စစ်ကိုင်းတိုင်း တန့်ဆည်နှင့် ပုလဲမြို့နယ်တို့ရှိ ကျေးရွာများသို့ စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ရှစ်ဦးသေဆုံးပြီး ကိုးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသများတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
တန့်ဆည်မြို့နယ် ကံထူးမရွာကို ယနေ့ (နိုဝင်ဘာလ ၂၄ ရက်နေ့) ညသန်းခေါင် ၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တန့်ဆည်မြို့၊ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ကံထူးမရွာရှိ တိုက်နယ်ဆေးရုံဟောင်းနှင့် ကားဝပ်ရှော့ဆိုင်ကို သန်းခေါင်ချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အလုပ်သမားနှင့် ကားသမား ခြောက်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ဆေးရုံထဲက ဓာတ်မှန်ဆောင်နဲ့ ဆေးရုံအနောက်က ကားဝပ်ရှော့၊ ကားကိုယ်ထည်ပြင်တဲ့ဆိုင်ကို ကြဲသွားတာ။ ဟိုဘက် ဒီဘက်ကပ်လျက်ပေါ့ လမ်းပဲခြားတာ။ (သေဆုံးသူတွေက) ဝပ်ရှော့ကသူတွေ ခေတ်ကောင်းတုန်းက ဆေးရုံ ခုက ဆေးရုံမဟုတ်ဘူး”ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
သေဆုံးသူများသည် အရပ်သားများဖြစ်ပြီး တန့်ဆည်နယ်ခံအပါအဝင် မုံရွာနှင့် ပင်လည်ဘူးမြို့နယ်တို့မှ ဖြစ်ကြောင်း သိရသည်။
ကလေးဝ – တန့်ဆည် – မုံရွာကားလမ်းပေါ်ရှိ လူစည်ကားသည့် ကံထူးမရွာကို နှစ်လအတွင်း ဒုတိယ အကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုတွင် အစုလိုက်အပြုံလိုက် သေဆုံးရခြင်းဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ကံထူးမရွာ နိုဘယ်ဝမ်းစက်သုံးဆီဆိုင်နှင့် ဇွဲထက်အအေး ဆိုင်အနီး ဗုံးနှစ်လုံးကြဲ ချခဲ့ရာ အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၁၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
ပုလဲမြို့နယ်၊ အနောက်ဘက်ခြမ်း တောင်ပေါ်ရှိ ဖိုမိုအိုက်ရွာကိုလည်း ယမန်နေ့ (နိုဝင်ဘာလ ၂၃ ရက်နေ့) နံနက် ၁၀ နာရီဝန်းကျင်က စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုတွင် အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး နှင့် အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး (ပကဖ) တာဝန်ခံ ဦးဇော်ထက်က ပြောသည်။
မကွေးတိုင်း၊ ပုံတောင်ပုံညာဒေသနှင့်ထိစပ်နေသည့် ပုလဲမြို့နယ် မြို့ပေါ်ရပ်ကွက်များနှင့် ဇီးဖြူကုန်း၊ အင်မထီး၊ မင်းတိုင်ပင်တို့တွင် စစ်တပ်က ခြေကုပ်ယူထားပြီး တော်လှန်ရေးအင်အားစုများက ကျေးလက်ဒေသအများစုကို ထိန်းချုပ်ထားသည်။
ပုလဲနယ်ထဲတွင် လတ်တလောမြေပြင်စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ခြင်းမရှိသော်လည်း စစ်ကော်မရှင်တပ်က လေကြောင်း ကင်းထောက်နေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ပါရာမော်တာ (စက်တပ်လေထီး) လေကြောင်းဝဲတာက နေ့တိုင်းရှိတယ်။ ပုလဲနယ် မဟုတ်တောင် ပုလဲနဲ့အနီးတဝိုက်နေရာတွေ အစွန်အဖျားနေရာတွေမှာတော့ လေကြောင်းကြဲတာတွေတော့ ခဏခဏ လုပ်နေတယ်”ဟု ပုလဲမြို့နယ်ဒေသခံတစ်ဦးကပြောသည်။
စစ်ကော်မရှင်တပ်သည် နိုင်ငံအလယ်ပိုင်း စစ်ကိုင်း အပါအဝင် မန္တလေး၊ မကွေးတိုင်း၊ ချင်းပြည်နယ်တို့တွင် နယ်မြေစိုးမိုးမှုပြန်ရရန် ပြီးခဲ့သည့်လပိုင်းကစပြီး အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ကထုတ်ပြန်သည့် အချက်အလက်များအရ အောက်တိုဘာလအတွင်း စစ်တပ် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၅၀ ကျော်ပြုလုပ်ခဲ့သည့်အနက် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းတို့တွင်အများဆုံးဖြစ်ပြီး ၁၈၅ ဦးသေဆုံးကာ ၅၀၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မှတ်ချက် − လေကြောင်းတိုက်ခိုက်မှုများတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဓာတ်ပုံအထောက်အထားများ ရရှိထားသော်လည်း အများပြည်သူ ကြည့်ရှုရန် မသင့်လျော်ခြင်းကြောင့် ဖော်ပြနိုင်ခြင်းမရှိပါ။



