အာဏာသိမ်းမှု ငါးနှစ်ကာလနီးပါး ရှိလာချိန် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြည်လုံးကျွတ် အသံတိတ်သပိတ် (Silent Strike) ကို ယနေ့ ပြုလုပ်ခဲ့ရာ စစ်ကော်မရှင်၏ ဖိနှိပ်မှုများကြား ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော်ကဲ့သို့ မြို့ကြီးများအပါအဝင် ကျေးလက်နှင့် မြို့များတွင် ဒေသခံလူထုက ပါဝင်ခဲ့ကြသည် ကို တွေ့ရသည်။
ယနေ့ (ဒီဇင်ဘာလ ၁၀) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ အသံတိတ်သပိတ် ပြုလုပ်ရန် လမ်းမများနှင့် အများပြည်သူဆိုင်ရာနေရာတို့တွင် ပြည်သူများ အပြင်မထွက်ကြဘဲ ကိုယ့်အိမ်၊ ကိုယ့်ဆိုင်၊ ကိုယ့်နေရာ၊ ကိုယ့်ရုံး စသည့် အမိုးအကာများအောက်တွင် နေ၍ ပါဝင်ဆင်နွှဲကြရန် သပိတ်အင်အားစုများက နှိုးဆော်ထားခြင်း ဖြစ်သည်။
စစ်တပ်ကို ဆန့်ကျင်မှု အားကောင်းသည့် နိုင်ငံအလယ်ပိုင်း မန္တလေးမြို့တွင် ဖိအားပေးခြိမ်းခြောက်မှုများကြားမှ အသံတိတ်သပိတ်ကို ပါဝင်ခဲ့ကြသည်ဟု မြို့ခံအချို့က ဆိုသည်။
မြို့လယ် လူသွားလူလာများသည့် အဓိကလမ်းမကြီးများတွင် ယခင်နေ့များထက်ရှင်းလင်းနေပြီး ရပ်ကွက်၊ လမ်းများတွင်လည်း လူသူမရှိသလောက် တိတ်ဆိတ်နေသည့်အခြေအနေအား မြင်တွေ့ခဲ့ရသည်ဟု ယနေ့နံနက် ၁၁ နာရီခန့်တွင် အောင်မြေသာစံမြို့နယ်မှ လူငယ်တစ်ဦးက ပြောသည်။
“လူစည်ကားတဲ့မိန်းလမ်းမတွေမှာ အရင်နေ့တွေကထက် လူရှင်းနေတယ်။ ရပ်ကွက်လမ်းကြားတွေမှာလည်း လူမရှိသလောက်ကို ဖြစ်နေတာပေါ့နော်။ အရင်သာမန်နေ့တွေကထက် တော်တော်ကိုရှင်းနေတာ ပေါ့နော်”ဟု ၎င်းက ဆိုသည်။
နေပြည်တော်တွင် ဝန်ထမ်းများနှင့်ပြည်သူများ အများဆုံးသွားလာသည့် ဇဗ္ဗူသီရိမြို့နယ်ရှိ ပျဉ်းမနား-
တောင်ညိုလမ်းမပေါ်၊ ဧရာဝတီလမ်းပေါ်၊ သပြေကုန်းဈေး၊ မြို့မဈေး၊ ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာ ရှမ်းကန်တွင်လည်း ကားများနှင့်လူ သွားလာလှုပ်ရှားမှုအချို့ရှိသော်လည်း ယခင်နေ့များထက် နည်းပါး နေသည်ကိုလည်း တွေ့မြင်ရသည်ဟု ဒေသခံအချို့က ပြောသည်။
သို့ရာတွင် လူအသွားအလာ ပြတ်နေသည်အထိတော့ မရှိကြောင်း သပြေကုန်းဈေးအနီး နံနက် ၁၁ နာရီ အချိန်တွင် သွားရောက်ခဲ့သည့် နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လူတွေနဲ့ကားကတော့ သွားလာနေတာပဲ၊ ပုံမှန်ပဲ သွားလာနေတာလို့တော့ ထင်တယ်။ ဝန်ထမ်းဝတ်စုံနဲ့ သွားလာတာတော့ တွေ့တယ်၊ လမ်းပေါ် လူ လုံးဝမရှိတာတော့ မမြင်ခဲ့ရဘူး”

Silent Strike ပြုလုပ်ရန် နှိုးဆော်ထားသည့် ရန်ကုန်မြို့တွင် လိုင်းကားများ ပုံမှန်အတိုင်းသွားလာမှုများ ရှိသော်လည်း နံနက်ခင်း ၁၀ နာရီမတိုင်ခင်ကစပြီး ယခင်ထက် ပုံမှန် ယာဉ်ကြောရှင်းလင်းနေသည်ဟု မြို့ခံများက ဆိုသည်။
“ကားလမ်းတွေလည်း မနက်တည်းကရှင်းနေတယ်။ အရင်က အကြာကြီးပိတ်နေကြ မီးပွိုင့်တွေလည်း တော်တော်လေး ရှင်းနေတယ်”ဟု ရန်ကုန်မြို့တွင်း တက္ကစီမောင်းသူတစ်ဦးက ပြောသည်။
ရန်ကုန်မြို့လယ်ခေါင်နှင့် မနီးမဝေးတွင်ရှိသည့် တောင်ဥက္ကလာ၊ ရန်ကင်း၊ သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်း လမ်းမကြီးများပေါ်တွင် လူသွားလူလာနည်းပါးသည်ဟု ထိုသူက ဆိုသည်။
“ အထဲလမ်းတွေလောက်ပဲ လူရှိတယ်။ လမ်းမတွေပေါ်မှာ သိပ်မတွေ့ရဘူး။ ရန်ကင်းဘက်မှာဆိုရင်လည်း လမ်းမတန်းက ဆိုင်တချို့ပိတ်တာမျိုးလည်းရှိတယ်။ ကလေး ကျောင်းကြို၊ ကျောင်းပို့ တချို့တလေလောက်တော့ တွေ့ရတယ်” ဟု အဆိုပါမြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း ပြောသည်။
ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားအနီး နံနက် ၁၀ နာရီနောက်ပိုင်းတွင် အသွားအလာ နည်းပါးသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့ခံအမျိုးသမီးထံက သိရသည်။
ယခင်အသံတိတ်သပိတ်များကဲ့သို့ ရှင်းလင်းနေမှုမျိုး မရှိသော်လည်း ရန်ကုန်မြို့၌ ယခင်နေ့ရက်များထက် လူသွားလူလာ သွားလာမှု လျော့ကျသည်ကို တွေ့ရသည်ဟု ရန်ကုန်မြို့မှ အမျိုးသားတစ်ဦးက မြင်တွေ့ရပုံကို ပြောပြသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စစ်ကော်မရှင် ခြိမ်းခြောက်မှုများကြားမှ ဆိုင်အချို့က ပါဝင်ခဲ့ကြသည်ဟု ယင်းမာပင်မြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မက ကုန်အမှာစာရင်းတွေ အရင်လှမ်းပို့တော့ ဆိုင်က မနက်ဖြန် (ဒီဇင်ဘာ ၁၀ ရက်) မလာခဲ့နဲ့ ဆိုပြီး ပြောတယ်။ အသံတိတ်သပိတ်ရှိလို့ ဆိုင်ကလည်း သူတို (စစ်တပ်) ရန်ကြောင့် ဟန်ပြပဲ ဖွင့်ထားမှာဆိုပြီး ပြန်ပြောတယ် ” ဟု ထိုအမျိုးသမီးက ဆိုသည်။
အသံတိတ်သပိတ်နှင့်ပတ်သက်ပြီး မုံရွာမြို့ခံများအကြာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေကြောင်း၊ ဒီဇင်ဘာလ ၆ ရက်နှင့် ၇ ရက်နေ့ကတည်းကပင် စျေးကား ၊ ကုန်ကားများကိုလည်း သက်ဆိုင်ရာ စျေးသည်နှင့် ကုန်သည် အသိုင်းအဝိုင်းမှ တဆင့် သတင်းစကားပါးထားကြောင်းလည်း ကားသမားများထံကလည်း သိရသည်။
မုံရွာမြို့ပေါ် အသံတိတ်သပိတ်သည် မြို့ခံလူထု ပါဝင်မှုအားကောင်းကြောင်း ဆားလင်းကြီး – ယင်းမာပင် ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီမှ ကိုလွမ်းသူက ပြောသည်။
ယနေ့ပြုလုပ်သွားသည့် အသံတိတ်သပိတ်ကို တော်လှန်ရေးစိုးမိုးနယ်မြေရှိ အညာဒေသအခြေခံပညာ စာသင်ကျောင်းများလည်း ပါဝင်ခဲ့ကြပြီး အချို့အတန်းများ တစ်ရက်ပိတ်ပေးကာ ၊ တချို့အတန်းများကို မွန်းလွဲ ၃ နာရီ နောက်ပိုင်းမှ အချိန်ပိုခေါ်ယူကြောင်းလည်း ယင်းမာပင်ခရိုင်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

လမ်းမများပေါ်တွင် လူသူကင်းရှင်းသည်အထိ အသံတိတ်နည်းဖြင့် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်မှောက်မှုကို ၂၀၂၁ ခုနှစ်တွင် နှစ်ကြိမ်၊ အာဏာသိမ်း တစ်နှစ်ပြည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် အာဏာသိမ်း နှစ်နှစ်ပြည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တို့တွင် တစ်ကြိမ်၊ အာဏာသိမ်း သုံးနှစ်ပြည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တစ်ကြိမ်စီဖြင့် စုစုပေါင်း ငါးကြိမ် ပြုလုပ်ခဲ့သည်။
အာဏာသိမ်းစစ်တပ်က အသံတိတ်သပိတ်ကို ဘယ်လိုတန်ပြန်သလဲ
ပြီးခဲ့သည့်နှစ်များအတွင်း အသံတိတ်သပိတ်များ၌ ပြည်သူအများအပြား၏ ပူးပေါင်းဆောင်ရွက်မှုကို တွေ့ခဲ့ရသလို စစ်ကော်မရှင်ကလည်း သပိတ်တွင် ပါဝင်သည်ဟု ယူဆရသူများကို ဖမ်းဆီးထောင်ချခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
စစ်အာဏာသိမ်း သုံးနှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ သပိတ်တွင် ပါဝင်သည်ဟု ယူဆရသည့် မန္တလေး၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းရှိ ဆိုင်ခန်းများကို ချိပ်ပိတ်ခြင်းများ၊ ဒဏ်ငွေရိုက်ခြင်းများ ပြုလုပ်ခဲ့သလို အရပ်သားများကိုလည်း ဖမ်းဆီး ထောင်ချခဲ့သည်။
စစ်ကော်မရှင် တဖြစ်လဲ အာဏာသိမ်းစစ်တပ်က အသံတိတ်သပိတ်ပြုလုပ်သည့် ယခုနှစ်တွင်လည်း လုံခြုံရေးတိုးမြှင့်ချထားခြင်း၊ လူအများကို စောင့်ကြည့်ခြင်း၊ ကထိန်ပွဲလမ်းသဘင်တို့ဖြင့် တန်ပြန်ရန် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
ရန်ကုန်မြို့ ဆူးလေ လူကူးခုံးကျော်တံတားပေါ်တွင် အရပ်ဝတ်ဖြင့် စစ်တပ်နှင့်ရဲထောက်လှမ်းရေးနှစ်ဦး က လုထုနှင့် တက်ကြွလှုပ်ရှားသူများ၏ သွားလာလှုပ်ရှားမှုများ စောင့်ကြည့်နေသည်ဟု သက်ကြီးပိုင်း အရွယ် အထက်ပါရန်ကုန်မြို့ခံ အမျိုးသမီးက ဆိုသည်။
စစ်ကားများသည်လည်း ရန်ကုန်မြို့တွင်းလှည့်လည်နေပြီး လူစောင့်ဆိုင်းနေသည့် ကားမှတ်တိုင်များတွင် ဓာတ်ပုံ မှတ်တမ်းဆင်းယူနေသည်ကိုလည်း တွေ့ခဲ့ရပြီး အချိန်အတန်ကြာ တွေ့မြင်ရခြင်း မရှိတော့သည့် စစ်ကားများ လှည့်လည်ခြင်း၊ လုံခြုံရေးများချထားခြင်း၊ စစ်ဆေးခြင်းမျိုး ရှ်ိသည်ကိုလည်း တွေ့ရသည် ဟု အထက်ပါ ရန်ကုန်မြို့နေ အမျိုးသားကလည်း ပြောသည်။
အသံတိတ်သပိတ်တွင် ပါဝင်ပါက ဈေးဆိုင်များကို ချိပ်ပိတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်းတို့ပြုလုပ်နေသည့် စစ်ကော်မရှင်က မန္တလေးမြို့တွင် ထိုရက်မတိုင်မီကတည်းက ရဲနှင့်စစ်သားအပြင် အပြာရောင် ယူနီဖောင်းဝတ် လက်နက်ကိုင်များက ဈေးများ၊ ဆိုင်ခန်းများ၊ လူနေအိမ်များကို လှည့်လည်ခြိမ်းခြောက်ထားသည်ဟု မြို့ခံများထံက သိရသည်။
အသံတိတ်သပိတ် နှောင့်ယှက်ရန် အစီအစဉ်များအား ယမန်နေ့ (ဒီဇင်ဘာ ၉ ရက်) ကတည်းက အင်တိုက် အားတိုက်ပြုလုပ်ခဲ့ကြောင်း မဟာအောင်မြေမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကလည်း ပြောပြသည်။
“မနှစ်ကလိုပဲ ။ ဆိုင်ကယ်တွေကားတွေ အပြစ်မရှိအပြစ်ရှာဖမ်းထားပြီး သပိတ်လုပ်မယ့်နေ့မှာမှ လာရွေး ရမယ်တို့လုပ်တယ်”ဟု ဆိုသည်။
ထို့ပြင် လူစည်ကားသည့် ဈေးကြီးများအတွင်း စစ်ကော်မရှင်လက်အောက်ခံအဖွဲ့ဝင်များက ယမန်နေ့တွင် လှည့်လည်၍ ဈေးသည်များအား ဓာတ်ပုံ ရိုက်ကာ ၊အသံတိတ်သပိတ်နေ့တွင် ဖွင့်မြဲအတိုင်းဖွင့်ရမည်ဖြစ်ပြီး ဆိုင်ပိတ်ပါက ဖမ်းဆီး ထောင်ချမည်အထိ ခြိမ်းခြောက်ပြောဆိုသွားသည်ဟု အထက်ပါအမျိုးသမီးက ဆက်ပြောသည်။
ယနေ့ နံနက်အစောပိုင်းကတည်းက မန္တလေးမြို့တစ်မြို့လုံး၌ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက လမ်းမများထက်တွင် လုံခြုံရေးရယူထားပြီး လမ်းသွားလမ်းလာများကို စစ်ဆေးနေသည်ဟု သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူစည်ကားသည့်ဈေးချိုတော်အနီး သပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာဆန်း အပါအဝင် လူသိများသည့် သပိတ်ခေါင်းဆောင်သုံးဦးက အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲမဲမထည့်ရေး ဟောပြောဆန္ဒပြမှုကို ပြုလုပ်ခဲ့သေးသည်။
ထိုလှုပ်ရှားမှုကြောင့် အထိနာသွားသည့် စစ်ကော်မရှင်က ဈေးဆိုင် ၅၀ ကျော်ကို ဖျက်ဆီးလိုက်ပြီး ထိုသုံးဦး၏ ဓာတ်ပုံပိုစတာများထုတ်ကာ အသည်းအသန် လိုက်လံရှာဖွေနေသည်ဟု သိရသည်။
စစ်ဗိုလ်ချုပ်များ နေထိုင်သည့် နေပြည်တော်တွင် ပျဉ်းမနား-တောင်ညိုလမ်းမပေါ်၌ အချုပ်ကား၊ ရဲကားနှင့် စစ်တပ်ထဲမှ ဈေးဝယ်ထွက်သည့် စစ်ကား ငါးစီးထက်မနည်းကို နံနက် ၁၀ နာရီကျော်တွင် တွေ့မြင်ရကြောင်း ပျဉ်းမနားဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရုံးပိတ်ရက်များတွင်ပါ ဆိုင်ကယ်ဦးထုပ်နှင့် ယာဉ်မောင်းလိုင်စင်ကို စစ်ဆေးတတ်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ပျဉ်းမနားမြို့နယ်၊ မြင်းရတနာရုပ်အနီး ယနေ့ နံနက် ၉ နာရီ အချိန်ကတည်းက ဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုသည်။
“မော်တော်ပီကယ်ကတော့ ဖမ်းတာတော့ ရုံးပိတ်ရက်မှာ ပိုဖမ်းပေမဲ့၊ ဒီနေ့ကတော့ တမင်လမ်းပေါ် လူများအောင် နံနက်အစောကြီး တမင်ဖမ်းနေတယ်တောင် မြင်မိတယ်” ဟုအထက်ပါ အမျိုးသားက ယူဆသည်။
နိုင်ငံအဆင့် ပွဲအခမ်းအနားများရှိမှ လုံခြုံရေးတင်းကျပ်သည့် နေပြည်တော်တွင် အပြာရောင်ယူနီဖောင်းဝတ် “ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့” ဟု အမည်ခံထားသည့် အဖွဲ့ဝင်အချို့ကိုလည်း ပျဉ်းမနား-တောင်ညို လမ်းမပေါ်တွင် တွေ့မြင်ခဲ့ရသည်ဟု နေပြည်တော်နေ အမျိုးသား နောက်တစ်ဦးက ဆိုသည်။
သပြေကုန်းဈေး၊ မြို့မဈေးနှင့် ဧရာဝတီလမ်းပေါ်တွင်မူ လုံခြုံရေး တိုးချထားခြင်း မရှိဘဲ ပုံမှန်ဂိတ်စခန်းများရှိ လုံခြုံရေးအင်အားများကိုသာ တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
အသံထွက်ချင်သော စစ်ကော်မရှင်
စစ်ကော်မရှင်၏ တန်ပြန်နည်းများတွင် အသံတိတ်သပိတ်နေ့၌ ဆူညံသောလှုပ်ရှားမှုများ၊ လူစည်ကား များပြားအောင်လုပ်သောနည်းလမ်းများလည်း ပါဝင်သည်။
စစ်ကော်မရှင်ဝန်ကြီးဌာနအသီးသီးတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့၌ ဝန်ထမ်းများအားလုံး နာရေးမှလွဲပြီး ခွင့်ယူခွင့်မရှိဟု ညွှန်ကြားထားပြီး ဝန်ထမ်းများကိုလည်း ပျော်ပျော်ရွှင်ရွှင်နေရမည်ဟု မှာကြားထားကြောင်း ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတစ်ဦးက ပြောသည်။
အသံတိတ်သပိတ်နှင့်အချိန်ကိုက်ပင် စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းမိသားစုများကို အသုံးပြုကာ ဈေးရောင်းပွဲများ၊ အတီးအမှုတ်နှင့်ပျော်ပွဲရွှင်ပွဲများ ကျင်းပနေခြင်း၊ မြေသယ်ကား၊ ကျောက်သယ်ကား များကို ဖမ်းဆီးကာ မြို့အတွင်းပတ်မောင်းစေခိုင်းခြင်းတို့ ပြုလုပ်နေကြသည်ကို မန္တလေးမြို့ခံများကလည်း ဆိုကြသည်။
မန္တလေးတိုင်း ပြင်ဦးလွင်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အတွင်း အချိန်အခါမဟုတ်သော ကထိန်ပွဲများ ကျင်းပခြင်းများပြုလုပ်ခဲ့ကြောင်း မီဒီယာအချို့တွင် ဖော်ပြထားကြသည်။
အလားတူ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် စစ်တပ်ကိုထောက်ခံသူများနှင့် မဘသများက ရန်ကုန်မြို့လယ်၌ အစဉ်အလာမပြတ် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။
ယင်းနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ စစ်တပ်ထောက်ခံပွဲ၌ လူမြင်ကွင်းမှကာလအတော်ကြာ ပျောက်ကွယ်နေခဲ့သည့် မဘသ ဘုန်းကြီး ဦးဝီရသူ၊ ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်အမတ်ဟောင်း ဦးလှဆွေနှင့် အမျိုးသားရေးသမားအမည်ခံ စစ်တပ်ထောက်ခံရေးသမား ဦးဝင်းကိုကိုလတ်တို့သည်လည်း တကျော့ပြန်ထွက်ပေါ်လာခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း အသံတိတ်သပိတ်ကိုဖျက်ဆီးရန် စစ်တပ်ထောက်ခံပွဲကို ရန်ကုန်မြို့လယ်ခေါင်တွင် ဘာသာရေးအကြောင်းပြ ဆူပူမှုများ ဖန်တီးခဲ့သူ မိုက်ကယ်ကျော်မြင့် ဦးဆောင်၍ ဘုန်းကြီး ၁၃ ပါးနှင့် လူ ၅၀ ဦးခန့်ဖြင့် ပြုလုပ်ခဲ့သေးသည်။
အသံတိတ်သပိတ်က ပေးတဲ့ သတင်းစကား
ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက အသံတိတ်သပိတ်အနေဖြင့် လူထုက စစ်ကော်မရှင်၏ ရွေး ကောက်ပွဲကို လက်မခံကြောင်း သတင်းစကားပေးခြင်းဖြစ်သည်ဟု ဆိုသည်။
“ ဒီကနေ့ ပြည်လုံးကျွတ်အသံတိတ်သပိတ်ကြီးကနေ ပေးလိုက်တဲ့သတင်းစကားကတော့ စစ်အုပ်စုရဲ့ အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို လူထုက လုံးဝလက်မခံဘူးဆိုတာကို ပြသလိုက်တာ ဖြစ်ပါတယ်။ပြည်သူလူထုရဲ့ စုစည်းမှု၊ ညီညွတ်မှုနဲ့ ဖော်ဆောင်တဲ့ ဒီလှုပ်ရှားမှုကြီးကနေ စစ်အာဏာရှင်၊ စစ်အုပ်စုရဲ့ ဂုဏ်သိက္ခာမရှိတဲ့ ရွေးကောက်ပွဲဆိုတာ သိပ်ကို ပေါ်လွင်ထင်ရှားတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်” ဟု ဆိုသည်။
“ ကျွန်တော်တို့ကိုမှ မဟုတ်ဘူး။ တခြားတခြားသော ပြည်သူပေါင်းမြောက်များစွာကိုလည်း မတရားတဲ့ ရွေးကောက်ပွဲဥပဒေတွေနဲ့ ပုဒ်မတွေတပ်၊ နှစ်ရှည်ထောင်ဒဏ်တွေချပြီးတော့ လုပ်နေတဲ့ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တိုင်းပြည်နဲ့လူထုအတွက် ဘာမှမျှော်လင့်စရာမရှိဘူးဆိုတာ ပိုပြီးတော့ ထင်ရှားသထက် ထင်ရှားလာတယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်” ဟု ဆိုသည်။
ဩစတေးလျ အခြေစိုက် CRPH Support Group Australia အဖွဲ့မှ အဖွဲ့ဝင် ကိုပက်ထရစ်ချိုက ပြည်တွင်းရှိ လူထု၏ Silent Strike သည် အင်မတန်အောင်မြင်သည့်လှုပ်ရှားမှုဟု ဆိုခဲ့ပြီး ဖိနှိပ်မှုများ မရှိပါက လူအများအပြား ဆန္ဒပြမှုများကို ထိန်းချုပ်မရနိုင်ကြောင်း မှတ်ချက်ပြုသည်။
“ လူထုဟာ ဒီနိုင်ငံမှာ အုပ်ချုပ်နေတဲ့၊ အုပ်ချုပ်ချင်တဲ့ အာဏာသိမ်းစစ်ကောင်စီ မင်းအောင်လှိုင်ကို လူထုက လိုချင်လား မလိုချင်လားဆိုတာကို အင်မတန်အဖြေရှင်းပါတယ်။ လူထုဟာ ဓားမိုးပြီး အုပ်ချုပ်လို့မရဘူးဆိုတာကို သဘောပေါက်မယ်။ လူထုမှာ အကြောက်တရားမရှိဘူး။ လုပ်လို့ရနိုင်တဲ့ နည်းလမ်းတွေနဲ့လုပ်မယ်” ဟု ဆိုသည်။
ဆက်လက်၍ “ နိုင်ငံရေးတော်လှန်ရေးတစ်ခုမှာ လူအနည်းအများကတော့ ဟုတ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ သာမန် ပြည်သူလူထုတွေဟာ အာဏာရှင်အောက်မှာ ဒူးမထောက်သမျှ ကာလပတ်လုံး ကျွန်တော်တို့ တိုက်ပွဲအရှိန်က ဆက်သွားနေမှာပါပဲ။ (လူ) နည်းခြင်းများခြင်းကတော့ နံပါတ်တွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။ တိုင်းပြည်တွင်းမှာရှိနေတဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ ဒီကနေ့ ဖွင့်ပေးကြည့်လိုက် ပါ။ လွတ်လပ်စွာ ဆန္ဒပြခွင့်သည်သာ ပေးလိုက်ပါ ဒီကနေ့ပြန်ပြီး လူဟာ ပင်လယ်ကြီးဖြစ်သွားနိုင်ပါ တယ်” ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံတကာထောက်ခံမှုရရှိစေရန် စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း သုံးပိုင်းခွဲကာ ကျင်းပသွား မည်ဖြစ်ပြီး သီတင်းပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ်ဇန်နဝါရီလ မကုန်မီ သုံးပိုင်းလုံးပြီးစီးရန် ရည်ရွယ်ထားသည်။
အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ လည်းကောင်း၊ အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ လည်းကောင်း ကျင်းပသွားမည်ဟု ကြေညာ ထားရာ လက်ကျန်မြို့နယ်အားလုံးကို အပိုင်း (၃) တွင် ကျင်းပရန် စစ်ကော်မရှင်က လျာထားသည်။
စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၇ ခု ယှဉ်ပြိုင်မည်ဖြစ်ကာ ခြောက်ပါတီသာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကျန် ၅၁ ပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ထိုသို့ အပြင်းအထန် ကြိုးပမ်းနေသော်လည်း ရွေးကောက်ပွဲ သီတင်းပတ် သုံးပတ်ခန့်သာ လိုတော့သည့် အချိန်တွင် စစ်ကော်မရှင်က ၎င်းတို့ ကျင်းပနိုင်မည်ဟု ယူဆထားသည့်နယ်မြေများအနက် မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါး၌ ရွေးကောက်ပွဲ မလုပ်နိုင်တော့ကြောင်း ယခုလ ပထမပတ်က ကြေညာလိုက်ရသည်။



