သတင်း

Puma ကုမ္ပဏီက မြစ်ကြီးနားလေဆိပ်တွင် လေယာဉ်ဆီရောင်းချမှု ရပ်ဆိုင်းထားမည်

လေယာဉ်ဆီပို့ဆောင်သည့် ကားများ အချိန်မီရောက်ရှိမလာ၍ ဆီပြတ်လပ်နေသောကြောင့် ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တွင် လေယာဉ်ဆီဖြန့်ဖြူးရောင်းချမှု ရပ်တန့်ထားမည်ဖြစ်ကြောင်း လေယာဉ်ဆီရောင်းချရေးကုမ္ပဏီ Puma က သက်ဆိုင်ရာကို အကြောင်းကြားထားသည်။ 

Myanmar Now က ရရှိထားသည့် Puma Energy ကုမ္ပဏီ၏ အကြောင်းကြားစာအရ ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်တွင် လေယာဉ်ဆီရောင်းချခြင်းကို မေ ၂၆ ရက်မှ လေယာဉ်ဆီပြန်လည်လက်ခံရရှိသည့် ကာလအထိ ရပ်ဆိုင်းထားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကို နိုင်ငံပိုင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) နှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် စင်ကာပူအခြေစိုက် Puma Energy ကုမ္ပဏီက မေ ၂၆ ရက်စွဲဖြင့်ပင် မြစ်ကြီးနားလေဆိပ် လေကြောင်းအာဏာပိုင်များထံ အကြောင်းကြားကြားခဲ့ခြင်း ဖြစ်သည်။  

အာဏာသိမ်းပြီးနောက် အကြိမ် ၁၀၀ ထက်မနည်း လေကြောင်းမှ တိုက်ခိုက်ခံခဲ့ရသော ကချင်ပြည်နယ်တွင် Puma ကုမ္ပဏီက လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းခြင်းသည် ကြိုဆိုရမည့်လုပ်ရပ်ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မှတ်ချက်ပြုသည်။

“ကျွန်တော်တို့ KIOအနေနဲ့လည်း လေယာဉ်ဆီ လာဖြည့်ပေးတာတွေကို ဖြတ်တောက်ဖို့ ပြောထားတာ ရှိပါတယ်။ အခု ကုမ္ပဏီက အခက်အခဲရှိလို့ မပို့နိုင်ဘူးဆိုတာ ကောင်းပါတယ်။ ဒါက ကြိုဆိုရမှာပေါ့နော်”ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကို ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ အလော့ဘွမ်စခန်းကို KIA က မတ်လအတွင်း သိမ်းပိုက်ခဲ့ရာ အဆိုပါစခန်းပြန်လည်ရရှိရေး စစ်ကောင်စီက ဧပြီလဆန်းမှစ၍ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့်ပါ အပြင်းအထန် ပြန်လည်တိုက်ခိုက်လျက်ရှိသည်။

ကချင်ပြည်နယ်အတွင်း ထိုသို့ အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လေယာဉ်ဆီဟု ယူဆရသည့် ဆီသယ်ယာဉ်များ ဆက်တိုက်တိုက်ခိုက်ခံခဲ့ရသည်။ 

လေကြောင်းတိုက်ခိုက်မှုများသည် ပြည်သူလူထုကို အကြမ်းဖက်သည့် လုပ်ရပ်ဖြစ်သဖြင့် စစ်တပ်ကို ထောက်ပံ့ပေးနေသည့် ဆီဘောက်ဆာများကို တားဆီးဖြတ်တောက်ရန် ညွှန်ကြားထားသည်ဟု KIA က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ထိုသို့ ဆီသယ်ယာဉ်များတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး လေယာဉ်ဆီမဟုတ်ဘဲ စက်သုံးဆီတင်ဆောင်လာသော ပုဂ္ဂလိကကုမ္ပဏီများပိုင် ကားများသာဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

ပြီးခဲ့သည့် မေ ၁၉ ရက်က ဆွမ်ပရာဘွမ်မြို့နယ်၊ ဇနန်ကျေးရွာနှင့် ဆူယန်ကျေးရွာအကြား KIA အဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ စက်သုံးဆီတင်မော်တော်ယာဉ်နှစ်စီး ပျက်စီးခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။

မေ ၁၇ ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီတင်ယာဉ် ၅ စီး၊ ကွတ်ခိုင်နှင့် သိန္နီအကြားတွင် ဆီတင်ယာဉ်တစ်စီးကို KIA က တိုက်ခိုက်ခဲ့သည်။ နောက်တစ်ရက်ဖြစ်သည့် မေ ၁၈ တွင်လည်း ကွတ်ခိုင်မြို့နယ်၌ပင် ဆီတင်ယာဉ်တစ်စီးကို ထပ်မံတိုက်ခိုက်ခဲ့သည်ဟု KIA က ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ယမန့်နေ့ ( မေ ၂၇) တွင်လည်း ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံရွာနှင့် ၃ မိုင်အကွာတွင် လေယာဉ်ဆီတင်ဆောင်လာသည်ဟု ယူဆရသည့် ဆီသယ်ကားနှစ်စီး ပစ်ခတ်မီးရှို့ခံလိုက်ရသည်ဟု ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

စင်ကာပူအခြေစိုက် Puma Energy သည် ၂၀၁၅ ခုနှစ်မှစ၍ MPPE နှင့် အကျိုးတူပူးပေါင်းကာ National Energy Puma Aviation Services ကုမ္ပဏီအမည်ဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည်။ 

မြန်မာနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်း ၂၂ လိုင်း၊ ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်း၊ လေယာဉ်စင်းလုံးငှားဝန်ဆောင်မှု ၄ ခုနှင့်  လေယာဉ်ဆီဖြန့်ဖြူးရောင်းချသည့် ကိုယ်စားလှယ် ၆ ခု အတွက် ဝန်ဆောင်မှုများပေးလျက်ရှိသည်ဟု Puma ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ရန်ကုန်လေဆိပ်အပါအဝင် ပြည်တွင်းရှိ လေဆိပ် ၁၁ ခုအတွက် ဝန်ဆောင်မှုပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။

စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလအတွင်းက နိုင်ငံတွင်းအခြေအနေများကြောင့် လေယာဉ်ဆီရောင်းချမှု ခေတ္တရပ်ဆိုင်းကြောင်း Puma Energy က ထုတ်ပြန်ခဲ့ဖူးသော်လည်း လေယာဉ်ဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ်ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ 

Show More

Related Articles

Back to top button