ဆောင်းပါး

မျက်ကွယ်ပြုခံနေရသည့် မိသားစုအတွင်း အကြမ်းဖက်ခြင်း

ရန်ကုန်မြို့လယ်တွင်နေထိုင်သည့် ၃၅ နှစ် အရွယ် မသန်းသန်းဝင်း (အမည်လွှဲ)သည် အိမ်ထောင်ဖက်၏ နှိပ်စက်ခြင်းကို ၉ နှစ်ကြာ ခံခဲ့ရသည်။ နှိပ်စက်မှုများထဲတွင် မျက်နှာ၊ ဦးခေါင်း၊ ရင်ဘတ်၊ ကျောကုန်း စသည့်နေရာများကို ဆောင့်ကန်ခြင်း၊ နီးစပ်ရာ အရာဝတ္ထုဖြင့် ကောက်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်းတို့ ပါဝင်သည်။

အိမ်ထောင်သက်ကြာလာလျှင် ညှဉ်းပန်းခံရမှု တဖြည်းဖြည်း လျော့နည်းသွားနိုင်သည်ဟူသော သူ၏ မျှော်လင့်ချက်မှာလည်း လက်တွေ့ ဖြစ်မလာပေ။

“ကျွန်မကို ပြေးပြေးကန်တာ ဘောလုံးတစ်လုံးလိုပဲ။ လူရှေ့သူရှေ့၊ နေရာဒေသ မရွေးဘူး၊ သူစိတ်ဆိုးတာနဲ့ ကျွန်မကို ရိုက်နှက်တော့တာပဲ။ ရဲတိုင်ရင် ကလေးတွေကိုပါ နှိပ်စက်မယ်လို့ ပြောပါတယ်” ဟု ကျောင်းနေအရွယ် ကလေး ၃ ယောက်၏မိခင် မသန်းသန်းဝင်းက ပါးပြင်မှ မျက်ရည်စများကို သုတ်ရင်း ရှင်းပြသည်။

အိမ်ထောင်ကျစဉ်က မသန်းသန်းဝင်း၏ မိဘများက သဘောမတူသောကြောင့် စိတ်နာပြီး နှစ်ပေါင်းများစွာ နှိပ်စက်ခဲ့သည်ဟူသော ခင်ပွန်းသည်၏ အခြေအနေက လွန်ခဲ့သည် ၃ လ အတွင်း ပိုဆိုးလာသည်။ ခင်ပွန်းသည်က ဓားတစ်ချောင်းကို သွေး၍ “ဒီဓားနဲ့ နင့်ကိုသတ်မှာ” ဟု ပြောဆိုခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မသန်းသန်းဝင်းက ဆိုသည်။

မိသားစုအတွင်း အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကြုံတွေ့နေရသော အမျိုးသမီးအများအပြားသည် မသန်းသန်းဝင်းကဲ့သို့ပင် အမှုဖွင့်တိုင်ကြားလေ့ မရှိကြောင်း ကာယကံရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

အမျိုးသမီး အများအပြားသည် ဝင်ငွေမရှိခြင်း အိမ်ထောင်ကွဲလျှင် တစ်လင်ကွာဟု ကဲ့ရဲ့ပြစ်တင်ခံရနိုင်ခြင်း၊ ကလေးများ စိတ်ဒဏ်ရာရခြင်း၊ တို့ကြောင့် သည်းခံ အလျှော့ပေးတတ်ကြ သည်ဟု ၎င်းတို့က ဆိုသည်။

ပညာပေးခြင်း

ဇူလိုင် ၁၃ နံနက်ပိုင်း ရန်ကုန်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှ ဒေါ်စုစုလှိုင်က အိပ်ပျော်နေသူ ခင်ပွန်းသည်၏ ဦးခေါင်းကို ရဲတင်းဖြင့်ခုတ်ပြီးနောက် ရဲစခန်းသို့ သွားရောက် အဖမ်းခံခဲ့သည် ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒေါ်စုစုလှိုင်တို့ဇနီးမောင်နှံသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့မှ ပြောင်းရွှေ့လာကြသည်မှာ ၂ လ နီးပါး ရှိပြီဖြစ်သည်။

ခင်ပွန်းသည်က သူ့ကို နှိပ်စက်ကြောင်း၊ ကိုယ်ဝန်ရှိသဖြင့် ဗိုက်ကို မကန်ရန် ဒေါ်စုစုလှိုင် တောင်းပန်သည့်အသံ ညတိုင်း ကြားရကြောင်း အိမ်နီးချင်းတို့က ပြောသည်။

“ရိုက်တာ မခံနိုင်လွန်းလို့မိန်းမက အိမ်ပေါ်ကဆင်းပြေးတဲ့အဖြစ်မျိုးတောင်ရှိခဲ့ဖူးပါတယ်” ဟု ၎င်းတို့အိမ်ရှေ့တွင် နေထိုင်သည့် ဒေါ်စိုးစိုးအေးက ပြောသည်။

ခင်ပွန်းသည်က ထွက်ပြေးသည့် ဒေါ်စုစုလှိုင်ကို ဆံပင်ဆွဲ၍ အိမ်ထဲပြန်ခေါ်သွားသည်ကို မြင်တွေ့ဖူးကြောင်း သူက ဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အခြေစိုက် ကွန်ရက်တစ်ခုဖြစ်သည့် Irrawaddy Women’s Network မှ ဒုတာဝန်ခံ မသီတာမြင့်က ခင်ပွန်းသည်ကို အိမ်ဦးနတ်အဖြစ် သဘောထားနေကြခြင်းမှာ မိသားစုအတွင်း အကြမ်းဖက်ခြင်းကို အားပေးရာရောက်သည့် အချက်တစ်ခုဖြစ်သည်ဟု သုံးသပ်သည်။

၎င်းတို့၏ ကွန်ရက်သည် အိမ်တွင်း အကြမ်းဖက်ခြင်းနှင့် ပတ်သက်၍ ရွာပေါင်း ၃ဝ တွင် လိုက်လံ၍ ပညာပေး ဟောပြောပြီးဖြစ်သည်။

နိုင်ထက်စီးနင်းပြုခြင်း ပြုလာပါက ခေါင်းငုံ့မခံသင့်ကြောင်း၊ တိုင်ကြားနိုင်သည့် ဥပဒေများရှိကြောင်း ဟောပြောခြင်းကို အထင်လွဲသူများ ရှိနေကြောင်း မသီတာမြင့်က ပြောသည်။

“လင်မယားတွေကြားမှာ ရန်တိုက်ပေးနေတာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

အမျိုးသမီးအများစုသည် အိမ်တွင်းအကြမ်းဖက်ခံရခြင်းကို ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ ဖြစ်လေ့ရှိသည့် အိမ်တွင်းရေးပြဿနာအဖြစ်သာ သဘောထားနေသည်ကို လေ့လာတွေ့ရှိ ရကြောင်း သူကပြောသည်။

နာမည်ကျော် စာရေးဆရာမကြီး စမ်းစမ်းနွဲ့ (သာယာဝတီ) က အိမ်တွင်းအကြမ်းဖက်မှု လျော့နည်းလာစေရန်အတွက် တရားဥပဒေစိုးမိုးရေးက အဓိကကျကြောင်း ပြောသည်။


အမျိုးသမီးများ ကိုယ့်ကိုယ်ကိုယ်ကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများကို သူ၏ ဝတ္ထုများတွင် ထည့်သွင်းရေးသားခဲ့သည်။

အမျိုးသမီးများ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းရဲသည့် သတ္တိ ပေါ်ပေါက်လာစေရန် အတွက်လည်း တွန်းအားပေးသင့်ကြောင်း၊ ဟောပြောခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း စသည့် အသိပညာပေးရေးလုပ်ငန်းများကို အကြိမ်ကြိမ် ပြုလုပ်သင့်ကြောင်း၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် အတွက်လည်း အမျိုးသမီးများသာမက အမျိုးသားများအနေဖြင့်လည်း စာများများဖတ်ရန်လိုအပ်ကြောင်းပြောသည်။

တရားဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်း၍ရသည်ကိုပင် နားလည်သူနည်းပါးကြောင်း၊ ရဲတပ်ဖွဲ့ကလည်း တိုင်ကြားချက် ရှိလာလျှင် ထိထိရောက်ရောက် ကိုင်တွယ်သင့်ကြောင်း သူကပြောသည်။

“ဖြစ်ပြီးမှဖြေရှင်းတာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ နည်းလမ်းကအကောင်းဆုံးပါပဲ” ဟု သူက ဆိုသည်။

ကျောက်တံတားမြို့နယ်ရှိ ရဲအုပ်ဇော်ဝင်းနိုင်က အိမ်ထောင်ဖက်ကို တုတ်၊ ဓားသုံးပြီး တိုက်ခိုက်ခြင်းမှာ လွန်စွာ ဆိုးဝါးသည့် အပြုအမူဖြစ်သည်ဟု ပြောသည်။

စခန်းသို့ လာရောက်တိုင်တန်းမှုရှိပါက နှစ်ဖက်မိဘဆွေမျိုး၊ ရပ်မိရပ်ဖ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ဦးစွာ ညှိနှိုင်း ဖြေရှင်းခိုင်းကြောင်း၊ ထိုအဆင့် မအောင်မြင်မှ အမှုဖွင့်ခြင်းကို လက်ခံ ဆောင်ရွက်ပေးကြောင်း ပြောသည်။

တိုင်ကြားသူ၏ လုံခြုံရေး

ရန်ကုန်၊ ဒလမြို့နယ်မှ ဒေါ်အေးသန္တာက ၎င်း၏ ခင်ပွန်းသည် ဦးတင်မောင်ဝင်း (ခေါ်) ဦးထွန်းရွှေကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် တရားစွဲခဲ့သည်။ ဇူလိုင် ၅ ရက်နေ့ တရားရုံးချိန်းမှ အပြန်တွင် ဦးတင်မောင်ဝင်းက လည်ပင်းကို ဓားဖြင့်ထိုးသဖြင့် ဒေါ်အေးသန္တာသေဆုံးသွားကြောင်း မြို့နယ်ရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အိမ်ထောင်ဖက်များကြား အမှုဖွင့်ထားပါက တိုင်ကြားသူ၏ အသက်အန္တရာယ် ထိခိုက်မှု မရှိစေရန် အမျိုးသားကို ၎င်း၏ ဇနီးသည် ရှိတတ်သည့် နေရာများသို့ သွားလာခွင့် ပိတ်ပင်သင့်ကြောင်း ရန်ကုန် ၊ မြောက်ဥက္ကလာပ မြို့နယ်မှ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မဝင်းဝင်းခိုင်က ပြောသည်။

“မိန်းမနဲ့နွား မသနားရ၊ မိန်းမဆိုတာ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်တာ” ဟု တချို့က နောက်ပြောင် ပြောဆိုကြကြောင်း၊ ထိုသို့ ပြောဆိုခြင်းသည် ရိုက်နှက်ခြင်းကို အားပေးရာရောက်ကြောင်း သူက ထောက်ပြသည်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ အလုပ်သမားရေးရာဌာန ဒုတာဝန်ခံ ဒေါ်သက်သက်အောင်ကလည်း တိုင်ကြားခံရသူ အမျိုးသားကို လိုအပ်ပါက ၂၄ နာရီခန့် ထိန်းသိမ်းထားသင့်ကြောင်း သုံးသပ်သည်။

“အရမ်းဆိုးသွမ်းနေတဲ့သူဆိုရင် ခဏချုပ်ထားတာ အသင့်တော်ဆုံးပဲ။ ဘာကြောင့်လဲဆိုတော့ ဒီအတိုင်းထားရင်လည်း ဇနီး အပါအဝင် အခြားသူတွေကိုပါ အန္တရာယ်ပေးနိုင်တယ်” ဟု ဒေါ်သက်သက်အောင်က ဆိုသည်။

ပညာပေးဟောပြောမှုအစီအစဉ်များတွင် အမျိုးသားပါဝင်မှု ရှိလာပါက အိမ်တွင်းအကြမ်းဖက်မှုပြဿနာ လျော့နည်းလာမည်ဟု သူက ပြောသည်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်တွင် အိမ်ဆောက်ပစ္စည်းရောင်းသူ ကလေးနှစ်ယောက်ဖခင် ဦးနေမျိုးက အိမ်ထောင်ဖက်အချင်းချင်း စိတ်ဆင်းရဲဖြစ်အောင် မပြုလုပ်သင့်ကြောင်း ပြောသည်။

“ကိုယ်ချစ်လို့လက်ထပ်ထားတာပဲ၊ စိတ်အခန့်မသင့်လို့ စကားများတာတော့ ရှိတာပေါ့။ ယောက်ျားရင့်မာကြီးက အားနွဲ့တဲ့မိန်းမသားကို အနိုင်ကျင့် ရိုက်နှက်တယ်ဆိုတာက လူကြားလို့မှ မကောင်းတဲ့ ကိစ္စပါ” ဟု ၎င်းက ဆိုသည်။

အမျိုးသမီးတို့၏ စိုးရိမ်မှု

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်မှ ကလေးနှစ်ယောက်မိခင် ဒေါ်ဖြူဖြူ (အမည်လွှဲ) သည် ခင်ပွန်း ယောက္ခမများ၏ နေ့စဉ်နှင့်အမျှ အနိုင်ကျင့်သည့်ဒဏ်ကို မခံနိုင်တော့ဟု ဆိုကာ အိမ်ထောင်သက် ဆယ်နှစ်အကြာ ဇူလိုင်လဆန်းတွင် ခင်ပွန်းသည်နှင့် လမ်းခွဲခဲ့သည်။

မျက်နှာရောင်ကိုင်း၊ ခေါင်းကွဲ၊ လက်ကျိုးသည်အထိ နှိပ်စက်ခံရဖူးကြောင်း၊ အိမ်အပြန်နောက်ကျသည့်နေ့များတွင် “မိန်းမပျက်” ဟု အခေါ်ခံရကြောင်း သူကပြောသည်။

“သူ လက်သီးနဲ့ထိုးလို့ ကျွန်မမျက်လုံးမှာ သွေးခြည်ဥဖူးပါတယ်။ အခုတော့ ကျွန်မ ဝဋ်ကျွတ်သွားပြီ” ဟု သူက ဆိုသည်။

ရန်ကုန်၊ တောင်ဥက္ကလာပ မြို့နယ်တွင်နေထိုင်ပြီး ခင်ပွန်းသည်၏ လစာတစ်ခုတည်းဖြစ်သာမှီခိုနေထိုင်နေသည့် ၂၃ နှစ်အရွယ်ရှိသူ ကလေးတစ်ယောက်မိခင် မယုယုထွန်း(အမည်လွှဲ) ကလည်း ခင်ပွန်းသည်၏ အကြမ်းဖက်မှု ဒဏ်ကို ခံရသူဖြစ်သည်။

ခင်ပွန်းသည်က လုပ်ငန်းခွင် အဆင်မပြေသည့် ရက်များတွင် အရက်သေစာသောက်စားပြီးမှ အိမ်သို့ပြန်လာကာ အော်ဟစ် ဆဲဆို၊ အိုးခွက်ပန်းကန်များကို ရိုက်ခွဲတတ်ကြောင်း သူကပြောသည်။

“သူအဆင်မပြေတော့ ကျွန်မလည်း အရစ်ခံရတာပေါ့” ဟု မယုယုထွန်းက ဆိုသည်။

၎င်း၏ သမီးအား မိတကွဲဖတကွဲအဖြစ်သို့ မရောက်စေရန် အတတ်နိုင်ဆုံး သည်းခံသွားမည်ဖြစ်သော်လည်း ယခုထက် ပိုမိုအနိုင်ကျင့်ခံရပါက ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမည်ဟု ဆိုသည်။

လင်မယားအချင်းချင်းဖြစ်စေကာမူ အလိုမတူဘဲ လိင်ဆက်ဆံပါက မုဒိမ်းမှုမြောက်သော်လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တိုင်ကြားသူ မရှိသလောက်နည်းပါးကြောင်း ရန်ကုန်မြို့မှ အထက်တန်းရှေ့နေ ဦးမင်းသက်ဇင်က ပြောသည်။

နှိပ်စက်ခံရပါက အပြင်းအထန် နာကျင်စေမှု၊ ဓားလက်နက်တို့ဖြင့် နာကျင်စေမှုများဖြင့် တရားစွဲဆို တိုင်ကြားနိုင်ကြောင်း သူက ရှင်းပြသည်။

“ဒီပုဒ်မတွေနဲ့ တရားစွဲလို့ရတယ် ဆိုတာကို ဇနီးသည်အများစုက မသိကြပါဘူး” ဟု ဦးမင်းသက်ဇင်က ဆိုသည်။

အိမ်ထောင်ဖက်အချင်းချင်း အနိုင်ကျင့်ခြင်းသည် လင်မယားကြားထဲမှ အတွင်းရေးကိစ္စသာဖြစ်သည်ဟူသော အယူအဆကို မဖျောက်ဖျက်နိုင်ပါက မိသားစုအတွင်းအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုမှု၊ အရေးယူမှု ရှိလာမည်မဟုတ်ဟု ရန်ကုန်အခြေစိုက် ကျားမတန်းတူရေးကွန်ရက်မှ ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက Myanmar Now ကို ပြောသည်။

“အိမ်တွင်းအကြမ်းဖက်မှုဟာ ရာဇဝတ်မှုမြောက်တဲ့ပြစ်မှုဖြစ်တယ်ဆိုတာကို ပထမဦးဆုံး အမျိုးသမီးတွေရော အမျိုးသားတွေရော သိဖို့နားလည်ဖို့ အရေးကြီးပါတယ်။ ဥပဒေအရလည်း စနစ်တကျအရေးယူဖို့ လိုအပ်ပါတယ်” ဟု ဒေါ်မေစံပယ်ဖြူက ပြောဆိုလိုက်သည်။ ။

Show More

Related Articles

Back to top button