စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်သည့် ရွေးကောက်အတွက် မဲဆွယ်ဆိုင်းဘုတ်များဖျက်ဆီးမှု၊ သတိပေးခြိမ်းခြောက်မှု စသော စွပ်စွဲချက်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အပါအဝင် ၁၄ ဦးအား အမှုဖွင့်ထားပြီး အရပ်သား သုံးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ယနေ့ (ဒီဇင်ဘာလ ၃ ရက်နေ့) တွင် ထုတ်ပြန်ထားသည်။
မွန်၊ ကရင်၊ ကချင်၊ ချင်းပြည်နယ်များနှင့် ရန်ကုန်၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးမှု၊ လူမှုကွန်ရက်၌ လှုံ့ဆော်ရေးသားမှု၊ ရွေးကောက်ပွဲတွင် ပါဝင်သူ ဆရာ၊ ဆရာမများအား ခြိမ်းခြောက်မှုတို့ပါဝင်ပြီး ထိုသူများအား ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄(က)၊ ၂၃(က) ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ မြို့မမြောက်ရပ်ကွက်နေ ကျော်ဝင်းနိုင် (၄၆ နှစ်)၊နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်မှ သိသာဆို (၃၀ နှစ်)၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်ကျေးရွာနေ ခိုင်စိုး(၅၈ နှစ်) တို့ကို ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်ထားသည်ဟု သိရသည်။
လက်ရဖမ်းဆီးမိခြင်း မရှိသေးသော်လည်း PDF များအပါအဝင် လူအချို့ကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားပြီး ကြံ့ခိုင်ရေးပါတီ (USDP) ၏ ဆိုင်းဘုတ်များ လေးမြို့နယ်ထက်မနည်းတွင် ဖျက်ဆီးခံရသည်ဟု စစ်ကော်မရှင် ထုတ်ပြန်ချက်က ဆိုသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကရင်ပြည်နယ် ဘားအံမြို့နယ်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ ဧရာဝတီတိုင်း ငွေဆောင်မြို့၊တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်တို့တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံထားရသဖြင့် ပုဒ်မ ၂၄(က)ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
မကွေးတိုင်း သရက်မြို့တွင် ကျောင်းအုပ်ဆရာမတစ်ဦးထံ ခြိမ်းခြောက်စာ ပေးပို့ခဲ့သူတစ်ဦးကို ပုဒ်မ ၂၃(က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သိမ်ဇရပ်) မှ ဆရာမ ကိုးဦးကို PDF များက ဖမ်းဆီးသွားပြီး ရွေးကောက်ပွဲတွင် မပါဝင်ရန် ခြိမ်းခြောက် ပြောဆိုကြောင်း၊ ထိုသူများအား ပုဒ်မ၂၄ (ခ) ဖြင့် အမှုဖွင့်ထားသည်။ ယင်းအပြင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျေးရွာတာဝန်ခံများအား PDFနှင့် KNLA ပူးပေါင်းအဖွဲ့က ရွေးကောက်ပွဲကိစ္စ ခြိမ်းခြောက်ခဲ့သဖြင့် ပုဒ်မ ၂၃(ခ) ဖြင့် အမှုဖွင့်သည်ဟု ပါရှိသည်။
အလားတူ ဖြစ်ရပ်အနေဖြင့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ရေချိုကုန်းရွာ ရာအိမ်မှူး ဦးမြင့်စိုးအား ခြိမ်းခြောက်စာပေးသူကို ပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်ထားသည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလင်းထက် (၃၇ နှစ်) ကို PDF သုံးဦးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ပုဒ်မ ၂၄(က)ဖြင့်လည်းကောင်း အမှုဖွင့်ထားသည်ဟု သိရသည်။
အောက်တိုဘာလ ၂၉ရက်နေ့အထိ ရွေးကောက်ပွဲ ဥပဒေဖြင့် အမှု ၄၀ တွင် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ငါးဦး စုစုပေါင်း ၈၈ဦး အရေးယူထားကြောင်း စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဌာနထံက သိရသည်။
ယခင်လဆန်းကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် ဥက္ကဋ္ဌ အပါအဝင် တော်လှန်ရေးအဖွဲ့ဝင်များနှင့် သတင်းသမားအချို့ကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားသည်။
ထို့ကြောင့် Myanmar Now ၏ စာရင်းများအရ နိုဝင်ဘာပထမပတ်အထိ စစ်ကော်မရှင်က ရွေးကောက်ပွဲ အကြောင်းပြ၍ ဖမ်းဆီးထိန်းသိမ်းထားသူ ၉၄ ဦးထက်မနည်းရှိသည်။
အနုပညာရှင်ငါးဦးကို ထောင် ၇ နှစ်စီချ
မကြာသေးမီက ရွေးကောက်ပွဲဥပဒေဖြင့် ဖမ်းဆီးထားသည့် အနုပညာရှင် ငါးဦးသည် ယခင်လ နောက်ဆုံး အပတ်တွင် ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံခဲ့ရကြောင်း အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက ပြောသည်။
ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင်၊ ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း စစ်ကော်မရှင် ဝါဒဖြန့် မီဒီယာအချို့တွင် နိုဝင်ဘာလ ၃၀ ရက်နေ့က ဖော်ပြထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် နိုင်ငံတစ်ဝန်းရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီခြောက်ခုမှ ကိုယ်စား လှယ်လောင်း ၃၉၅၁ ဦး၊ တိုင်းနှင့်ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၆ ဦး၊ တစ်သီးပုဂ္ဂလ ၉၆ ဦး စုစုပေါင်း ၅၀၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
နိုင်ငံတကာအသိမှတ်ပြုခံရရေးအတွက် အာဏာသိမ်းစစ်တပ်တဖြစ်လဲ စစ်ကော်မရှင်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသည်။
ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာလ ၂၈ရက်နေ့တွင် မြို့နယ် ၁၀၂မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခု ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဖြစ်သည်။

မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရ၍ ကင်းစောင့်ရ
စစ်တပ် ရွေးကောက်ပွဲတွင် ပါဝင်သော နိုင်ငံရေးပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုများ ရှိနေသည့်အတွက် အုပ်ချုပ်ရေးမှူးများက ညဘက်ကင်းစောင့်ရန် စီစဉ်ပေးနေရကြောင်း ကြုံတွေ့နေရသူ အချို့က ပြောသည်။
စစ်ဗိုလ်ချုပ်များ နေထိုင်သည့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်လည်း စိုက်ထူထားသည့် ပါတီများ၏ မဲဆွယ်ဆိုင်းဘုတ်များ ပျက်စီးမှုမရှိစေရန် အုပ်ချုပ်ရေးမှူးများကို မှာကြားကြသလို ကယ်ရီသမားများကို အခကြေးငွေပေးကာ စောင့်ကြည့်ခိုင်းမှုများရှိကြောင်း မြို့ခံအချို့က ဆိုကြသည်
“ဆိုင်းဘုတ်တွေက ရွာအဝင်တွေဆိုတော့ ဖြတ်သွားဖြတ်လာကြည့်ခိုင်းတဲ့သဘောပါ” ဟု နေပြည်တော် မြို့နယ်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
နေပြည်တော်တွင် ဖျက်ဆီးခံရမှု မရှိသေးသော်လည်း ဒေသအချို့၌ ဖျက်ဆီးခံရမှုများကြောင့် ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်လောင်းများက မြို့နယ်ပါတီဝင်များအား စောင့်ကြည့်ခိုင်းကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ယှဉ်ပြိုင်မည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အောင်နိုင်ရေးတွင် ပါဝင်နေသည့် ပါတီဝင်တစ်ဦးက ပြောသည်။
ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာစသောမြို့နယ်အချို့တွင် ကြံ့ခိုင်ရေးပါတီသာမက အခြားပါတီများ ကပါ ဘေးတွဲမောင်းနှင်သူများ၊ ပါတီဝင်များအား ဆိုင်းဘုတ်စောင့်ကြည့်ရန် ဆီထည့်ပေးခြင်း၊ ငွေပေးခြင်းတို့ ပြုလုပ်ကြောင်း တောင်ဒဂုံ မြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။
“ပါတီတိုင်းပဲ။ သုံးဘီးသမားတွေကို ဆီထည့်ပေးပြီး၊ ကြိုက်တဲ့ဆီမောင်း၊ ညပိုင်းညဉ့်နက်အောင်ဆွဲတဲ့သူ၊ နံနက်ဝေလီဝေလင်းဆွဲတဲ့သူတွေလုပ်တာများတယ်။ ဂိတ်ကိုလည်း ဆိုင်းဘုတ်အနီး ထိုးပြီး စောင့်ကြည့်ခိုင်းတာပေါ့။ အဲဒီမှာဂိတ်ထိုးတော့လည်း ကယ်ရီသဘော သောက်တာ၊ ဆော့တာ စုပြီး လုပ်ကြနေကြတာပေါ့ ” ဟု ၎င်းက ဆိုသည်။
မဲဆွယ်ဆိုင်းဘုတ်များကို လုံခြုံရေးကင်းစောင့်ကြည့်ခိုင်းခြင်းသည် မြို့အစွန်ကျသည့်နေရာများတွင်သာ အများဆုံးတွေ့မြင်ရကြောင်း တောင်ဥက္ကလာပတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း ပြောသည်။
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးသည့်ကြော်ငြာ၊ ပိုစတာများကို ဖျက်ဆီးမှုများရှိ၍ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေနှင့် စစ်ကော်မရှင်၏ အရေးယူမှုများလည်းရှိကြောင်း ဝါဒဖြန့်သတင်းစာများတွင် သတင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်းတစ်အတွက် မဲဆွယ်စည်းရုံးခွင့်ကို အောက်တို ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့ထိ ခွင့်ပြုထားသည်။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက ရှုတ်ချထားပြီး မပါဝင်ကြရန် တောင်း ဆိုထားကြသည်။
အောက်တိုဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ် မှောက် ဆန့်ကျင်ရေးကာလအဖြစ် သတ်မှတ်ကြောင်း တော်လှန်ရေးအင်အားစုများက ကြေညာထားကြသည်။
မဲပေးနိုင်ရန် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနေသည်ဟု ဆိုသည့် စစ်ကော်မရှင်က အခြားတစ်ဖက်တွင် ရွေးကောက်ပွဲနှောင့်ယှက်သည်ဟုဆိုကာ အရပ်သားများ၊ အနုပညာရှင်များကို ဖမ်းဆီးထောင်ချနေသည်။



