စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကို ယနေ့ (ဒီဇင်ဘာ ၄ ရက်နေ့) တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး ကလေးငယ်များအပါအဝင် ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဘုတလင်မြို့နယ်အရှေ့မြောက်ခြမ်းရှိ ဆင်ကျုံးရွာကို နံနက် ၁ နာရီဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် တစ်ကြိမ်၊ အင်ဂျင်တပ်လေထီး (ပါရာမော်တာ) ဖြင့်နှစ်ကြိမ် လေကြောင်းတိုက်ခိုက်ရာ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ယနေ့ မွန်းလွဲ ၁နာရီဝန်းကျင်တွင် မြို့အရှေ့ဘက်ခြမ်း ကံသာကျေးရွာကို ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွယ်နှင့် ခြောက်နှစ်အရွယ် ကလေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။
“ဆင်ကျုံးရွာမှာ စခန်းတော့မရှိဘူး။ အဲ့ဒီကနေ ပတ်ချာလည်ပေါ့။ အဲ့ဒီနားလေးပတ်ချာလည်မှာ ကြဲသွားတော့ ရဲဘော်တွေထိတာပေါ့”ဟု ဘုတလင်မြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း တပ်ဖွဲ့ဝင်များသေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များမှ သီးခြားထုတ်ပြန်ခြင်း မရှိသေးပေ။
ဘုတင်လင်မြို့နယ်တွင် စစ်တပ်ကစစ်ကြောင်းထိုး လှုပ်ရှားနေခြင်းမရှိသလို နှစ်ဖက်စစ်ရေးလှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲလေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မုံရွာနှင့်ကပ်လျက်ရှိ ဘုတလင်မြို့နယ်သည် တော်လှန်ရေး အင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာဒေသဖြစ်ပြီး စစ်တပ်က မြို့ပေါ်ရပ်ကွက်များတွင်သာ ခြေကုပ်ယူထားနိုင်သည်။
ယနေ့ နံနက်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အပါအဝင် ကန့်ဘလူ၊ ခင်ဦးနှင့် ကနီမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများ ထံကသိရသည်။
တံတားဦးလေဆိပ်မှတက်လာသော တိုက်လေယာဉ်တစ်စီးသည် ယနေ့ နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ကန့်ဘလူမြို့နယ်မြောက်ခြမ်း၊ ဇီးကုန်းရွာအရှေ့ဘက်ကို လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ ပျက်စီးသွားကြောင်း ကန့်ဘလူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ထံက သိရသည်။
ထို့ပြင် မွန်းလွဲ၂ နာရီဝန်းကျင်ကလည်း ကနီနယ် မြောက်ဘက်ခြမ်းတွင် လေယာဉ်၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ညနေကလည်း ယင်းမာပင်မြို့နယ်၊ သစ်ရာပင်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ နွား လေးကောင်သေပြီး ၊ ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ရှမ်းမြောက်တွင် တရုတ်ကြားဝင်ဖိအားပေးမှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် စစ်တပ်ကအပစ်ရပ်ပြီးနောက် နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအင်အားစုများအားကောင်းရာ စစ်ကိုင်း၊ မန္တလေး၊ မကွေး နှင့် ချင်းတောင်တို့ကို မြေပြင်စစ်ကြောင်းအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။
ရွေးကောက်ပွဲနီးလာချိန် စစ်ကိုင်းတိုင်းတွင် နယ်မြေစိုးမိုးမှုချဲ့ထွင်နိုင်ရန် စစ်တပ်က စစ်ကြောင်းအလုံးအရင်းဖြင့် ဖြန့်ခွဲစီးနင်းရန် ကြိုးပမ်းရာ ကန့်ဘလူ၊ ခင်ဦး၊ ဝက်လက်နှင့် ရွှေဘိုတို့တွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကြောင်းပျက်သည် အထိ ဆက်တိုက်အထိနာခဲ့သည်။
တော်လှန်ရေးအင်အားစုများကလည်း စစ်တပ်နှင့်ပြည်သူ့စစ်များအခြေစိုက်ထားသည့် ကန့်ဘလူနှင့် တန့်ဆည်နယ်စပ်ရှိ မူးတိမ်ရွာကို နိုဝင်ဘာလကုန်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်ရာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။
တန့်ဆည်မြို့နယ်၊ မူးတိမ်ရွာ စီးနင်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ကအင်အားဖြည့်တင်း၍ အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုးမီးရှို့မှုများရှိနေသည့်အတွက် အနီးဝန်းကျင်ရှိ ထန်းပင်ဆိပ်၊ သာဂရ၊ သာဂလ၊ ထန်းပင်ကုန်းနှင့် မူးကျင်းစု စသည့်ကျေးရွာများမှ အိမ်ထောင်စု တစ်ထောင်နီးပါး (လူဦးရေ လေးထောင်ကျော်) ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။
စပါးခင်းများရင့်မှည့်ပြီး ရိတ်သိမ်းချိန်နီးကပ်နေသော်လည်း စစ်တပ်စစ်ကြောင်းရန်ကြောင့်လယ်ယာ လုပ်ငန်းခွင်ကို စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ များသောအားဖြင့်ကတော့ ရိက္ခာလေးတွေက တနိုင်တပိုင်တော့သယ်နိုင်တယ်။ ရေရှည်လာရင်တော့ ရိက္ခာအခက်အခဲရှိနိုင်တယ်။ ရိတ်သိမ်းချိန်တန်နေတာကို ဒီအတိုင်းပစ်ထားခဲ့ရတာ။ နောက်ထပ် ၁၀ ရက် လောက်ဆိုရင် အဲ့ဒီ စပါးခင်းတွေက ကျွမ်းတယ်လို့ခေါ်တယ် နေပူလောင်ပြီးခါးကျိုးသွားတာ ရိတ်သိမ်းလို့မရတဲ့ အခြေအနေလောက်ထိ ဖြစ်သွားနိုင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
စစ်တပ်က မူးတိမ်ရွာတွင် ပြန်လည်ခြေကုပ်ယူ၍ အနီးရှိ ထန်းပင်ဆိပ်ရွာကိုလည်း မီးရှို့နေပြီး စစ်တပ် ရှိနေဆဲဖြစ်သည့်အတွက် ပျက်စီးဆုံးရှုံးသည့် နေအိမ်စာရင်း မသိရသေးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
“ရေရှည်တပ်စွဲထားမှာပဲစိုးရိမ်တယ်။ အဲ့ဒါဆိုရင် စိုက်ပျိုးသီးနှံတွေက ရိတ်သိမ်းချိန်တန်နေပြီ အဲ့ဒါတွေ ပျက်စီးသွားမှာစိုးရိမ်တယ်။ စက်ကြီးတွေနဲ့ရိတ်မယ်ဆိုရင်လည်း ခဏလေးပဲရိတ်ရမှာဆိုတော့ သူတို့ ရိတ်ပြီး သိမ်းဆည်းသွားမှာကိုစိုးရိမ်တယ်”ဟု ၎င်းက ဆက်ပြောသည်။
တန့်ဆည်မြို့နယ်သည် တော်လှန်ရေးအင်အားစုများအားကောင်းပြီး စစ်တပ်အာဏာသိမ်းပြီး လေးနှစ် ကျော်အတွင်း စစ်တပ်အကြိမ်ကြိမ်စီးနင်းမီးရှို့မှုကြောင့် ရွာပေါင်း ၁၀၀ ကျော်မှ အိမ်ခြေ ၅၃၀၀ ကျော် ပျက်စီးခဲ့ရသည်။
ကျွန်းလှ၊ တန့်ဆည်နယ်တို့နှင့်ထိစပ်နေသည့် ကန့်ဘလူသည် စစ်ကိုင်းတိုင်းတွင် ပြည်သူ့စစ်အင်အား အတောင့်တင်းဆုံးမြို့နယ်တစ်ခုဖြစ်ပြီး သင်္ကန်းဝတ်ဦးဝါသဝက ပျူစောထီးများကို ဦးဆောင်သည်။
ကန့်ဘလူနှင့်တန့်ဆည်နယ်စပ် မူးမြစ်အနောက်ဘက်ကမ်းတွင် မူးတိမ်၊ မူးဂွ၊ မူးကျင်း၊ ဘေရင်း၊ ကဘဲ၊ ကျွန်းလည်တို့တွင် ပြည်သူ့စစ် ပျူစောထီးများက အထိုင်ချတပ်စွဲထားကာ မူးမြစ်အရှေ့ဘက်ကမ်း မှော်တော်၊ တောက္ကရှပ်တို့မှာလည်း ပျူစောထီး အားကောင်းသည့်ရွာများဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အချက်အလက်အရ စစ်တပ်က အောက်တိုဘာလအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၅၀ ပြုလုပ်ခဲ့သည့်အနက် မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့တွင်အများဆုံးဖြစ်ပြီး ၁၈၅ ဦးသေဆုံးကာ ၅၂၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ သည်။



