ရုပ်ပုံလွှာ

အစ်ကိုဖြစ်သူ ဗိုလ်ချုပ်ကြီးရှိလင့်ကစား နေ့မြင်ညပျောက်ဖြစ်ခဲ့ရသူ 

တစ်အူထုံ့ဆင်း သွေးသားရင်းချာ ညီအစ်ကိုနှစ်ဦးမှာ နိုင်ငံရေးအယူအဆကြောင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ကာ တစ်သက်တာလုံး မဟာရန်သူတော်တွေဖြစ်ခဲ့ကြသည်။  

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးစီးသော စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် အစ်ကိုဖြစ်သူမှာ လက်နက်ကိုင်ရဲတပ်ဖွဲ့အကြီးအကဲနှင့် ပြည်ထဲရေးဒုတိယဝန်ကြီးဖြစ်လာသော်လည်း ညီဖြစ်သူမှာ စစ်အာဏာရှင်လက်ချက်ဖြင့်ပင် အသေဆိုးဖြင့် သေခဲ့ရသည်။

စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီးနောက် မေ ၂၄ တွင် သေဆုံးသွားသူမှာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ ပဲခူးမြို့နယ် ဘုရားကြီးကျေးရွာ ဝင်္ဂဘော်ကွန်ရက်တည်ထောင်သူ ဦးစိုးမိုးလှိုင်ဖြစ်သည်။ 

ပဲခူးမြစ်ဖျားဒေသတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသူ ကိုမဲကြီး ခေါ် ဦးစိုးမိုးလှိုင်မှာ မေ ၂၂ ရက်နေ့က ပဲခူးမြို့နယ် ဘုရားကြီးရပ် ဇောင်းတူတွင် အဖမ်းခံခဲ့ရသည်။ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် အလောင်းလာထုတ်ရန် စစ်ကောင်စီက မိသားစုကို အကြောင်းကြားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်သည့် မည်သူ့ကိုမဆို အသက်ကြီးငယ် လူမျိုးဘာသာမရွေး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လျက်ရှိရာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ မှမေ ၂၄ ရက်အထိ အရပ်သားပြည်သူ ၈၂၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီးဖြစ်သည်။ သို့သော်လည်း စစ်ကောင်စီကမူ သေဆုံးသူအရေအတွက်မှာ ၃၀၀ ခန့်သာ ရှိသည်ဟု အခိုင်အမာဆိုသည်။

စစ်ကောင်စီလက်ချက်ကြောင့် နေ့မြင်ညပျောက်ဆိုသလို ဘဝဆုံးခဲ့ရသူ အပြစ်မဲ့ အရပ်သားပြည်သူအရေအတွက်မှာလည်း တိုးသထက်တိုးလာလျက်ရှိသည်။ ထိုအထဲတွင် နိုင်ငံရေးသမားဟောင်း ဦးစိုးမိုးလှိုင်လည်း အပါအဝင်ဖြစ်သည်။

ပို၍ ရင်နင့်စရာကောင်းသည်မှာ ဦးစိုးမိုးလှိုင်၏ အစ်ကိုအရင်းခေါက်ခေါက်ဖြစ်သူမှာ အာဏာသိမ်းစစ်အုပ်စု၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေခြင်းပင်။ ဦးစိုးမိုးလှိုင်၏ အစ်ကို ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဒုဝန်ကြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အဓိကအားဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်သူ စစ်ကောင်စီလက်ပါးစေ ဗိုလ်ချုပ်ကြီးတစ်ဦးပင် ဖြစ်သည်။ 

စစ်အာဏာရှင်သည် တစ်အူထုံ့ဆင်း ညီအစ်ကိုရင်းကိုပင် ချမ်းသာမပေးတတ်ကြောင်း အာဏာရှင်ဂိုဏ်းဝင် စစ်ဗိုလ်ချုပ်ကြီးသန်းလှိုင်က သက်သေပြလျက်ရှိသည်။

အစ်ကိုဖြစ်သူ ဗိုလ်ချုပ်ကြီးရှိနေလျက်ပင် ကျန်းကျန်းမာမာ သန်သန်စွမ်းစွမ်းရှိသူ ဦးစိုးမိုးလှိုင်မှာ နေ့ချင်းညချင်း အလောင်းဘဝရောက်ခဲ့ရသည်။ အထူးအာဏာရသူ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သူ အစ်ကိုတစ်ယောက်လုံးရှိနေပါလျက် မိသားစုဝင်များမှာ ရုပ်အလောင်းကိုပင် ကြည့်ရှုခွင့် မရခဲ့ပေ။

“အလောင်းကတော့ ထုတ်လို့မရဘူး။ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ သင်္ဂြိုဟ်ရမယ်လို့ပြောတယ်။ အလောင်းလည်းပြန်မရသလို ကြည့်ခွင့်လည်းမပေးဘူး။ အခုကတော့ သရဏဂုံတင်နေတယ်” ဟု သေဆုံးသူ ဦးစိုးမိုးလှိုင်၏ဇနီး မမူယာက ယနေ့ (မေ ၂၅) ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။

ဦးစိုးမိုးလှိုင်မှာ ပဲခူးမြစ်ဖျားဒေသတွင် ဒေသခံများအတွက် ပညာရေး၊ လျှပ်စစ်မီးရရှိရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နေသူဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားခြင်း မရှိသော်လည်း ပါဝင်ဆင်နွှဲနေသူများကို အားပေးခဲ့ကြောင်း ဇနီးသည်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ၎င်းနှင့်အတူ  ၉ ဦးကို အမှတ် ၉၀၁ အမြောက်တပ်က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဇနီးသည်က ပြောသည်။ 

“သူ့ကို ဖမ်းတာမဟုတ်ဘူး။ ကျွန်မအမျိုးသားက ဆိုင်ကယ်နဲ့သွားတာကို နောက်ကနေ သေနတ်ဒင်နဲ့ ရိုက်လိုက်တာ။ သူတို့ကပြောတာက ဟိုရောဂါနဲ့သေတယ်၊ ဒီရောဂါနဲ့သေတယ် ပြောတယ်။ ကျွန်မအမျိုးသားက ဘာရောဂါမှမရှိဘူး။ အဲ့ဒီမှာ ၉၀၁ ဆိုတဲ့ အမြောက်တပ်ရှိတယ်။ အဲ့ဒီ အမြောက်တပ်က ဖမ်းတာ။ ၉၀၁ က သတ်တာ” ဟု မမူယာက ပြောသည်။ 

စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့ရသူ ဦးစိုးမိုးလှိုင်၏ ကြွင်းကျန်သည့် ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် အစ်ကိုဖြစ်သူ ဗိုလ်ချုပ်ကြီးကိုယ်တိုင် လာရောက်ကြည့်ရှုသည်ဟု သိရသော်လည်း မိသားစုဝင်များကိုမူ တွေ့ဆုံခဲ့ခြင်း မရှိပေ။

“ကျွန်မတို့ သူ့အကြောင်းကြားရတဲ့အချိန်မှာ သူ့အောက်မှာ ညီတစ်ယောက်က သူ့အစ်ကို (ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်) ကို ဆက်ရတယ်။ သူတို့ညီအစ်ကိုတွေက အဆက်အသွယ်မလုပ်ဘူး။ ညီအစ်ကိုမောင်နှမ ၇ ယောက်ရှိတယ်။ ကိုစိုးမိုးလှိုင်အထက်မှာ အမျိုးသမီးနှစ်ယောက်၊ အမျိုးသားသုံးယောက်ရှိတယ်” ဟု မမူယာက ပြောသည်။

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် ဦးစိုးမိုးလှိုင်တို့၏ အစ်ကိုတစ်ဦးမှာ ရဲမှူးကြီးသိန်းလှိုင်ဖြစ်ပြီး အငြိမ်းစားဝန်ထမ်းအဖြစ် နေပြည်တော်၌ နေထိုင်လျက်ရှိကြောင်း သိရသည်။ 

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၉ တက်ရောက်ခဲ့သူဖြစ်ကာ ဒုဗိုလ်ချုပ်ကြီးမဖြစ်ခင်က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့တွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  

ဦးစိုးမိုးလှိုင်မှာ ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့ ဝင်ရောက်ပြီးနောက် တပ်ရင်းမှူးတာဝန်အထိ ထမ်းဆောင်ခဲ့သူဖြစ်သည်ဟု ၈၈ မျိုးဆက် ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။

သန်းလှိုင်နှင့် စိုးမိုးလှိုင်တို့ ညီအစ်ကိုနှစ်ဦးမှာ ထိုစဉ်ကတည်းက ဦးတည်ချက်မတူသော လက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုတွင် သီးခြားစီရပ်တည်ရင်း ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ခဲ့ကြသည်။ အစ်ကိုဖြစ်သူသန်းလှိုင်က ညီဖြစ်သူကို ထိုအချိန်ကပင် သတ်ဖြတ်ရန် စိန်ခေါ်ခဲ့သည်ဟု ဆိုသည်။

“၁၉၈၉ ခုနှစ်ထဲ ကရင်စစ်မြေပြင်တစ်နေရာမှာပဲ သူ့အစ်ကိုနဲ့ ချိန်းပြီးပစ်ကြတယ်။ သန်းလှိုင်က စာတွေပို့တယ်။ ဟေ့ကောင်မဲကြီးလာခဲ့၊ မင်းနဲ့ငါနဲ့ချမယ်။ မင်းကိုငါသတ်မယ်၊ မင်းတောခိုသွားတဲ့အတွက် မင်းခေါင်းကို ငါဖြတ်ပြီးယူမယ်။ အဲ့ဒီလိုစာပို့ပြီး နှစ်ဖက်ချိန်းပြီး စစ်တိုက်တဲ့အထိဖြစ်တယ်။ သူ့အစ်ကိုသန်းလှိုင်က အဲ့ဒီအချိန်မှာ စစ်ဗိုလ်ဖြစ်နေပြီ” ဟု ကိုစိုးမိုးလှိုင်နှင့်အတူ အင်းစိန်ထောင်အတွင်း အတူနေရခဲ့သူ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ကိုထွန်းထွန်းကျော်ဦးက ပြောသည်။

စစ်ဗိုလ်နှင့် ညီအစ်ကိုတော်စပ်သောကြောင့် အထင်လွဲစရာဖြစ်လာပြီးနောက် ကိုစိုးမိုးလှိုင်သည် ၁၉၉၀ ပြည့်နှစ်တွင် နယ်စပ်မှ ထွက်ခွာခဲ့သည်ဟု ဆိုသည်။

ရန်ကုန်ပြန်ရောက်လာပြီးနောက် ABSDF နှင့်ဆိုင်သည့် မြေအောက်လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရသည်ကို ထောက်ခံလှုပ်ရှားသည့်အတွက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာလတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည်။

“သူနဲ့ကျွန်တော်က ၁၉၉၅ ထိ အင်းစိန်သီးသန့်ထောင်မှာ အတူနေခဲ့ရတာ။ ၉၅ ဩဂုတ် ၅ မှာ သူ သာယာဝတီထောင်ကို ပြောင်းသွားတယ်။ ၂၀၀၁ မှာ ပြန်လွတ်လာတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့တယ်။ ဒါပေမဲ့ တိမ်းရှောင်နေလို့ အဖမ်းမခံလိုက်ရဘူး” ဟု ကိုထွန်းထွန်းကျော်ဦးက ပြောသည်။ 

ဦးစိုးမိုးလှိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လက်တွဲလျက် ပဲခူးမြစ်ဖျားဒေသခံ ဖွံ့ဖြိုးရေးလုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့သည်ဟု ဇနီးဖြစ်သူ မမူယာက ပြောသည်။

“ဒေသခံဖွံ့ဖြိုးရေး အကုန်လုပ်တယ်။ ကလေးတွေရဲ့ စာသင်တာတွေ၊ ရေတွင်းတူးတာတွေ၊ လျှပ်စစ်မီးသွယ်တာတွေ လုပ်ပေးခဲ့တယ်။ သွားလာရခက်ခဲတော့ ခရီးသွားလုပ်ငန်းဖော်ဆောင်တာတွေ အကုန်လုပ်တယ်” ဟု ၎င်းက ပြောသည်။ 

၂၀၀၆ ခုနှစ်တွင် အိမ်ထောင်စကျခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တွင် သားသမီးငါးဦး ကျန်ရစ်ခဲ့ကာ အငယ်ဆုံးကလေးမှာ အသက်တစ်နှစ်ခွဲ အရွယ်သာရှိသေးကြောင်း သိရသည်။ 

“ကျွန်မအမျိုးသား သေဆုံးရတာနဲ့ ပတ်သက်ပြီး လုံးဝမကျေနပ်ဘူး” ဟု မမူယာက ပြောလိုက်သည်။

အသက် ၅၃ နှစ်အရွယ် ဦးစိုးမိုးလှိုင်၏ ဈာပနကို ယနေ့ညနေ ၄ နာရီခွဲတွင် မင်္ဂလာဒုံစစ်သင်္ချိုင်း၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။ 

Show More

Related Articles

Back to top button