သတင်း

CDF နှင့် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီး စစ်တပ်ဘက်မှ ၂၇ ဦး သေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နှင့် ဟားခါးမြို့တို့တွင် စစ်အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့ (ဇွန် ၁၀) ၌ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၂၇ ဦး သေဆုံးခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ် (CDF) က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ (ဇွန် ၁၀) နံနက်ပိုင်း၌ ထန်တလန်မြို့နယ်သို့ စစ်အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် အင်အား ၃၀ နီးပါးကို ခွာဟရိန်းတောင်ကြောပေါ်တွင် CDF က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်နာရီနီးပါးကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု CDF က ဆိုသည်။ 

“၈ ရက်ကတည်းက တိုက်ပွဲက ဖြစ်ဖို့များတယ်။ အဲ့ဒီမှာ သူတို့က ဒရုန်းသုံးတော့ ကျွန်တော်တို့က နေ့တိုင်း နောက်ပြန်ဆုတ်ရတယ်။ ၉ ရက်မှာဆိုရင် ကျေးရွာနားမှာတောင် (တိုက်ပွဲ) ဖြစ်ခါနီးလေး။ ဒါပေမယ့် ကျွန်တော်တို့က ပြည်သူတွေ နစ်နာမှာစိုးလို့ မပစ်လိုက်ဘူး။ ဒါပေမယ့် ၁၀ ရက်မှာကျတော့ သူတို့က ဆိုင်ကယ်တွေနဲ့ တက်လာတော့ အဲ့ဒီမှာ ကျွန်တော်တို့က ချုံခိုပြီးတော့ ပစ်လိုက်တာ”ဟု CDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းနေ့မှာပင် ဟားခါးမြို့နယ်သို့ စစ်အင်အားဖြည့်တင်းရန် ဂန့်ဂေါလမ်းမှတစ်ဆင့် တက်လာသည့် စစ်တပ်အင်အား ၅၀ နီးပါးကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ညနေပိုင်း၌ ကြားဖြတ်ချုံခိုတိုက်ခိုက်ခဲ့သည်။ 

စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီးနောက် ကျန်သည့် စစ်သားများ ပြန်လည်ဆုတ်ခွာသွားကြသည်ဟု CDF ဘက်က ပြောသည်။ 

“အပြစ်မဲ့ပြည်သူတွေရဲ့ဝက်တွေ၊ ကြက်တွေ၊ ပိုက်ဆံတွေ တန်ဖိုးရှိတဲ့ပစ္စည်းမှန်သမျှကို ခိုးပြီးလုယက်တယ်။ ပြီးတော့ ပြည်သူတွေကိုလည်း (အိမ်)အထဲမှာ မနေရဲအောင် လက်နက်ကြီးတွေနဲ့ အသကုန်ဆော်တယ်၊ ချတယ်ဆိုတော့ အဲ့ဒီဟာကို လက်တုံ့ပြန်လိုက်တာပေါ့။ ကိုယ့်ပြည်သူကို ကာကွယ်ဖို့ရှိတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံဘူး။ အကြမ်းဖက်လုပ်ရပ်တွေကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးဆိုတာကို ပြသချင်တာကြောင့်ပါ” ဟု ၎င်း CDF အဖွဲ့ဝင်က ပြောသည်။ 

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီတပ်ဘက်မှ အာပီဂျီများ၊ စက်သေနတ်များအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး CDF က လက်လုပ်တူမီးသေနတ်များဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ 

တစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှစ်ခုအတွင်း စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း ၂၇ ဦး သေဆုံးခဲ့ပြီး ဒေသခံအဖွဲ့ဘက်မှ အထိအခိုက်မရှိရခြင်းမှာ တိုက်ပွဲနည်းနာ၊ နယ်မြေကျွမ်းကျင်မှုတို့ကြောင့်ဖြစ်သည်ဟု CDF က ပြောသည်။

“ကျွန်တော်တို့က ပြောက်ကျားနည်းနဲ့ တိုက်တာ။ သူတို့ဘက်က အကျအဆုံးစာရင်းတွေကိုတော့ အလောင်းတွေကနေ တစ်ဆင့်ရယ်၊ ကားပေါ်ပြန်ဆုတ်သွားတဲ့သူဆီမှာ လူတစ်ယောက်မှာ သေနတ်နှစ်လက်ပါတယ်ဆိုတာက။ သူတို့က လူကို ထားခဲ့ပြီး သေနတ်ကိုတော့ ယူသွားတယ်။ အဲ့ဒီလိုမျိုးနဲ့ ကျွန်တော်တို့က Confirm လုပ်တယ်” ဟု ချင်းဒေသကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။

ဟားခါးမြို့နှင့် ထန်တလန်မြို့နယ်အတွင်း ယမန်နေ့တိုက်ပွဲများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

ထန်တလန်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာအနီးရှိ ကျေးရွာများမှ ရာနှင့်ချီသည့် ဒေသခံများမှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ဖမ်းဆီးခံထားရသည့် ဟားခါး၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် စသည့်မြို့နယ်များမှ ချင်းပြည်သူအယောက် ၁၀၀ ကျော်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်လည်း CDF ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ချင်းပြည်သူအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်နှင့် လွှတ်မပေးပါက ချင်းပြည်နယ်အနှံ့ ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF က သတိပေးထားသည်။ 

Show More

Related Articles

Back to top button