သတင်း

ပေါက်မြို့နယ် ပျူစောထီးစစ်သင်တန်း တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီကြီးကြပ်သင်တန်းပေးနေသည့် ပြည်သူ့စစ် ခေါ် ပျူစောထီး စစ်သင်တန်းတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က အောက်တိုဘာ ၃ ရက်တွင် စီးနင်းတိုက်ခိုက်ရာ ၁၇ ဦးသေဆုံး၊ ၅၄ ဦးကို အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။

မြို့မြောက်ဘက် ၁၁ မိုင်ခန့်အကွာ ဇီးပြားရွာအခြေစိုက် အင်အား ၆၀ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ၉၀ ခန့်ကို  စစ်သင်တန်းပေးနေခြင်းဖြစ်သည်။ 

ထိုရွာကို နယ်မြေချင်းထိစပ်နေသည့် မြိုင်မြို့နယ် PDF နှင့် ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ခိုက်ရာ ၅ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

“စခန်းဝင်တိုက်ဖို့ အစီအစဉ်မရှိဘူး၊ ပျူသင်တန်းပေးနေကြတော့ ပျူတွေ မထအောင် နှိမ်မယ်ဆိုပြီး သွားတာ၊ သူတို့သင်တန်းပေးနေတာကို ရပ်တန့်ဖို့ လက်နက်ကြီးတွေနဲ့ပဲ ပစ်နေတာ၊ ပစ်ရင်းနဲ့ အရှိန်ပါလာတော့ စခန်းပါ သိမ်းမယ်ဆိုပြီး ပစ်ကြတာ” ဟု မြိုင်PDFမှ တပ်ရင်းမှူးတစ်ဦးဖြစ်သူ ဗိုလ်လက်ယာက ပြောသည်။

ဇီးပြားရွာအရှေ့တောင်ဘက်ရှိ စာသင်ကျောင်းထဲတွင် ရွာခံအမျိုးသမီးများကိုပါ စစ်သင်တန်းပေးနေခြင်းဖြစ်ပြီး သင်တန်းတွင် မတက်ရောက်လိုသူများကို ရွာမှ နှင်ထုတ်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းတို့ အကြိမ်ကြိမ် ပြုလုပ်နေသည့်အတွက် သွားရောက်တိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။​

တိုက်ခိုက်စဉ် လက်နက်ခဲယမ်းနည်းပါးလာသဖြင့် စခန်းမသိမ်းနိုင်ဘဲ နောက်ဆုတ်လာခဲ့ရကြောင်း ပေါက်မြို့နယ် ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုရာညွှန့်က ပြောသည်။

“လက်နက်ကြီးတွေ၊ လက်ငယ်တွေနဲ့ ဝိုင်းပစ်တာ၊ ထိမှန်တဲ့သူတွေတော့ တော်တော်များတယ်။ ကျွန်တော်တို့ ဝင်တိုက်တော့ အော်ညည်းနေတဲ့ အသံတွေကြားခဲ့တယ်” ဟု ပြောသည်။

မြိုင် PDF ကလည်း စစ်ကောင်စီစခန်းမှ ၁၇ ဦးခန့် သေဆုံးကြောင်း၊ ပျူစောထီးသင်တန်းတက်နေသူ အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၂၅ ဦးကိုလည်း ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ 

လွန်ခဲ့သည့် ၁ လကျော်ကတည်းက ဇီးပြားရွာရှိ ပျူစောထီးခေါင်းဆောင်များသည် တစ်ရွာတည်းသားချင်းသာမက နီးစပ်ရာရွာများမှ စစ်တပ်မထောက်ခံသူများကို ရိုက်နှက်နှိပ်စက်ကြောင်း၊ ပရိဘောဂပစ္စည်းများအပါအဝင် အိမ်များတွင် ကာရံထားသည့် ပျဉ်ချပ်များကို ခွာယူခြင်း၊ မြေပဲခင်းများကို တူးယူခြင်းတို့ လုပ်ဆောင်ကြကြောင်းလည်း ဒေသခံအချို့က ဆိုသည်။

ထို့အပြင် ဇီးပြားရွာသား ၂ ဦးနှင့် ပတ်ဝန်းကျင်ရွာများမှ အရပ်သား ၃ ဦးကိုလည်း ပျူစောထီးလက်နက်ကိုင်များက သတ်ဖြတ်ပစ်ခဲ့သည်ဟု ကိုရာညွှန့်က ပြောသည်။

ပျူစောထီးစစ်သင်တန်းကို ဝင်ရောက်တိုက်ခိုက်နေစဉ် ပျူစောထီးတို့၏ အိမ် ၈၀ ခန့် မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

“ကျွန်တော်တို့တိုက်နေတဲ့အချိန်မှာပဲ သင်တန်းထဲမှာ စိတ်မပါဘဲ တက်နေရတဲ့သူတွေကလည်း ပျူခေါင်းဆောင်တွေ အိမ်တွေကို ရှို့ပစ်တယ်” ဟု ကိုလက်ယာက ပြောသည်။

ထိုရွာတွင် အိမ်ခြေ ၂၅၀ ကျော်ရှိသည့်အနက် ပျူစောထီးအဖွဲ့ဝင်များ၏ အိမ် ၈၀ ခန့် မီးရှို့ခံခဲ့ရသည်ဟုလည်း သိရသည်။

“နိုင့်ထက်စီးနင်း လုပ်ခံရတဲ့သူတွေရှိတယ်၊ သူတို့တွေက ကျွန်တော်တို့ ဝင်တိုက်နေတဲ့အချိန်မှာ ပျူခေါင်းဆောင်တွေ အိမ်တွေ၊ အနိုင်ကျင့်ခဲ့တဲ့သူတွေ အိမ်တွေကို မီးလိုက်ရှို့ကြတာ” ဟု ကိုရာညွှန့်က ပြောသည်။

ဖမ်းဆီးရမိသည့် ပျူစောထီးစစ်သင်တန်းသားများကို စစ်ကောင်စီထောက်တိုင်အဖြစ် ရပ်တည်ခြင်းမပြုရန် ဝန်ခံကတိ ပြုလုပ်စေမည်ဖြစ်ကာ မည်သို့လုပ်ဆောင်ရမည်ကို မဆုံးဖြတ်ရသေးဟုလည်း ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုရာညွှန့်က ပြောသည်။

သို့သော် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟုလည်း သူက ပြောသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက ပြည်သူ့စစ်များကို ဒေသအလိုက် စုစည်းနေပြီး ထိုအဖွဲ့များကို အများသူငါက ပျူစောထီးဟု သိကြသည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် လယ်ဝေးမြို့နယ်တွင်လည်း အဆိုပါ အဖွဲ့မျိုးကို  ဩဂုတ်လမှ စတင်ဖွဲ့စည်းထားကြောင်း သိရသည်။ 

ထို့အပြင် ရန်ကုန်မြို့တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များကို နှိမ်နှင်းရန် ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီက အသုံးချနေသည်။ ထို့အတူ မန္တလေးမြို့ရပ်ကွက်အချို့တွင်လည်း စစ်တပ်ထောက်ခံသူများ၊ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်ဖွဲ့စည်းကာ စစ်ကောင်စီက ဩဂုတ်လအတွင်း လက်နက်တပ်ဆင်ပေးခဲ့သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်အဖွဲ့များကို အရှိန်မြှင့်ဖွဲ့စည်းမည်ဟု ပြောဆိုထားပြီး စိတ်ပါဝင်စားသူများ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့ ဆက်သွယ်နိုင်ကြောင်း၊ လိုအပ်သည့် ကူညီထောက်ပံ့မှုနှင့် သင်တန်းများပေးမည်ဖြစ်ကြောင်း ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲများတွင် ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button