဖြစ်၍ ချက်ကန်ရွာ ပျက်စီးဆုံးရှုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးပေ။

ချက်ကန်ရွာသည် ပုသိမ်-မုံရွာလမ်းဘေး ကပ်လျက်ရှိ အိမ်ခြေ ၂၀၀ ခန့်ရှိသော ရွာဖြစ်သည်။ စစ်ကောင်စီ၏ လက်နက်ကုန်ကြမ်းသယ်ယာဉ် သိမ်းယူခံရသော ပေါက်-ဆိပ်ဖြူ ကားလမ်းပေါ်ရှိ ရှားပင်ရေရွာနှင့် ၅ မိုင်ခန့်သာ ဝေးသည်။

ထို့အတူ စစ်ကောင်စီက ၃ကြိမ် မီးရှို့ပြီးဖြစ်ကာ အိမ်ခြေ ၂၄၀ ကျော်မှ အကောင်းပကတိ ၁၀ လုံးကျော်သာ ကျန်သည့် ရေကျော်ရွာနှင့် ချက်ကန်ရွာမှာ နာရီဝက်ပင် ခရီးမရှိပေ။

ကျအိုး (ရွာသစ်ကုန်း)၊ ရေကျော်၊ ကျောင်းကုန်း၊ ကျောက်အိုး၊ ပုတီး၊ သက္ကယ်ကျင်း၊ လက်ပံလှ၊ ဘို့မယ်၊ အင်းငယ်ဒေါင့်၊ လယ်ယာ၊ ကင်းမ(တတိယ)၊ ချောင်းဆုံ၊ ဒိန်ကွင်း၊ ဇီးတော၊ တောင်ဘက်၊ ကိုင်းမ၊ တံစူး၊ ကျွန်းကြီး၊ သစ်ညီနောင်ရွာများကို စစ်ကောင်စီက မီးရှို့ပြီး ဖြစ်သည်။

အများစုမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့ကာ သုံးပတ်ကျော်လာပြီဖြစ်သည့် စစ်ကောင်စီ စီးနင်းမှုများအတွင်း ဒေသခံအရပ်သား ၁၉ ဦး ထက်မနည်း အသတ်ခံလိုက်ရကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသည်။ အသေးစိတ်ကိုမူ အတည်မပြုနိုင်သေးပေ။

ပေါက်မြို့နယ် တံစူးရွာသား ၁၀ ဦး၊ နတ်စင်ကုန်းရွာသား ၂ ဦး၊ ကျွန်းကြီးရွာသား ၁ ဦးနှင့် ပခုက္ကူမြို့နယ် စညောင်းရွာသား ၃ ဦး၊ မြှစ်ဖျားရွာသား ၁ ဦး၊ ဆိပ်ဖြူမြို့နယ် ရှားလှရွာသား ၁ ဦးနှင့် တောင်ချိုရွာသား ၁ ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့် ထိုဒေသအတွင်း စစ်ကောင်စီ၏ မီးရှို့မှု၊ သတ်ဖြတ်မှုများနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပေါက်မြို့နယ်အတွင်း လမ်းများကို စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေပြီး ဆေးဝါးပစ္စည်း ကျပ်ငါးသောင်းဖိုးကျော်လျှင် တားမြစ်ကာ ဒေသတွင်း ရိက္ခာ၊ ဆေးဝါး၊ အဆက်အသွယ်ဖြတ်တောက်မှုများ တိုးမြှင့်နေသည်ဟု အသက် ၃၈ နှစ်အရွယ် PDF တပ်ခွဲမှူး ကိုဖိုးဝက်က ပြောသည်။

“(လက်နက်ကုန်ကြမ်း) ပစ္စည်းတွေကတော့ သူတို့ သေချာပေါက် ပြန်မရနိုင်တော့ဘူး” ဟု ၎င်းက မှတ်ချက်ပြုသည်။

“အကုန်လုံးက ခွဲခြမ်းစိတ်ဖြာ အကုန်လုံးလုပ်ပြီးတော့ ဖြန့်ပြီးမှ ခွဲချလိုက်တော့။ ကျွန်တော်တို့နယ်ပါမကဘူး ဆောနယ်၊ ယောနယ်ပါ ဖြန့်ပြီးခွဲပြီး လက်စဖျောက်လိုက်တဲ့အနေအထားဆိုတော့ သူတို့တွေ ဘယ်လိုမှ ပြန်မရနိုင်တော့ဘူး”

ကျေးရွာပေါင်း ၂၃၅ ရွာ၊ လူဦးရေ ၂ သိန်းနီးပါးနေထိုင်သည့် ပေါက်မြို့နယ်သည် အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို အပြင်းအထန်ခုခံနေသည့် မြန်မာနိုင်ငံအလယ်ပိုင်းမှ ဒေသတစ်ခုဖြစ်သည်။

ထို့အတူ အလားတူပင် PDF အားကောင်းသည့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နှင့်လည်း နယ်နိမိတ်ချင်း ထိစပ်နေသည်။ 

ပေါက်မြို့နယ်အတွင်း ဒီးဒုတ်ကွင်း၊ ပင်တောင်၊ နဂါးပွက်၊ နွယ်ခေါင်၊ ရှားတော၊ ရွှေဘုံသာ၊ ကုက္ကိုစု၊ သစ်ချိုကုန်း၊ တပ်ကုန်း၊ တပ်ကုန်း(ရွာသစ်)စသည့် ၁၀ ရွာခန့်တွင် ပျူစောထီးအဖွဲ့ လှုပ်ရှားမှု အားကောင်းသည်ဟု PDF ထံမှ သိရသည်။

နယ်မြေခံ ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သည့် စစ်ကောင်စီခန့် ဒီးဒုတ်ကွင်းရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်ကို ဆက်သွယ်မေးမြန်းရာတွင် လုံခြုံရေးဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု တုံ့ပြန်သည်။

ထိုရွာကို နယ်မြေခံ Young Revolution Front (YRF) ၊ Southern Pauk Guerrilla Force (SPGF) ၊ Yaw Defence Force (Saw-YDF)၊ Southern Pauk People’s Defense Force (SPPDF) စသည့် အဖွဲ့များ ပေါင်း၍ မေ ၃ ရက် နံနက် ၂နာရီခန့်တွင် PDF က စီးနင်း တိုက်ခိုက်ခဲ့သေးသည်။

၄၅ မိနစ်ခန့်ကြာသည့် ထိုတိုက်ပွဲအတွင်း ကျည်ဆန်မလုံလောက်ခြင်း၊ လက်နက်အင်အား မမျှခြင်းတို့ကြောင့် PDF တို့ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ပျူစောထီးတပ်ဖွဲ့ဝင် တစ်ဦးသေပြီး နောက်တစ်ဦး ဒဏ်ရာရကာ PDF ဘက်မှ တစ်ဦး ထိခိုက်ကြောင်း တိုက်ခိုက်မှုတွင်ပါဝင်သည့် SPGF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ မီးတင်ရှို့လိုက်သည့် ပေါက်မြို့နယ်တောင်ပိုင်းရွာများမှ ဒေသခံများမှာ ပူပြင်းသည့်ရာသီဥတုတွင် အရိပ်ကောင်းသည့်၊ ရေရှိသည့် နေရာများကို ရှာ၍ သင့်တော်သလို ရွှေ့ပြောင်းနေထိုင်နေရသည်ဟု ဒေသခံတို့က ပြောသည်။

ပူပြင်းသည့် ရာသီဥတုတွင် ရှောင်တိမ်းနေထိုင်နေရသည့် ပေါက်မြို့နယ်တောင်ပိုင်းမှ ရွာများမှ ဒေသခံများ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီကမူ ပေါက်မြို့နယ်တောင်ပိုင်းတွင် ထိုသို့ တိုက်ခိုက်ခံရမှု၊ ကျေးရွာများကို မီးရှို့မှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။

Data For Myanmar အဖွဲ့က မေ ၁ ရက် သတင်းထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီလက်ချက်ဖြင့် နိုင်ငံအနှံ့ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၁၁,၄၁၇ လုံးရှိကြောင်း သိရသည်။ ထိုအထဲမှ အများစုသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ဖြစ်သည်ဟု ထိုအဖွဲ့၏ စာရင်းက ဆိုသည်။

စစ်ကောင်စီက လူနေအိမ်များ ဖျက်ဆီးခံရမှုမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းဆိုလေ့ရှိသည်။ သို့သော် ၂၀၁၆၊ ၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ အလားတူလုပ်ဆောင်မှုများကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် အမှုရင်ဆိုင်နေရသည်။

စစ်ကောင်စီလက်ထက်တွင် တပ်မှထွက်၍ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် စစ်တပ်အရာရှိများ၏ အဆိုအရ စစ်ဆင်ရေးများအတွင်း ထိုသို့ မြေပြောင်ရှင်း၍ စစ်တလင်းလုပ်ခဲ့သည်မှာ ပြည်တွင်းစစ် စတင်ခဲ့သည့် နှစ် ၇၀ ကျော်လုံးလုံးပင်ဖြစ်သည်ဟု သိရသည်။

ထိုသို့လုပ်ရန်လည်း စစ်တက္ကသိုလ် (DSA) တက်စဉ်ကပင် သောင်းကျန်းသူနှိမ်နှင်းရေးဘာသာရပ်တစ်ခုအဖြစ် သင်ကြားလေ့ကျင့်ခဲ့ရကြောင်း CDM ပါနေသော တပ်အရာရှိများက ထုတ်ပြောထားသည်။

အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button