သတင်း

မကွေးအနောက်ခြမ်းတွင် ရွာ ၂၀ နီးပါး မီးရှို့ခံရ၊ သေဆုံးသူ ၁၂ ဦးရှိလာ

မကွေးတိုင်းအနောက်ခြမ်း ပေါက်မြို့နယ်တွင် ဧပြီ ၁၀ ရက်မှစ၍ စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေရာ မီးရှို့ခံရသည့် ကျေးရွာပေါင်း ၂၀ နီးပါးနှင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာသည်ဟု သိရသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် နယ်ခံအမျိုးသားတစ်ဦး၏ အဆိုအရ ရွာ ၉ ရွာမှာ ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားကာ ကျန် ၉ ရွာတွင် အိမ်ခြေ ၉၀၀ နီးပါး ပျက်စီးဆုံးရှုံးသည်ဟု သိရသည်။ 

ယခုလဆန်းပိုင်းက ပေါက်မြို့နယ်တောင်ပိုင်းတွင် ဗုံးသီးနှင့် အခြားလက်နက်များ ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ တင်ဆောင်လာသော စစ်ကောင်စီကားများ တိုက်ခိုက်ခံရကာ တွဲကား (ကုန်တင်ယာဉ်အကြီးစား) နှစ်စီးနှင့် ဗိုလ်ကြီးအဆင့်အရာရှိအပါအဝင် စစ်သား ၇ ဦး ဆုံးရှုံးပြီးနောက် စစ်တပ်က တရစပ်စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

“လောလောဆယ်အနေအထားကတော့ သူတို့က မထွက်သေးဘဲ တပ်ထိုင်ထားတယ်။ ဒီမှာရှိတဲ့ ပြည်သူတွေ ဒုက္ခရောက်အောင် လုပ်နေတာ။ ပြောရရင် PDF အားကောင်းတဲ့နေရာဆိုတော့ PDF တွေကို မထောက်ပံ့နိုင်အောင်၊ အကုန်ဒုက္ခရောက်အောင် လုပ်နေတာ” ဟု ပေါက်မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ပေါက်မြို့နယ်တောင်ဘက်အစွန်ဆုံးရှိ သက္ကယ်ကျင်းရွာတွင် တပ်စွဲထားသည့် စစ်တပ်က ပေါက်နှင့် ဆိတ်ဖြူမြို့နယ်ကြားရှိ ကျေးရွာများကို စစ်ကြောင်းနှစ်ခုခွဲကာ လှည့်လည်စီးနင်းနေခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်တပ်က ၎င်းတို့တပ်စွဲထားသည့် သက္ကယ်ကျင်းရွာကိုလည်း မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၅၀၀ ခန့်အနက် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့သည့်ပြင် ထွက်မပြေးနိုင်ဘဲ ကျန်ရှိနေသည့် အသက် ၇၀ ကျော် အမျိုးသမီးတစ်ဦး ဧပြီ ၁၃ ရက်က သေဆုံးသည်ဟုလည်း PDF အဖွဲ့ဝင်က ပြောသည်။

ကျန်းမာရေးမကောင်းသူ ထိုအမျိုးသမီးမှာ စစ်တပ်က တပ်စွဲထားစဉ် အစာရေစာမရသဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းက ကောက်ချက်ချသည်။

“ထမင်းတွေ ဘာတွေလည်း မစားရတော့ အားနည်းပြီး သေသွားတယ်။ အဲဒီရွာမှာလည်း လူမရှိကြတော့ဘူး” ဟု ပေါက် PDF အဖွဲ့ဝင်က ပြောသည်။

ထောင်နှင့်ချီသော သက္ကကျင်းရွာသားများ ထွက်ပြေးနေရပြီး သေဆုံးသွားသည့် ၇၀ အရွယ် အမျိုးသမီးမှာ လေးဖြန်းထား၍ မပြေးနိုင်ဘဲ ရွာတွင်ကျန်ခဲ့သူဖြစ်သည်ဟု ဆိုသည်။​

ဧပြီ ၁၂ ရက်က ပေါက်မြို့နယ်တောင်ပိုင်းရှိ သက္ကယ်ကျင်းရွာကို စစ်တပ်က မီးတင်ရှို့စဉ်။ (ဓာတ်ပုံ – ပေးပို့)

ပေါက်နှင့် ဆိတ်ဖြူမြို့နယ်အစပ်ရှိ ရှားလှရွာကိုလည်း စစ်တပ်က ဧပြီ ၁၃ ၌ပင် မီးရှို့ရာ အိမ်ခြေ ၅၀ ကျော်ရှိသည့်အနက် အိမ်၂၀ ပျက်စီးပြီး အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်သန်းဆိုသူ အဘွားအိုတစ်ဦး မီးထဲပါသွားသည်ဟု ထွက်ပြေး တိမ်းရှောင်နေရသည့် ဒေသခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။

“အသက်ကြီးရွယ်အို အဘွားက စစ်သားတွေ တဲကို မီးရှို့ရင်းနဲ့ ပါသွားတာ။ တော်တော်အိုနေပြီ” ဟု ၎င်းက ပြောသည်။​

ထို့ပြင် ရှလရွာခံ အသက် ၃၀ ကျော်အရွယ် ကိုမင်းဦးဆိုသူမှာလည်း မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း၊ ဧပြီ ၁၂ ရက်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ ၉ ဦးသေဆုံးကြောင်း သိရသည်။ 

လက်နက်ကြီးပစ်ခတ်စဉ် သေဆုံးခဲ့သူများမှာ ရှားလှရွာမြောက်ဘက် ၇ မိုင်ခွဲအကွာရှိ တစူးရွာမှဖြစ်ကာ ကိုင်းမနှင့် တစူးရွာအနီးတစ်ဝိုက်တွင် ဒေသခံ PDF အဖွဲ့နှင့် နေ့ခင်းပိုင်း တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။ 

“စစ်ရှောင်နေတဲ့ မိသားစုတွေကြားထဲ ကျပြီး သေသွားကြတာ။ ၈ ယောက်က ပွဲချင်းပြီးသေတာ။ ပေါင်ပြတ်ပြီးကျန်နေတဲ့သူလည်း နောက်တော့ သေသွားတယ်” ဟု ၎င်းက ပြောသည်။

သေဆုံးသွားသူများမှာ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၇ ဦးဖြစ်ပြီး မိသားစုဝင်များဖြစ်သည်ဟုလည်း ထိုသူထံမှ သိရသည်။ 

ပေါက်မြို့နယ်တောင်ပိုင်းတွင် ယမန်နှစ်က မီးရှို့ခံရသည့် ကင်းမရွာကို စစ်တပ်က ထပ်မံမီးရှို့ခဲ့ကြောင်း၊ ထိုရွာအနီး လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် မီးရှို့ခြင်းဖြစ်ကြောင်း ပေါက် PDF အဖွဲ့ဝင်က ဆိုသည်။​

“သူတို့လာတဲ့ လမ်းကျောင်းမှာ မိုင်းကွဲတာ။ သူတို့ကိုတော့ မထိဘူး။ အဲဒါကို ငြိုးပြီးတော့ ကင်းမက ကျန်တဲ့အိမ်တွေကို ဝင်ရှို့သွားတာ” ဟု ၎င်းက ပြောသည်။

ပေါက်မြို့နယ်အတွင်း ဧပြီ ၁၃ မှ ၁၈ အထိ စစ်တပ်ဝင်ရောက်စီးနင်းစဉ် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားသည့် ရွာများမှာ ကျောက်ကုန်း (ကျောက်အိုး)၊ ရေကျာ်၊ ဘို့မယ်၊ အင်းငယ်ဒေါင့်၊ လက်ပံလှ၊ လယ်ယာ နှင့် ဒိန်းကွန်းရွာတို့ဖြစ်ကြပြီး အိမ်ခြေ ၅၀ မှ ၂၀၀ ကျော်အထိရှိသော ရွာများဖြစ်သည်ဟု သိရသည်။​

ထို့အပြင် ကျွန်းကြီး၊ ရှားလှ၊ တောင်ချို၊ သက္ကယ်ကျင်း၊ တောင်ဘက်၊ ဇီးတော၊ ကိုင်းမ၊ တစူးနှင့် မြစ်ဖျား ရွာတို့ကိုလည်း စစ်တပ်က မီးဝင်ရှို့ရာ အိမ်ခြေ ၆၀၀ နီးပါး ပျက်စီးသွားသည်ဟု ပေါက် PDF  ထံမှ သိရသည်။

ဧပြီ ၁၂ တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်စဉ် သေဆုံးခဲ့သော တစူးရွာသားများ။ (ဓာတ်ပုံ – ပေါက်တောင်ပိုင်းပြောက်ကျားတပ်ဖွဲ့)

“တောထဲက တဲတွေပါ လိုက်ရှို့တာ။ ရွာသားတွေက ရွာမှာ မထားရဲတော့ တောထဲမှာ သွားထားကြတာ တွေရှိကြတော့ အကုန်ပါသွားတာပေါ့။ အဓိကကတော့ PDF တွေကို ရွာသားတွေက မထောက်ပံ့နိုင်အောင်လုပ်တာ” ဟု PDF အဖွဲ့ဝင်က ဆိုသည်။

စစ်တပ်က ရွာစဉ်လှည့်စီးနင်းနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသူ တစ်သောင်းကျော်အထိ ရှိလာပြီး စာနပ်ရိက္ခာ၊ ဆေးဝါးနှင့် အဝတ်အထည်များ ပြတ်လပ်နေသဖြင့် မျှဝေစားသောက်နေရသည်ဟု သိရသည်။

စစ်ကောင်စီက ပေါက်မြို့နယ်တောင်ပိုင်းသို့ သွားရာလမ်းများကို ပိတ်ဆို့ထားသဖြင့် အစားအသောက်နှင့် ဆေးဝါးများ သယ်ယူမရဖြစ်နေသည်ဟုလည်း သိရသည်။

ဒေသခံတို့၏ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်မရသေးသလို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း တိုက်ပွဲအကြောင်းအရာများ ပါဝင်ခြင်း မရှိပေ။

ဒေသအသီးသီးတွင် စစ်တပ်က မီးရှို့ဖျက်ဆီးနေမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက ၎င်းတို့၏လက်ချက် မဟုတ်ကြောင်း၊ PDF တို့၏လက်ချက်သာဖြစ်ကြောင်း တုံ့ပြန်လေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button