
စစ်ကောင်စီလက်နက်ကိုင်တပ်များက ပြည်သူများလုံခြုံရေးအတွက် ကင်းလှည့်နေသည်ဟုဆိုသော်လည်း မန္တလေးမြို့ဝန်းကျင်တွင် နေ့ခင်းကြောင်တောင် လုယက်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။
မေနောက်ဆုံးပတ်နှင့် ဇွန်ပထမပတ်အတွင်း ဓားထောက်လုယက်ခံရမှု နေ့စဉ်ကြားနေရပြီး တချို့နေရာများတွင် တစ်ရက်အတွင်း လုယက်မှုအကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု မန္တလေးမှ ကာယကံရှင်များက Myanmar Now ကို ပြောသည်။
ဇွန်လဆန်း နံနက် ၁၀ နာရီအချိန်ခန့်က မန္တလေးမြို့အထွက် ရေတံခွန်တောင်သွားရာလမ်းတွင် ကိုသားငယ်နှင့် ၎င်းအစ်ကိုမောင်းလာသည့် ဆိုင်ကယ်အား လူတစ်စုက တား၍ ဓားဖြင့်ထောက်ကာ ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံ လုယက်ခံခဲ့ရသည်။
“ဆိုင်ကယ်ကို တားပြီး အရင်ဆုံး ငါ့ကိုသိလားလို့ မေးတယ်။ ပြီးတော့မှ ကျွန်တော့်အစ်ကိုကို ဓားနဲ့ လှမ်းထိုးတာ၊ ဘေးကမြောင်းထဲ ခုန်ချလိုက်လို့ လူကိုတော့ မထိဘူး။ ကျွန်တော့်ကိုကျ လည်ပင်း ဓားနဲ့ ထောက်ထားပြီးတော့မှ မြောင်းထဲ တွန်းချတာ။ အဲဒီလိုဖြစ်သွားတဲ့အချိန် ကျွန်တော့်ဆိုင်ကယ်ယူပြီး မောင်းပြေးသွားတာ” ဟု ကိုသားငယ်က ပြောသည်။
ယခုကာလအတွင်း ယင်းနေရာတွင် တစ်ရက်တည်း ထိုကဲ့သို့ ပုံစံတူလုယက်မှု ၈ ကြိမ်အထိ ဖြစ်ခဲ့သည်။
နံပါတ် ဖုံးအုပ်ထားသော ဆိုင်ကယ်များဖြင့် အုပ်စုလိုက် အနားသို့ ရုတ်တရက်ရောက်လာတတ်ကြောင်း၊ ဓားဖြင့်ထောက်ကာ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံတို့ လုယက်ကြပြီး မပေးပါက အသက်ကို ရန်ပြုနိုင်သည့် အခြေအနေရှိကြောင်း လုယက်ခံရသည့် ကာယကံရှင်များက ဆိုသည်။
မန္တလေးမြို့သစ်၊ ကန်တော်ကြီးပတ်လမ်း၊ အောင်ပင်လယ်၊ ရေတံခွန်တောင်သွားရာလမ်းတို့တွင် အများဆုံးဖြစ်ပွားနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလကုန်၌ ညနေပိုင်း ရုံးဆင်းပြီးအပြန် အောင်ပင်လယ်ရပ်ကွက်၌ ဆိုင်ကယ်စီးလူအုပ်စုနှင့် ရင်ဆိုင်ရစဉ် စီးလာသောဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံအိတ်တို့ အလုခံရကြောင်း မသူသူဟန်က ပြောသည်။
နိုင်ငံရေးမတည်ငြိမ်သည့် ကာလတွင် ခိုးဆိုးလုယက်မှုများ ပေါများလာရာ “တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်” အခြေအနေဖြစ်လာသည်ဟု ၎င်းက ဆိုသည်။
Myanmar Now က မေးမြန်းခွင့်ရသော လုယက်ခံခဲ့ရသည့် ကာယကံရှင်များထံမှ တူညီသောအဖြေမှာ အနည်းဆုံး ၅ ဦးမှ ၇ ဦးအထိ အုပ်စုဖွဲ့ကာ လုယက်ခြင်း၊ ဓားမြှောင်၊ ဓားရှည်များကိုင်ဆောင်ခြင်း၊ ၎င်းတို့စီးလာသော ဆိုင်ကယ်ကို နံပါတ်ပြား ဖျက်လာခြင်း၊ ကျူးလွန်သူများပုံစံမှာ အသက် ၂၀ ဝန်းကျင်လူငယ်များဖြစ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲထားသော ပုံစံများရှိနေခြင်းတို့ ဖြစ်သည်။
ထို့အတူ လုယက်ခံရသူအများစုက သက်ဆိုင်ရာမြို့နယ်ရဲစခန်းများတွင် သွားရောက်အမှုဖွင့်ရန် ကြိုးစားခဲ့ကြသော်လည်း စခန်းတချို့က မှတ်တမ်းအဖြစ်သာ ယူထားသည်ဟု ဆိုသည်။
“ရဲစခန်းကို သွားတိုင်သေးတယ်။ သူတို့တောင် မလုံခြုံလို့ ဘာမှလုပ်မပေးနိုင်ဘူးလို့ ပြောလွှတ်လိုက်တာ” ဟု မန္တလေးမြို့ခံ ကိုသားငယ်က ပြောသည်။
အလားတူ မသူသူဟန်သည်လည်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း၌ အမှုမဖွင့်တော့ဘဲ အိမ်ပြန်လာခဲ့ရကြောင်း ပြောသည်။
“ညီမတို့ကမှ ဆိုင်ကယ်ပြန်ဝယ်ရင် ရနိုင်ပါတယ်။ အစ်ကိုတို့စခန်းမှာ ဒီကာလကြီး ခက်ခဲနေတာပါလို့ ရဲက ပြောလို့ အမှုမဖွင့်ဘဲ အိမ်ပြန်လာလိုက်တာ” ဟု တာဝန်ကျရဲဝန်ထမ်း၏ပြောဆိုပုံကို ကိုးကား၍ ပြောသည်။
ထိုသို့ မှုခင်းများဖြစ်ပွားနေသော်လည်း မန္တလေးမြို့ပေါ်တွင်မူ လုံခြုံရေးဟု အကြောင်းပြကာ နယ်မြေရဲများ၊ ယာဉ်ထိန်းရဲများအပါအဝင် စစ်တပ်က နေ့ပိုင်းတွင် ကားများ၊ ဆိုင်ကယ်များဖြင့် မြို့အနှံ့လှည့်လည်နေသလို တချို့လမ်းမကြီးများပေါ်တွင် လမ်းသွားလမ်းလာပြည်သူများ၏ ဆိုင်ကယ်များကို တားဆီးစစ်ဆေးခြင်း၊ ဖုန်းများစစ်ဆေးခြင်း၊ ဒဏ်ရိုက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းတို့ နေ့စဉ်ပြုလုပ်နေသည်။
“အခုက သူခိုးကြမ်းပိုးတွေလည်း ထောင်ထဲက အများကြီးလွတ်လာသလို ရဲဆိုတာကလည်း သူခိုးနဲ့ လက်ဝါးချင်းရိုက်ထားသလိုဆိုတော့ ဒီလိုလုယက်နေတဲ့သူတွေကို တင်းကျပ်မပေးနိုင်သေးသရွေ့ ကျွန်တော်တို့ပြည်သူတွေ ခံနေရမှာပဲ” ဟု ကိုသက်နိုင်တွန်းက ဝေဖန်သည်။
၎င်းသည် ပြီးခဲ့သည့် ဇွန်လဆန်းက ကန်တော်ကြီးပတ်လမ်းပေါ်တွင် ဓားထောက်၍ ဆိုင်ကယ်အလုခံခဲ့ရပြီး ယခုချိန်ထိ ပြန်မရသေးပေ။
မန္တလေးမြို့ ရာဇဝတ်မှု ထိန်းချုပ်တိုက်ဖျက်ရေးအခြေအနေနှင့် ပတ်သက်ပြီး ရဲစခန်းများကို မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။
အာဏာသိမ်းကာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်စီးကားနှင့် ဆိုင်ကယ်အများအပြားကို စစ်ကောင်စီတပ်က အကြောင်းမဲ့သိမ်းဆည်းခဲ့သည်။
ရဲနှင့် စစ်သားများသည် ဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရုံမက ဆန္ဒပြပြည်သူများကျန်ရစ်ခဲ့သော ဆိုင်ကယ်များကိုပါ နေ့ခင်းကြောင်တောင် လုယူ၊ ခိုးယူနေကြသည်။
ပြီးခဲ့သည့် မေ ၁၂ ၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်နေသော မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်းကို ဖြိုခွင်းပြီး လူ ၃၀ ကျော် ဖမ်းခဲ့သည့် ရဲနှင့် စစ်တပ်သည် အနီးအနားရှိ ငွေတော်ကြည်ကုန်းပျံကျဈေးတွင် ရပ်နားထားသော ဆိုင်ကယ်များအပါအဝင် အစီး ၆၀ ကျော်ကို ကုန်ကားကြီး ၅ စီးပေါ် တင်ပြီး ယူသွားကြသည်။
ရဲနှင့် စစ်သားတို့ ထိုလုပ်ရပ်များကျူးလွန်သည်ဟူသော ပြောဆိုရေးသားချက်များကို စစ်ကောင်စီက ပယ်ချလေ့ရှိသည်။
ပြည်သူကို ကူညီရမည့် ရဲနှင့် စစ်သားများက လုယက်မှုကျူးလွန်နေသကဲ့သို့ လူဆိုးသူခိုးတချို့ကလည်း ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း၊ အနှောင့်အယှက်မရှိ လုပ်ကိုင်နေကြသည်။
လမ်းမပေါ်တွင် နေ့ခင်းအချိန်၌ပင် ယခုလိုအုပ်စုဖြင့်ဓားထောက်လုယက်မှုများ အတင့်ရဲကျူးလွန်လာခြင်းကြောင့် နေ့စဉ်သွားလာလုပ်ကိုင်နေရသော မန္တလေးမြို့သူ၊ မြို့သားများအတွက် စိုးရိမ်စရာဖြစ်လာသလို အုပ်ချုပ်ရေးယန္တရား အားကိုးရာမဲ့လာသည့် အနေအထားဖြစ်လာနေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
“ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်တယ်။ အခုဆို ရဲတွေနဲ့ ပေါင်းလုပ်နေတယ်လို့လည်း ပြောနေကြတော့ လမ်းထွက်တာနဲ့ အသက်အန္တရာယ်ပါ ခြိမ်းခြောက်လာသလို ဖြစ်နေတယ်။ အရင်လို အေးချမ်းတဲ့ မန္တလေးမြို့လေးပဲ ပြန်လိုချင်တယ်” ဟု မန္တလေးမြို့ခံ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောလိုက်သည်။