အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

ရွေးကောက်ပွဲနီးလာချိန် စစ်ကိုင်းတွင် စစ်တပ်ထိုးစစ်အရှိန်မြှင့် 

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲ စတင်မည့်မြို့နယ်အချို့နှင့် ဆက်သွယ်ရေးအရ အရေးကြီးသည့် လမ်းပိုင်းများ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး စစ်တပ်က အပြင်းအထန်ကြိုးပမ်းနေသည်။

အာဏာသိမ်းတပ်က ရွေးကောက်ပွဲကျင်းပရန် နှစ်လကျော်သာလိုတော့သည့်အချိန်တွင် ထိန်းချုပ်နယ်မြေ များလက်လွှတ်ထားရသည့် စစ်ကိုင်းတိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

ဒီဇင်ဘာလမကုန်မီ   ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့် မြို့နယ် ၁၀၂ ခုတွင် စစ်ကိုင်းတိုင်း မှ လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ တမူး၊ ခန္တီး၊ ဟုမ္မလင်း၊ ကသာ၊ ကန့်ဘလူ၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို မြို့နယ်တို့ ပါဝင်သည်။ 

စစ်ကိုင်းတိုင်းအတွင်း ရွေးကောက်ပွဲ စတင်မည့်မြို့နယ်အချိုနှင့် ဆက်သွယ်ရေးအရ အရေးကြီးသည့် လမ်းပိုင်းများ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး စစ်တပ်က အပြင်းအထန်ကြိုးပမ်းနေသည်ကို တွေ့ရသည်။ 

အိန္ဒိယ-မြန်မာနယ်စပ်ကိုဆက်သွယ်ထားသည့် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းနယ်စပ်ရှိ ကလေးမြို့နယ်ကို တောင်ပိုင်းရော မြောက်ပိုင်းပါ စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် အတွက်  တော်လှန်ရေးအင်အားစုက ၎င်းတို့ထိန်းချုပ်ထားသည့် နေရာအချို့ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စွန့်လွှတ်ခဲ့ရသည်။ 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်စပ်ရှိ ပျူစောထီး ခေါ် ပြည်သူ့စစ်များ အထိုင်ချထားသည့် ကျေးရွာများမှ ထွက်လာသည့် စစ်ကြောင်းက လူအင်အားနှင့် လက်နက်အင်အား သာလွန်သဖြင့် တော်လှန်ရေးအင်အားစုက ကလေး – ဂန့်ဂေါလမ်းပေါ်ရှိ အောင်သာရွာ အရှေ့၊ အနောက်နှင့် မှန်တော ကျေးရွာတို့ကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် လက်လွှတ်ခဲ့ရသည်။

အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်တိမ်းနေရစဉ်။ (ဓာတ်ပုံ –  ပေးပို့) 

ကလေးနှင့်ဂန့်ဂေါကြားစစ်တပ်အခြေစိုက်စခန်းများဖြစ်သည့် ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်) နှင့် ကြံသာ စသော ကျေးရွာတို့ကို ယခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားသည်။  

ထိုစခန်းများကို ပြန်ရနိုင်ရေး စစ်တပ်က မကြာခဏစစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာလ တတိယပတ်တွင် ကြံသာရွာကို ပြန်လည်ခြေကုပ်ယူနိုင်ခဲ့သည်။ ထို့နောက်တစ်လကျော် အကြာ အောင်သာယာ (အရှေ့၊ အနောက်) နှင့် မှန်တောရွာတို့ကိုပါ  စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်သည့် အခြေအနေဖြစ်လာသည်။ 

“အင်အားဖြည့်တင်းမှုအပိုင်းက သူတို့ဘက်က စစ်မှုထမ်းတွေရော၊ ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေရော ကလေးမြို့ဘက်ကတဆင့် အကုန်လုံး ရဟတ်ယာဉ်နဲ့တဆင့် လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ၊ အင်အား တပ်ဆင်မှုတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ အဆင့်မြှင့်တာတွေ၊ Drone Jammer  တွေနဲ့ တောက်လျှောက် ဆိုသလို ထိုးခဲ့တာရှိတယ်။ ကြံသာကို ခြေကုပ်ရပြီးနောက်မှာ ဟံသာဝတီကနေ ထပ်ဆင့် တရွေရွေ့နဲ့ တောက်လျှောက်ထိုးလာတာ” ဟု ဒေသတွင်း အခြေစိုက် ချင်းဒေသကာကွယ်ရေး အဖွဲ့ (ကလေး၊ ကဘော်၊ ဂန့်ဂေါ) ခေါ် CDF KKG ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။ 

ကလေးမြို့နယ် မြောက်ပိုင်းတွင်လည်း ကလေး – တမူး လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်တပ်က အင်အားအများပြားဖြင့် ဩဂုတ်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်ခဲ့ရာ  နှစ်လကျော်ကြာတိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း အောက်တိုဘာလဆန်းတွင် စစ်တပ်ကအင်အားရာနှင့်ချီ ထပ်မံဖြည့်တင်းလာသဖြင့်   ဆုတ်ခွာခဲ့ရကြောင်း ကလေးမြို့နယ်တော်လှန်ရေးအဖွဲ့များက ပြောသည်။ 

“အဓိက ရန်သူ့စစ်အင်အားများပြားတာကြောင့်ရော၊ ခုခံကာကွယ်ဖို့ ခဲယမ်းလက်နက်လူအင်အား လုံလောက်မှု မရှိတာရောကြောင့်ပါ။ ဒါကိုစကစလဲကောင်းကောင်းသိလို့ အားသာချက်အနေနဲ့ အသုံးပြုပြီး အင်အားအလုံးအရင်းနဲ့ထိုးလာတာပါ”ဟု ကလေးဒေသမှ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ ဒေသခံပြည်သူများ နေရပ်စွန့်ခွာ စစ်ဘေးရှောင်တိမ်းနေရစဉ်။ (ဓာတ်ပုံ – ပေးပို့)

ထိုစစ်ကြောင်းသည် နယ်စပ်ကုန်သွယ်ရေးအတွက် အချက်အချာကျသည့် အာရှ လမ်းမကြီးပေါ်ရှိ တော်လှန်ရေးအင်အားစု နှစ်နှစ်နီးပါးကြာထိန်းချုပ်ထားသည့် တမူးခရိုင်၊ ခမ်းပတ်မြို့ဘက်သို့ ဦးတည်ကာ ဆက်လက်စစ်ကြောင်းထိုးနေသည်။ စစ်ကိုင်းတိုင်းတွင် ခမ်းပတ်၊ ရွှေပြည်အေး၊ မြို့သစ်၊ ပင်လည်ဘူး၊ အင်းတော်နှင့် ဗန်းမောက်မြို့တို့ကိုတော်လှန်ရေးအင်အားစုက သိမ်းပိုက် ထိန်းချုပ် ထားသည်။ 

၂၀၂၃ နှစ်ကုန်ပိုင်းတွင် အိန္ဒိယနယ်စပ်ရှိ ခမ်းပတ်မြို့ကိုတော်လှန်ရေးအင်အားစု ထိန်းချုပ်ခဲ့ပြီးနောက် စစ်တပ်က မြို့ပြန်ရရန် ယမန်နှစ် နှစ်ဆန်းပိုင်းတွင် ထိုးစစ်ဆင်ခဲ့သော်လည်း ပြင်းပြင်းထန်ထန်ခုခံမှုကို ရင်ဆိုင်ရပြီး ပြန်လည်ဆုတ်ခွာခဲ့ရသည်။ 

ကလေးမြို့နယ်တွင် စစ်တပ်က  စစ်ကြောင်းထိုးရာတွင် ယခင် စစ်ကြောင်းများနှင့်မတူဘဲ လူအင်အား အလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေသလို ဒရုန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့်သုံးပြီး တိုက်ခိုက်နေကြောင်းတော်လှန်ရေးအင်အားစုများထံက သိရသည်။

လူငယ်အများစုပါဝင်သော တော်လှန်ရေးတပ်ဖွဲ့များသည် လက်နက်ကိုင်တော်လှန်ရေးအစပိုင်းတွင် အပျော်တမ်းဒရုန်းများသုံးပြီး တိုက်ခိုက်ခဲ့ကြသလို ၁၀၂၇ စစ်ဆင်ရေးတွင်လည်း ညီနောင်သုံးဖွဲ့က ဒရုန်းကို တွင်တွင်ကျယ်ကျယ်သုံးကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ 

ဒရုန်းလက်ချက်ဖြင့် အထိနာခဲ့သည့် စစ်တပ်သည် ၎င်းအားနည်းချက်ကို ပြုပြင်ကာ အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ကင်းထောက်ဒရုန်းများ၊ ဗုံးကြဲဒရုန်းများအပါအဝင် အသေခံဒရုန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲတိုက်ခိုက်လာရာ   တော်လှန်ရေးတပ်များအတွက် အခက်အခဲ ကြီးမားလာသည်။

“သူတို့ကမထိရောက်တဲ့ လေကြောင်းထက် ပိုမိုထိရောက်တဲ့ ဒရုန်းတွေကို ပိုမိုအားထားပြီးတော့ ကျွန်တော်တို့ကို ထိုးစစ်ဆင်တဲ့နေရာမှာအသုံးပြုတာရှိပါတယ်။ ဒရုန်းနည်းပညာကိုတော်တော်လေးကို အဆင့်မြှင့်တင် ပြီးတော့ ထိုးစစ်ဆင်တဲ့နေရာမှာ အားသာချက်အနေနဲ့သုံးတာပေါ့။ ဖိအားအပေးနိုင်ဆုံးနဲ့ ဒုက္ခအပေးနိုင်ဆုံးကတော့ သူတို့ဒရုန်းနည်းပညာလို့ ပြောလို့ရတယ်” ဟု CDF KKG ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။ 

လူထုထောက်ပံ့မှုနှင့်ရပ်တည်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်များအတွက် ဒရုန်းအဆင့်မြှင့်တင် သုံးစွဲနိုင်မှုမှာ အကန့်အသတ်များရှိနေသည်။ 

ကလေးတောင်ပိုင်းနှင့် မြောက်ပိုင်းတို့ကို အင်အားအလုံးအရင်းနှင့်ထိုးနေသည့် စစ်ကြောင်းနှစ်ခုတွင်   စစ်မှုထမ်းဥပဒေဖြင့် အဓမ္မစုဆောင်းထားသည့်  တပ်သားသစ်များသာမက၊ ပျူစောထီးများလည်းပါဝင်သည်။

မြောက်ပိုင်း စစ်ကြောင်းတွင်မူ  ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင်များပါ ပါဝင်နေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။  

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီ စစ်ကြောင်းထိုးလှုပ်ရှားမှုပြမြေပုံ 

ပြီးခဲ့သည့်နှစ်ဆန်းပိုင်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်တပ်က အသက်သွင်းလိုက်ပြီး အဓမ္မ စစ်သားစုဆောင်းမှုကြောင့်  စစ်သားသစ် ခုနှစ်သောင်းနီးပါး ရရှိခဲ့သည်ကို တွေ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

အိန္ဒိယအစိုးရကိုဆန့်ကျင်နေသည့် ကသည်းလက်နက်ကိုင်တပ်များသည် ယခင်နှစ်များကတည်းက တမူးမြို့နယ်တွင် စစ်တပ်နှင့်လက်တွဲကာ တော်လှန်ရေးအင်အားစုကို တိုက်ခိုက်နေပြီး ယခုနှစ် နှစ်လယ်ပိုင်းမှစ၍ ကလေးခရိုင်တိုက်ပွဲများအထိပါဝင်လာခြင်းဖြစ်သည်။ ကလေးမြောက်ပိုင်းတိုက်ပွဲများတွင် တော်လှန်ရေးအင်အားစု ရရှိသည့် သုံ့ပန်းများတွင် အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင် များပါဝင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။ 

အိန္ဒိယ – မြန်မာနယ်စပ် ကလေးခရိုင်ဖြစ်သည့် ကလေးမြို့နှင့် တမူးမြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း ၁ တွင် ပါဝင်နေသလို၊  ကလေးနှင့် တမူးကိုဆက်သွယ်ထားသည့် အာရှလမ်းမကြီးမှာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်အတွက် နယ်မြေပြန်လည်စိုးမိုးထိန်းချုပ်ရန် စစ်တပ်ကအင်တိုက်အားတိုက် လှုပ်ရှားနေခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုက သုံးသပ်သည်။ 

“နယ်စပ်ဖြစ်တော့ တမူးခရိုင်နဲ့ရွေးကောက်ပွဲရလဒ်က အိန္ဒိယနိုင်ငံနဲ့ သံတမန်ရေးအရ စကားပြောလို့ ပိုကောင်းတာပေါ့ဗျာ။ NUG အနေနဲ့ ကလေး တမူးလမ်းကြောသာပါသွားရင် နိုင်ငံရေးအရ ဆုံးရှုံးမှု ကြီးမားပါလိမ့်မယ်”ဟု ကလေးခရိုင်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

အောက်တိုဘာဒုတိယပတ်က ကလေးမြို့တောင်ဘက်၊ မှန်တောရွာထိုးစစ်တွင် CDF KKG တပ်ဖွဲ့ဝင် လေး ဦး သေဆုံးခဲ့သည်။  မြို့မြောက်ပိုင်းမှ နှစ်လကျော်ကြာတိုက်ပွဲများအတွင်း တော်လှန်ရေး အင်အားစုများဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ 

စစ်တပ်ရန်ကြောင့် ကလေးမြို့နယ်မြောက်ပိုင်း ကလေး – တမူး လမ်း တစ်လျှောက်ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ တစ်သောင်းကျော်၊ ကလေးမြို့နယ် တောင်ပိုင်း ကျေးရွာ ၆ ရွာထက်မနည်းမှ ဒေသခံ ငါးထောင်နီးပါး စစ်ဘေးရှောင် တိမ်းနေရသည်။  စစ်ကြောင်းဦးတည်နေသည့် ခမ်းပတ်မြို့မှ ဒေသခံများမှာလည်း ပြီးခဲ့သည့်ရက်ပိုင်းကပင် စတင်ရှောင်တိမ်းနေကြရပြီဖြစ်သည်။ 

သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးငယ်များအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်များ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ အရေးပေါ်ကူညီရေးနှင့်တုံ့ပြန်ရေးအဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ 

“အရေးပေါ်စစ်ရှောင်ရတာဆိုတော့ တောထဲတွေ၊ နေတဲ့နေရာနဲ့ဝေးတဲ့ တောထဲတွေမှာရှောင်နေရတယ်။ ရွာထဲတွေပြန်လာဖို့လည်း (စစ်တပ်)ကခေါ်တယ်။ ရာဇဂြိုဟ်ရွာမှာဆိုရင် ဝက်တွေ ကြက်တွေဘဲတွေကို ခုတ်ပြီးစားနေတယ်”ဟု ကလေးမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးကပြောသည်။ 

အင်အားအလုံးအရင်းနှင့်ထိုးစစ်ဆင်နေသည့်အပြင် လူထုနှင့်တော်လှန်ရေးအင်အားစုကြား သွေးကွဲစေရန် ရည်ရွယ်ပြီး လူထုကို စစ်တပ်က စည်းရုံးသည့်နည်းလမ်းကို အသုံးပြုလာကြောင်း ဒေသခံများထံက သိရသည်။ 

“သူတို့က ဗျူဟာပြောင်းလာတယ်။တော်လှန်ရေးလုပ်နေတဲ့သူနဲ့ ပြည်သူလူထုနဲ့ခွဲတဲ့နည်း။ သူတို့က စစ်တိုက်တာတင်မကဘူး၊ ပြည်သူလူထုကို စည်းရုံးတဲ့နည်းပါသုံးလာတယ်။ ဘာမှမလုပ်ဘူး၊ ပြန်လာ မဲလာပေးဆိုတဲ့ပုံစံမျိုး။ နောက်ပြီးတော့ ငါတို့ကိုဆန့်ကျင်ရင် ဒီလိုလုပ်မယ်၊ မဆန့်ကျင်ရင် အေးအေးဆေးဆေးနေ၊ ဘာမှမလုပ်ဘူးဆိုပြီးတော့ စည်းရုံးရေး ပုံစံမျိုးပါ တိုက်စစ်ဆင်လာတယ်။ ပြည်သူလူထုနဲ့ သွေးကွဲအောင်ခွဲတဲ့နည်းပရိယာယ်တွေ သုံးလာတယ်”ဟု ကလေးမြို့နယ် ဒေသခံတစ်ဦးကပြောသည်။ 

မကြာသေးမီကပင် လက်လွှတ်ခဲ့ရသည့် စစ်ကိုင်းနှင့် ကချင်ပြည်နယ်စပ်ရှိ ရွှေထွက်ရာ ဗန်းမောက်မြို့ကိုလည်း စစ်တပ်က  ပြန်လည်ထိုးစစ်ဆင်နေသည်။ 

စက်တင်ဘာ ၂၀ ရက်နေ့တွင် မြို့ကိုလက်လွှတ်ခဲ့ရပြီးနောက် စစ်တပ်သည် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နှင့်ပူးတွဲပြီး အောက်တိုဘာလဆန်းကစပြီး လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း အကူညီဖြင့် ထိုးစစ်ဆင်လာရာ မြို့အနီးဝန်းကျင်ထိ ရောက်ရှိလာကြောင်း တော်လှန်ရေးအင်အားစုထံက သိရသည်။ 

“ထိုးစစ်အခြေအနေကတော့ မြို့နားပြန်ကပ်နေပါပြီ။ ပြန်ဆုတ်၊ ပြန်တိုး လုပ်နေတယ်။ သူတို့ဘက်က ဒရုန်းလည်း အားကောင်းတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။ 

“SNA စကစဘက်က အင်အားများများနဲ့ထိုးတယ်ဆိုပေမယ့် ဒရုန်းအားကိုးပြီးပဲထိုးနေတာ များတယ်” ဟု ၎င်းက ဆက်ပြောသည်။ 

ဆားလင်းကြီးမြို့နယ် 

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနှင့်ချင်းပြည်နယ်မှ စစ်ဆင်ရေးများကိုကိုင်တွယ်သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ တစ်ဖက်ကမ်းရှိ ဆားလင်းကြီးမြို့နယ်ကိုလည်း အောက်တိုဘာ ၁၈ရက်ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်။ 

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု လက်ပတောင်း ကြေးနီစီမံကိန်း၏ အနီးဝန်းကျင်ကျေးရွာများကို အင်အား ၂၀၀ နီးပါး ပါဝင်သည့် တပ်ဖွဲ့က စစ်ကြောင်းနှစ်ခုဖြန့်ခွဲ စီးနင်းနေခြင်းဖြစ်သည်။ 

ယမန်နေ့ (အောက်တိုဘာ ၂၀) ရက် ညနေပိုင်းက နမခ မှတက်လာသည့်စက်တပ် လေထီးနှစ်စီးဖြင့် ထန်းပုရွာကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး လေး ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

စစ်ကြောင်းဝင်သည့် အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း သဲကောကြီးရွာကို စက်တပ် လေထီးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထိုနေ့ညနေပိုင်းတွင် မုံရွာမြို့နယ်၊ မအူဂိတ်ရှိ စစ်တပ်က ပစ်ခတ်သည့်အတွက် ဆည်တည်းရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်သည်ကို ငြှိမ်းသတ်စဉ် ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ 

စီမံကိန်းအနီး စီးနင်းနေသည့် ထိုစစ်ကြောင်းကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် တော်လှန်ရေးအင်အားစုက တိုက်ခိုက်ခဲ့ပြီး စစ်တပ်က မုံရွာဘက်မှတဆင့် အင်အားထပ်မံဖြည့်တင်းခဲ့သည်။ 

“(ကြေးနီစီမံကိန်း)လုံခြုံရေးအရ ရောက်လာတဲ့သဘောလား၊ ရွေးကောက်ပွဲအရရောက်လာတဲ့ သဘောလား၊ နယ်မြေစိုးမိုးချင်တာလားမသိဘူး။ လောလောဆယ်တော့ မီးရှို့တာတော့မရှိသေးဘူး။ အရင်တုန်းကတော့ တိုက်ပွဲဖြစ်ပြီဆိုရင် မီးရှို့ပြီ။ ဖြစ်တဲ့ရွာပြာကျပြီ။ သူတို့က အခုတော့ မီးရှို့တာမရှိဘူး။ ပြည်သူကိုတော့ ဖမ်းမယ်။ လူသားဒိုင်းကာမယ်၊ ဓားစာခံထားတာတော့ အရင်လည်းရှိတယ်၊ ခုလည်း ရှိတယ်”ဟု ဆားလင်းကြီးမြို့နယ်မှ လုံခြုံရေးအရအမည်မဖော်လိုသည့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

စက်တင်ဘာ ၂၇ ရက်နေ့က  ကြေးနီစီမံကိန်းကို လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မြန်မာယန်စီ လုပ်ကွက်၊ မိုင်းမြို့အနီး ကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သလို ဩဂုတ် ၁၆ ရက်နေ့ကလည်း မြန်မာဝမ်ပေါင်ကုမ္ပဏီအတွက် လုံခြုံရေးယူနေသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုက တိုက်ခိုက်ခဲ့သည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် ကြေးနီစီမံကိန်းဝန်ထမ်းအများစုလုပ်ငန်းခွင်မဝင်ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့်အတွက်  လုပ်ငန်းများရပ်တန့်သွားသည်။ ကြေးနီစီမံကိန်းသည် စစ်တပ်အတွက် ဝင်ငွေရလမ်းတစ်ခုဖြစ်နေသဖြင့် ရပ်တန့်ထားရန် တော်လှန်ရေး အင်အားစုက တောင်းဆိုထားသော်လည်း ပြီးခဲ့သည့်နှစ်ကစပြီး စီမံကိန်း  တကျော့ပြန် လည်ပတ်နိုင်ရန် ကုမ္ပဏီဘက်က ကြိုးပမ်းလာသည်။ 

CDM ဝန်ထမ်းများကို လုပ်ငန်းခွင်ပြန်ဝင်ရန်ကုမ္ပဏီဘက်က စည်းရုံးခဲ့ပြီး ဝန်ထမ်းအများစုလုပ်ငန်းခွင် ပြန်လည်ဝင်ရောက်သွားသည့်အတွက် နှစ်လယ်ပိုင်းကစပြီး ရာနှုန်းပြည့်နီးပါး လည်ပတ်နေပြီဖြစ် ကြောင်း ဒေသခံများကပြောသည်။ 

စီမံကိန်းပြန်လည်အရှိန်ရလာသည့် အချိန်ကစပြီး တော်လှန်ရေးအင်အားစုက စီမံကိန်းဝင်းအတွင်း စစ်ကောင်စီတပ်များကို မကြာခဏတိုက်ခိုက်သော်လည်း မည်သည့်အဖွဲ့ကမျှ ၎င်းတို့တိုက်ခိုက်ခဲ့ကြောင်း  သတင်းထုတ်ပြန်ခြင်းမရှိပေ။ 

၁၀၂၇ စစ်ဆင်ရေးအပြီးတွင် စစ်တပ်နှင့်ဆက်ဆံရေးပိုမိုနီးကပ်သွားသည့် တရုတ်က မြန်မာနိုင်ငံ အတွင်း၎င်းတို့၏ ရင်းနှီးမြှုပ်နှံ စီမံကိန်းများလုံခြုံရေးအတွက် အစဉ်တစိုက်တောင်းဆိုနေသည်။ 

ပြီးခဲ့သည့်နှစ်များက ကြေးနီစီမံကိန်း သယ်ယူရေးအတွက် လုံခြုံရေးပေးရန်၊ ရိက္ခာပို့ရန်အတွက် အင်အားဆယ်ဂဏန်းဖြင့် စစ်ကြောင်းထွက်လေ့ရှိပြီး ရက်ပိုင်းအတွင်း ပြန်လည်ဆုတ်သွားလေ့ရှိကြောင်း‌ ဒေသခံများထံကသိရသည်။ 

“လောလောဆည် စစ်ကြောင်းကပြန်ခေါက်မသွားဘူး။ တစ်ရက်နှစ်ရက်သုံးရက်ပတ်ပြီးရင် ပြန်ခေါက်သွားတာ။ ခုကမခေါက်သေးဘူး။ အင်အားလည်းများတယ်” ဟု အထက်ပါ ဒေသခံကဆိုသည်။ 

“အခြေအနေကလည်း ရွေးကောက်ပွဲအတွက်လည်းရှိတာဖြစ်တဲ့အတွက် ပြန်ခေါက်၊မခေါက်ဆိုတာ စောင့်ကြည့်ရမယ့် အနေအထားပေါ့”

စစ်ကောင်စီ စစ်ကြောင်း ဆက်ရှိနေဆဲဖြစ်သည့်အတွက် စီမံကိန်းအနီးကျေးရွာများဖြစ်သည့် ဆည်တည်း၊ ဇီးတော၊ ကျောက်ဖြူတိုင်၊ ဖောင်းကတာ၊ ရေခါး စသည့် ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံ များမှာ နေရပ်မပြန်ရဲသေးဘဲ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးတို့ လိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများထံက သိရသည်။ 

စစ်ကိုင်းမြို့နယ် 

ရွေးကောက်ပွဲကျင်းပမည့်အထဲ ပါဝင်သည့် စစ်ကိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဝက်လက်၊ ရွှေဘိုမြို့တို့တွင် စစ်တပ်က စစ်ကြောင်းများဖြန့်ခွဲလှုပ်ရှားပြီး နယ်မြေစိုးမိုးမှုယူနိုင်ရန်ကြိုးပမ်းနေကြောင်း တော်လှန်ရေးအင်အားစုက ပြောသည်။ 

“အဓိကတော့ စကစ အနေနဲ့ လူအင်အားရော လက်နက်အင်အားရောရှိနေတယ်။ ပစ (စစ်သားသစ်) တွေလည်း အများကြီးစုစည်းနိုင်တဲ့အနေအထားရှိတယ်။ တချို့စစ်ကြောင်းတွေက လမ်းပိုင်းထိန်းချုပ်ဖို့ ကြိုးစား လာတဲ့သဘောမျိုးရှိတယ်”ဟု ဝက်လက်မြို့နယ်တွင်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ငလျင်ဒဏ်အကြီးအကျယ်ခံခဲ့ရသည့် စစ်ကိုင်းမြို့နယ်တွင် မင်းဝံတောင်ကြောတစ်လျှောက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီး စစ်ကိုင်းနှင့်ဝက်လက်နယ်စပ်တွင် အထိုင်ချထားသလို စစ်ကိုင်းမြို့နယ် ဆားတောင်မြို့တွင်လည်း  ခြေကုပ်ယူထားသည်။

စစ်တပ်သုံးဒရုန်းတစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့) 

အမှတ် (၈) စစ်အခြေခံလေ့ကျင့်ရေးတပ်အခြေစိုက်ထားသည့် ရွှေဘိုတွင်လည်း ရွေးကောက်ပွဲလုပ်မည်ဟု စစ်တပ်ကကြေညာထားပြီးနောက် မြို့အနီးကျေးရွာများကို အောက်တိုဘာလဆန်းကစပြီး မကြာခဏ

စစ်ကြောင်းထိုးနေရာ  ထိတွေ့တိုက်ပွဲများရှိနေသလို ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) ကလည်း လေကြောင်းမှတဆင့် စစ်အင်အားဖြည့်နေကြောင်း သိရသည်။ 

စစ်သည်အင်အားပို့ဆောင်ရာတွင် MI17 အမျိုးအစား ရဟတ်ယာဉ်သုံးနေသည်ဟု သတင်းရရှိကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။ 

“တပ်မ ၃၃ ထဲကနေ MI17 နဲ့  လေးခေါက်၊ ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်ကို အင်အားတွေ လေးခေါက်လောက်ပို့နေတာရှိတယ်။ ရွှေဘိုဘက်ကတော့ သူတို့ ကျောက်မြောင်းဘက်ကနေ သပိတ်ကျင်းဘက်က နယ်မြေရှင်းလင်းရေးလုပ်နေတာကို ပိတ်ဆို့ရေးအဖွဲ့ လုပ်တယ်လို့တော့သုံးသပ်ရတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

ဝက်လက်၊ စစ်ကိုင်းမြို့တို့နှင့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်းမှ မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် အောက်တိုဘာ ဒုတိယပတ်ကစပြီး မြို့မြောက်ဘက်ခြမ်းကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း အကူညီဖြင့် မြေပြင်စစ်ကြောင်းများဖြန့်ခွဲထိုးစစ်ဆင်နေသည်။ 

သပိတ်ကျင်းမြို့ကို ဩဂုတ်လတွင် ပြန်သိမ်းနိုင်ခဲ့သည့်စစ်တပ်သည် မိုးကုတ်ဘက်သို့ ဦးတည်ကာ ဆက်လက်ထိုးစစ်ဆင်နေပြီး အောက်တိုဘာလ ဒုတိယပတ်တွင် မန္တလေး – မိုးကုတ် ကားလမ်းပေါ်မှ ဖော့တောလမ်းဆုံကို သိမ်းယူနိုင်ခဲ့သည်။ ထိုလမ်းဆုံသည် စစ်ကိုင်း – မန္တလေး – ရှမ်းမြောက်တို့ကို ချိတ်ဆက်ထားသည့်လမ်းကြောင်း ပေါ်တွင်ရှိပြီး နှစ်ဖက်လုံးအတွက် ဆက်သွယ်ရေးအရ အချက်အချာကျသည့်နေရာဖြစ်သည်။ 

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းရှိ မန္တလေးတိုင်း၊ မတ္တရာ၊ သပိတ်ကျင်းမြို့နယ်တို့မှ တော်လှန်ရေး အင်အားစု ထိန်းချုပ်ထားသည့်နေရာများကို စစ်တပ်ကအကြီးအကျယ်ထိုးစစ်ဆင်ချိန်တွင် မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်းအတွင်းမှ ဝက်လက်၊ ရွှေဘိုတို့တွင်လည်း  စစ်ရေးလှုပ်ရှားမှုများဆက်တိုက်လုပ်လာခြင်းဖြစ်သည်။ 

စစ်တပ်က  ၎င်းတို့၏ အားသာချက်ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုအတွက် ကုန်ကျစရိတ်ပိုမိုသက်သာသည့် စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာများကိုပါသုံးပြီး တိုက်ခိုက်နေသည်။

ပါရာမော်တာဟု လူသိများသည့် စက်တပ်လေထီးများကို ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကစပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းစသည့် မြေပြန့်ဒေသများတွင် သုံးစွဲခဲ့ပြီးနောက် ဂျိုင်ရိုကော်ပတာများကို ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင်သုံးလာသည်ကိုတွေ့ရသည်။

ယခုနှစ် နှစ်လယ်ပိုင်းတွင် ဂျိုင်ရိုကော်ပတာ များကို မန္တလေးတိုင်း၊ မြင်းခြံတွင်စတင်အသုံးပြုခဲ့ပြီးနောက် စက်တင်ဘာလကုန်ပိုင်းတွင် စစ်ကိုင်းတိုင်းအထိပါ တိုးချဲ့အသုံးပြုလာသည်။ စက်တပ်လေထီးနှင့်နှိုင်းယှဉ်ပါက ဂျိုင်ရိုကော်ပတာသည် အကွာအဝေးပိုမိုပျံသန်းနိုင်ပြီး လေထဲပျံသန်းချိန်လည်း ပိုမိုကြာမြင့်သည်။

မုံရွာဝန်းကျင်ရှိ ဝက်လက်၊ ရေဦး၊ ဆားလင်းကြီး၊ ယင်းမာပင်စသည့်မြို့နယ်များတွင် စစ်တပ်က ဂျိုင်ရို ကော်ပတာများဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည်။

စက်တပ်လေထီးနှင့် ဂျိုင်ရိုကော်ပတာတို့ကို ကောင်းစွာ ပစ်ခတ်နိုင်သည့် လက်နက်များမှာ ပြည်နယ်များတွင် အခြေစိုက်လှုပ်ရှားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်သာရှိပြီး နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအဖွဲ့ အများစုတွင် ရှိမနေပေ။

ထို့ပြင် ပြီးခဲ့သည့်ရက်ပိုင်းကစပြီး ကင်းထောက်သည့် မိုးပျံပူပေါင်းများကို ဆားလင်းကြီး၊ ချောင်းဦး၊ တန့်ဆည် စသည့် မုံရွာနှင့်အနီးဝန်းကျင်မြို့နယ်များတွင် တွေ့မြင်ရကြောင်း ဒေသခံနှင့်တော်လှန်ရေး အင်အားစုက ပြောသည်။ မိုးပျံပူပေါင်းများမှာ အဖြူရောင်နှင့်အနက်ရောင်ရှိပြီး မည်သည့်နေရာက လွှတ်တင်သည်၊ မည်သို့ဦးတည်ပျံသန်းမည်ကိုမသိရကြောင်း ဒေသခံများက ဆိုသည်။

“၁၈ ရက်နေ့ ညနေပိုင်း ၅ နာရီ မတ်တင်းလောက် မှာ နှစ်လုံးတောင်။ အသံလုံးဝမထွက် ၊ အဲဒီနေ့ကတော့ နေရောင်ကြောင့်ထင်တယ်၊ လုံးလုံးကြီး မမြင်ရဘဲ ရှည်ရှည်ကြီး ဖြူဖြူဆွတ်ဆွတ် ရှေ့နောက် နှစ်လုံး။ ဖုန်းနဲ့ ရိုက်ကြည့်တာ ဝါးတားတားပဲ မြင်ရတာ” ဟု ယင်းမာပင်မြို့နယ်မှဒေသခံ အမျိုးသား တစ်ဦးကပြောသည်။

ထောက်လှမ်းရေးမိုးပျံပူပေါင်းဟု ယူဆရသည့်အရာကို အောက်တိုဘာ ၁၈ ရက်နေ့က ယင်းမာပင်မြို့နယ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ – ပေးပို့)

မိုးလေဝသခန့်မှန်းရာတွင် မိုးပျံပူပေါင်းများကို သုံးလေ့ရှိပြီး ကောင်းကင်ဓာတ်ပုံများရိုက်ယူကာ ကင်းထောက်ရန်အတွက်သုံးခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

“ပုံမှန်အားဖြင့်တော့ အဲ့ဒါက မိုးလေဝသ weather forecast အတွက်ရည်ရွယ်ပြီး အသုံးပြုတာလို့သိရတယ်။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ ကောင်းကင်ဓာတ်ပုံတွေ အဆက်မပြတ် ရိုက်ပြီးတော့ ကင်းထောက်ထားနိုင်တယ်။ ဒရုန်းပျံဝဲမယ်ဆိုရင် ဘက်ထရီလောင်စာ ကုန်တယ်။ သူကတော့ အရှင်ပေါ့။ ဒီကောင်ကတော့ အသေပုံစံ မျိုးနဲ့ ကင်းထောက်ပြီးတော့ ကြည့်ထားနိုင်တဲ့ အနေထားမျိုးတွေတော့ တွေ့ရတယ်”ဟု ဗိုလ်ကြီးဇင်ယော်ကပြောသည်။

“အဓိကတော့ ကင်းထောက်ဖို့အတွက် ကောင်းကင်ပေါ်မှာသွားပြီးတော့ CCTV တပ်သလိုမျိုးပေါ့။ အဲ့ဒီလိုမျိုး အနေအထားမျိုးလို့ပဲ ပြောရမှာပေါ့။ အရင်တုန်းက သုံးတာတော့မတွေ့ဖူးဘူးဗျ” 

ယခင်က ထိုသို့အသုံးပြုမှုမျိုးမရှိဘဲ အာဏာသိမ်းပြီးနောက် တိုက်ပွဲများကျယ်ပြန့်လာသည်နှင့်အမျှ မြေပြင်သတင်းထောက်လှမ်းရရှိရေး အတွက်နည်းလမ်းပေါင်းစုံအသုံးပြုလာခြင်းဖြစ်နိုင်ကြောင်း CDM စစ်အရာရှိများဖြင့် ဖွဲ့စည်းထားသည့် မြန်မာစစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI မှ စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးကပြောသည်။ 

“သူ့မှာတပ်ဆင်ထားတဲ့ထောက်လှမ်းရေးပစ္စည်း‌တွေ intelligence ပစ္စည်းတွေ ကင်မရာတွေရဲ့စွမ်း ဆောင်ရည်တွေအပေါ် အများကြီးမူတည်တယ်။ ခုနောက်ပိုင်းအသုံးပြုလာတဲ့ထောက်လှမ်းရေး ကင်မရာတွေ မြေပြင်ကင်းထောက်ကင်မရာတွေ ထောက်လှမ်းရေးပစ္စည်းတွေက ဆက်သွယ်မှုစနစ်တွေကို ကြားဖြတ်နားထောင်တဲ့စနစ်တွေက အင်မတန်မှကို အားကောင်းလာတဲ့အတွက် သူတို့ရဲ့ ကြားဖြတ်ထောက်လှမ်းမှုအန္တရာယ်ကတော့ ကြီးကြီးမားမားရှိတယ်လို့တော့ ကျွန်တော်တို့ပြောလို့ရ တယ်”ဟုကိုနောင်ရိုးက သုံးသပ်သည်။

“ဒီကောင်တွေက အမြင့်တစ်ခုကနေ အရှိန်နှေးနှေးနဲ့မြေပြင်ကို စောင့်ကြည့်ထောက်လှမ်းသွားတာဖြစ်တဲ့အတွက် ထောက်လှမ်းနိုင်မှုအန္တရာယ်နဲ့ ထောက်လှမ်းနိုင်စွမ်း ထောက်လှမ်းနိုင်မှုနည်းပညာကတော့ အန္တရာယ်အနေထားတစ်ခုမှာရှိတယ်လို့ သုံးသပ်လို့ရနိုင်ပါတယ်” 

တော်လှန်ရေးအင်အားစုများစိုးမိုးမှုအားကောင်းရာ စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနီးကပ်သည်နှင့် အမျှ စစ်တပ်၏ ထိုးစစ်အရှိန်ပိုမြင့်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။

တော်လှန်ရေးအဖွဲ့များဘက်တွင် လက်နက်ခဲယမ်းကြိုတင်စုဆောင်းထားမှုနှင့် အခြားပြင်ဆင်မှုများ မည်သို့ရှိသည်ကို မသိရသေးပေ။  

Related Articles

Back to top button