စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ခုနစ် နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ရွှေဘိုမြို့တောင်ဘက် သစ်ချိုပင်ရွာကို နံနက် ၁ နာရီ ၁၉ မိနစ်ဝန်းကျင်တွင် ဗုံး နှစ်လုံးကြဲချခဲ့ရာ ရွာလယ်တွင် ကျရောက်ပေါက်ကွဲပြီး အသက် ၃၅ နှစ်အရွယ် ကိုမြင့်သူဝင်း၊ ဇနီး မမေလွမ်းသူနှင့် ဘေးအိမ်မှ အသက်ခုနစ် နှစ်အရွယ် မဝင်းလဲ့လဲ့ထွန်းတို့ ပွဲချင်းပြီး သေဆုံးခဲ့သည်။
“ အိမ်ပေါ်တည့်ကျတဲ့အခါကျတော့ အိမ်တွေ ပျက်စီးတယ်။ လင်မယားနှစ်ယောက်ဆိုလည်း ခန္ဓာကိုယ် ခါးပိုင်းကနေပြတ်သွားတယ်။ ကလေးဆိုလည်း တစစီဖြစ်သွားတယ်လို့ သိရတယ်”ဟု ဝက်လက်မြို့နယ် ဒေသတွင်းစစ်ရေးသတင်းများကိုဖော်ပြနေသည့် Wetlet Information Network မှ တာဝန်ရှိသူက ပြောသည်။
ဒဏ်ရာရသူ ၁၀ ဦးခန့်ရှိသည့်အနက် နှစ်ဦးမှာ စိုးရိမ်ရပြီး အနီးဝန်းကျင် နေအိမ်အချို့ထိခိုက်ပျက်စီးသွားကြောင်း ရွှေဘိုမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။
အိမ်ခြေ ၁၀၀ ကျော်ရှိသည့် သစ်ချိုပင်ရွာသည် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းတွင်ရှိပြီး ဝက်လက်နှင့် ကျောက်မြောင်းမြို့နယ် နယ်စပ်တွင် တည်ရှိသည်။ အဆိုပါရွာတွင် ကာကွယ်ရေးအဖွဲ့ဝင်များ အခြေစိုက် ခြင်းမရှိသလို ရွာအနီးဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုများလည်း မရှိကြောင်း ဒေသခံများက ဆိုသည်။
လူအများအပြား အိပ်မောကျနေသည့်အချိန်ဖြစ်သည့်အတွက် ထိခိုက်သေဆုံးမှု များပြားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
“တိုက်ပွဲမရှိဘူး။ စစ်ကြောင်းမရှိဘူးဆိုတော့ ကိုယ့်အရပ်ကိုယ့်ဒေသမှာပဲ အိပ်ကြတာ။ ရာသီဥတုကလည်း အရင်နှစ်တွေနဲ့ မတူဘူး၊ တော်တော်အေးတော့ ကိုယ့်အိမ်မှာပဲ ကိုယ်အိပ်ကြတယ်။ ဖိုက်တာ (တိုက်လေယာဉ်) တက်လာပြီ ဆိုရင် နားစွင့်နေရတယ်။ ဖိုက်တာ မဆင်းမချင်းအတတ်နိုင်ဆုံး မအိပ်ဘဲနဲ့ နေပြီးတော့ ဖိုက်တာ ကိုယ်နဲ့နီးရင်တော့ ပုန်းခိုကျင်းထဲ ပြေးဝင်ရတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် မြေပြင်စစ်ကြောင်းမရှိဘဲ ညသန်းခေါင်တွင် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်သည့်အတွက် လူထိခိုက်သေဆုံးမှုများ ဖြစ်ပွားနေသည်။
စစ်တပ်က ညလူခြေတိတ်ချိန်များတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ဒေသခံများသည် လေကြောင်း အန္တရာယ်ကို နေ့ရောညပါမရှောင် အမြဲနားစွင့်နေကြရသည်ဟု ဆိုကြသည်။
“ အခုဟာက ညပိုင်း တစ်နာရီကျော်မှချည်းပဲ။ ညပိုင်း လူအိပ်ချိန်ကိုသက်သက်မဲ့ကိုလှုပ်ရှားတဲ့ သဘောမျိုးပဲ။ အခုချိန်ကတော့ ညဘက်က တအားကြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်လို့အဆင်မပြေဘူး။ ကျီးလန့်စာစား ပဲပေါ့”ဟု ဝက်လက်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“ စစ်ကြောင်းမထိုးရင်တော့ဘယ်သူမှ ကိုယ့်အိမ်ကိုပစ်ပြီးမအိပ်ကြဘူး။ သေမှသေတဲ့လျောက်ပဲ အသံကြားမှ တိမ်းကြရှောင်ကြပဲ။ ကိုယ့်အိမ်ကိုယ်အိပ်ကြတာပဲများတာလေ။ ပုန်းခိုကျင်းတချို့ ရှိတာတောင် မှ အဲ့ဒီကျင်းထဲကို အမြဲတမ်းဂရုစိုက်နေရတာ။ တောမှာက အကောင်ရှည်တွေလည်းရှိတော့ အဲ့ဒီလို ကြိုကြားတွေလည်း ဝင်အိပ်လို့မရဘူး။ ပိုးမွှားတိရစ္ဆာန်ကရှိသေးတယ်။ ပုန်းခိုကျင်းထဲ အမြဲတမ်းတိမ်းရှောင်ပြီး ပုန်းအိပ်နေဖို့ကလည်း တကယ်တမ်း လက်တွေ့ကျမလွယ်ဘူး”ဟု ၎င်းက ဆက်ပြောသည်။
အလားတူ နိုဝင်ဘာ ၂၄ ရက်နေ့ ညသန်းခေါင်အချိန်ဝန်းကျင်တွင် တန့်ဆည်မြို့နယ်၊ ကံထူးမရွာ တိုက်နယ် ဆေးရုံနှင့် ကားဝပ်ရှော့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကားဝပ်ရှော့ဆိုင်မှအလုပ်သမားများ၊ ကားလာပြင်သူများအပါအဝင် စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့သည်။
လေကြောင်းမှ ပိုပစ်မှတ်ထားခံနေရသော စစ်ကိုင်းတိုင်း
စစ်ကော်မရှင်သည် ယခုလ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းအတွင်းဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေရာ သေဆုံး၊ ဒဏ်ရာရသူ အများအပြားရှိနေသည်။
နိုဝင်ဘာလ ၃၀ ရက် နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ချောင်းဦးမြို့နယ် မုံရွာ-ချောင်းဦးနယ်စပ်ရှိ ချောင်းမနားနှင့် ချောင်းဆုံရွာသို့ လက်နက်ကြီးပစ်ခတ်မှုများအပြင် ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ အရပ်သားနှစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ၁၀ ဦး ဒဏ်ရာရရှိသည်။
ဒီဇင်ဘာလ ၂ ရက်၊ နံနက် ၁၂ နာရီဝန်းကျင်တွင် ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် နှစ်နှစ်အရွယ်ကလေးငယ်အပါအဝင် မိသားစု ငါးဦးသေဆုံးခဲ့သည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်ကလည်း ယင်းမာပင်မြို့နယ်အနောက်ခြမ်း သစ်ရာပင်ရွာကို လေကြောင်းမှ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရပြီး ၊ နွားလေးကောင်လည်း ဒဏ်ရာရခဲ့သည်။ လူသေဆုံးမှုမရှိသော်လည်း နေအိမ် အဆောက်အအုံများ ပျက်စီးမှုရှိခဲ့သည်။
ယမန်နေ့ (ဒီဇင်ဘာလ ၄ ရက်နေ့) တွင်မူ စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်သုံးခု၊ နေရာ လေးနေရာအထိ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူများ၊ ပျောက်ဆုံးနေသူများလည်း ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကိုင်းတိုင်းအစိုးရရုံးများနှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာမြို့နှင့် မိုင်၂၀ ကျော်အကွာ မြောက်ဘက်အရပ်ရှိ ဘုတလင် ၊ အနောက်မြောက်ဘက်ရှိ ကနီ နှင့် အရှေ့မြောက်ဘက်ရှိ ခင်ဦးမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။
ဘုတလင်မြို့နယ်တွင် ယမန်နေ့က လေကြောင်းတိုက်ခိုက်မှု နှစ်နေရာပြုလုပ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦး ဒဏ်ရာရရှိသည်။
၎င်းအပြင် စစ်တပ်သည် ခင်ဦးမြို့နယ်အရှေ့ခြမ်း၊ ငါးတင်းကြီးကျေးရွာကိုလည်း ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ရွှေဘိုခရိုင်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ကနီမြို့နယ် အရှေ့ခြမ်းရှိ ထောက်ကြန့်ကုန်းရွာအနီး ချင်းတွင်းမြစ်ကမ်း တစ်နေရာတွင်လည်း ယမန်နေ့ မွန်းလွဲတွင် ဂျက်ဖိုက်တာနှစ်စီးနှင့် ဂျိုင်ရိုကော်ပတာနှစ်စီးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာ ကမ်းဘေးဆိုက်ကပ်ထားသည့် မော်တော်ပေါ်သို့ ကျရောက်ပေါက်ကွဲမှုလည်းရှိခဲ့ပြီး နစ်ဦး သေဆုံးကာ သုံးဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု ကနီမြို့ခံနှင့် တော်လှန်ရေးသတင်းရင်းမြစ်တို့ထံက သိရသည်။
“မော်တော်လုပ်သားနှစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ မော်တော်ပေါ်ကဘဲ နောက်ထပ်နှစ်ယောက် ဒဏ်ရာရတယ်။ သုံးဦးထက်မနည်း ပျောက်ဆုံးနေတယ်။ မော်တော်ကလည်း မီးလောင်သွားတာ”ဟု ကနီ မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
ရှမ်းမြောက်တွင် တရုတ်ကြားဝင်ဖိအားပေးမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် စစ်တပ်ကအပစ်ရပ်ပြီးနောက် လက်နက်ကိုင်လှုပ်ရှားမှုအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး နှင့် ချင်းပြည်နယ်တို့တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၅၀ ကျော်ပြုလုပ်ခဲ့ သည့်အနက် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတို့တွင်အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၃၈ ဦး အပါအဝင် ပြည်သူ ၁၈၅ ဦး သေဆုံးပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ဒုတိယပတ်တွင် ထုတ်ပြန်ထားသည်။




