သတင်း

တောင်တွင်းဒေသကျေးရွာများကို စစ်ကောင်စီတပ် စီးနင်း

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသသို့  ဇွန် ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ခန့် ရောက်လာပြီး ရွာတချို့တွင် နှိပ်စက်၊ လုယက်မှုကျူးလွန်နေသည်ဟု ဒေသခံများက ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံပြု အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နာမည်ကျော်သည့် ပျူစောထီးအဖွဲ့ကို ငွေကြေးထောက်ပံ့သည်ဟု ကျော်စောသော မြို့မရွာရှိ ဦးစောအောင်၊ ဒေါ်အုန်းဆီတို့၏ နေအိမ် ဇွန် ၈ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် စစ်တပ်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ထို့နောက် အနီးရှိ ကြာပင်၊ ယင်းမာ၊ တောင်စာရေး၊ ပိက္ခယား၊ မြေနီရွာများသို့ ဝင်ရောက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင်များ၊ ဝန်းရံသူများ၏ နေအိမ်များကို ဝင်ရောက်ရှာဖွေကြသည်ဟု သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ မင်းကင်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးအောင်ထွန်းလွင်နေထိုင်သည့် ပိက္ခယားရွာကို ဇွန် ၁၂ရက်က ဝင်ရောက်စီးနင်းချိန်တွင် ရွာတွင် မရှိသဖြင့် အဖမ်းမခံခဲ့ရကြောင်း ကာယကံရှင်က ပြောသည်။

ယင်းနေ့၌ပင် စစ်တပ်က အိမ်ခြေ ၅၀ကျော်ရှိသည့် ယင်းမာရွာကိုလည်း လာရောက်၍ နေအိမ်အများအပြားကို ဝင်ရောက်ရှာဖွေရာတွင် နိုင်ငံရေးစိတ်ဝင်စားလေ့မရှိသည့် အသက် ၃၅နှစ်အရွယ် တောင်သူတစ်ဦးကို ရိုက်နှက်ပြီးနောက် အိမ်အနီး နွားတင်းကုပ်တွင် ကြိုးတုပ်၍ ထားခဲ့သည်ဟု ရွေးကောက်ခံလွှတ်တော်အမတ်က ပြောသည်။

အဆိုပါနေ့တွင်ပင် စစ်တပ်က တောင်စာရေးရွာရှိ နေအိမ်ခြောက်လုံးအတွင်း သွားရောက်ရှာဖွေပြီး ဆိုင်ကယ်များကိုလည်း ရိုက်နှက်ဖျက်ဆီးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ်သုံးစီးကို ယူဆောင်သွားခဲ့ပြီး စက်ပျက်သွားသည့် အစုတ်တစ်စီးကိုသာ တောင်စာရေးနှင့် ဂုံညင်းရွာသွားသည့်လမ်းတွင် ထားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အတူ ဇွန် ၁၁ရက်၊ ညပိုင်းကလည်း မြေနီရွာအပြင်ဘက် မုံရွာ- ကလေးဝလမ်းမပေါ်ရှိ နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမ ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူ အမျိုးသားလေးဦးကို ရိုက်နှက်ကန်ကျောက်ကာ ငွေကျပ်သုံးသိန်းခွဲ ယူဆောင်သွားသေးသည်ဟု မြေနီရွာခံတစ်ဦးကလည်း ပြောသည်။

“ဝမ်းလျားမှောက်ခိုင်းပြီး အရိုက်ခံရတယ်။ မျက်နှာတွေ အကန်ခံရတယ်လို့ သိရတယ်။ မနက်မှ သူတို့ပြောပြလို့ သိရတာ၊ ကျွန်တော်က သူတို့နဲ့ရင်းနှီးတော့။ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၁၀ ယောက်လောက်က မီးထွန်းထားတဲ့ အိမ်မို့ ဝင်ရှာတာတဲ့။ အကုန်လုံးတော့မဟုတ်ဘူး။ ရိုက်တဲ့သူတချို့က မူးနေတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ 

တောင်တွင်းဒေသတွင် ရွာပေါင်း ၃၆ ရွာရှိပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြသည့် ပြည်သူတို့မှာ စစ်ကောင်စီတပ်ရောက်လာမည်စိုး၍ တိမ်းရှောင်နေရသည်ဟု တော်လှန်ရေးဆိုင်ရာ သတင်းအချက်အလက်များစုဆောင်းနေသူတစ်ဦးက ပြောသည်။

ထိုသို့ရှာဖွေစီးနင်းမှုများတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တချို့ပါဝင်သည်ဟုလည်း ရွေးကောက်ခံအမတ် ဦးအောင်ထွန်းလွင်က ပြောသည်။

၎င်းနေထိုင်သည့် ပိက္ခယားရွာကို ဝင်ရောက်ရှာဖွေရာ၌ ဦးဆောင်လမ်းပြသူများထဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် တောင်စာရေးရွာသား ဦးဝင်းအောင်၊ ဦးဆန်းမောင်၊ မိုင်တရာရွာသား ဦးကျော်မင်းဦးတို့ပါဝင်ပြီး စစ်ဝတ်စုံများဝတ်ဆင်ထားကြောင်း ဒေသခံတချို့က ပြောသည်။  

“ဝင်းအောင်ဆိုရင် သူငယ်ချင်းတွေပဲ။ သူ့အမျိုးသမီးနဲ့ဆို တစ်တန်းတည်း တစ်ဆောင်တည်း တက်ခဲ့ကြတဲ့သူတွေ။ သူတို့က ကြံ့ခိုင်ရေးအမာခံတွေ။ ရွာတွေဆိုတာ ကျယ်ပြန့်တာလည်းမဟုတ်တော့ တစ်ရွာနဲ့တစ်ရွာက စပ်ရင် ဆွေမျိုးတွေပဲဆိုတော့ ဘယ်သူကဘာလဲ သိတာပေါ့ဗျာ”ဟု တောင်တွင်းဒေသခံ အသက် ၄၈ နှစ်အရွယ် ဦးအောင်ထွန်းလွင်က ပြောသည်။

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလည်း စစ်ကောင်စီဘက်မှ ပါဝင်လှုပ်ရှားနေသည့် ပြည်ခိုင်ဖြိုးပါတီဝင်များကို စစ်ဝတ်စုံဖြင့် တွေ့ရသည်ဟု ဇွန် ၁၂ ရက်က သတင်းထုတ်ပြန်ထားသည်။ ယင်းပါတီကို အကြမ်းဖက်အုပ်စုဝင်အဖြစ် သတ်မှတ်ကာ ပါတီဝင်များ၏ အသက်အန္တရာယ်ကို အာမမခံနိုင်ကြောင်း ပြောထားသည်။ 

ဦးအောင်ထွန်းလွင်၊ မင်းကင်း PDF တို့၏ ပြောဆိုထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ၏ တုံ့ပြန်ချက်ရရန် ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ထိုဒေသတွင် နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့လည်း ရှိနေပြီး ပျူစောထီးအဖွဲ့ကို ပစ်မှတ်ထားမည်ဟု ဆိုသည်။ 

တောင်တွင်းဒေသအတွင်း စစ်ကောင်စီလာရောက်တပ်စွဲရသည့် အဓိကအကြောင်းဖြစ်သော မြို့မရွာရှိ ဦးစောအောင်၏နေအိမ် တိုက်ခိုက်ခံရမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မိုးကြိုးမုန်တိုင်းအဖွဲ့က ဇွန် ၈ရက်တွင် ကြေညာထားသည်။ သို့သော်လည်း ကားတစ်စီးနှင့် နေအိမ်ခြံဝင်းမီးလောင်မှုသာ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုသည်။

“ခြောက်လန့်တဲ့သဘောမျိုး ပစ်ခတ်သွားတာ” ဟု မြို့မရွာခံတစ်ဦးက ပြောသည်။

တောင်တွင်းဒေသကို စစ်တပ်ဝင်ရောက်စီးနင်းမှုများအတွင်း ဖမ်းဆီးခံရသူရှိမရှိ မသိရသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ထိုဒေသသို့ စစ်သားများသွားရောက်ပြီး ရွာသားတို့ကို နှိပ်စက်ခြင်း၊ ရမ်းကားလုယက်ခြင်း ကျူးလွန်သည်ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး Myanamr Now က စစ်ကောင်စီပြန်ကြားရေးဌာနကို ဆက်သွယ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

မင်းကင်းမြို့တည်ရှိရာ စစ်ကိုင်းတိုင်းသည် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ရရာလက်နက်ဖြင့် တော်လှန်မှု ပထမဆုံးအစပြုသည့်ဒေသဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တာဟန်းခံတပ်မှာ ဧပြီလကတည်းကပင် ဒေသလုပ်တူမီးသေနတ်အချို့ဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို ခုခံခဲ့ပြီး အဆိုပါတိုက်ပွဲမှာ ထင်ရှားသည်။

Show More

Related Articles

Back to top button