စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနောက်ဘက် သုံးမိုင်ခန့်အကွာ စက်တောကျေးရွာအထိ ရှမ်းနီအမျိုးသား များတပ်(SNA)နှင့် စစ်တပ်က ရောက်လာသဖြင့် အောက်တိုဘာလ ၇ ရက်နေ့တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပြီး ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုများ ထိန်းချုပ်ထားသည့် ဗန်းမောက်မြို့အနောက်ဘက် စက်တောရွာကို SNA နှင့်စစ်တပ်က ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ယင်းနေ့မှာ ပင် လက်လွှတ်ခဲ့ရသည်။
တိုက်ပွဲကြောင့် ဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေကြသည့် သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံ ၁၀၀ ကျော်ကို စစ်တပ်နှင့် SNA တို့က ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဗန်းမောက် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“SNA တွေနဲ့ စစ်သားတွေက စက်တောရွာမှာရှိတဲ့ ကာကင်းစခန်းတွေနဲ့ PDF တွေရဲ့နေရာတွေကို သူတို့ ရလိုက်တော့ အိမ်စောင့်ချန်ထားခဲ့တဲ့ ပြည်သူတွေကို အကုန်လုံးကို ဖမ်းသွားတာပေါ့။ မျက်လုံးကို အဝတ် စည်းပြီး ဖမ်းသွားတာတဲ့။ ထွက်ပြေးနိုင်ခဲ့တဲ့လူတွေလည်း ရှိတယ်” ဟု ထိုသူက ဆိုသည်။
ဖမ်းဆီးခံရသူများအား မျက်လုံးကို အဝတ်စည်းကာ မိုးကာစများ အုပ်ထားသည့် မော်တော်ကားများဖြင့် ဗန်းမောက်အနောက်ဘက် ခေါ်ဆောင်သွားပြီး မည်သည့်နေရာ၌ထိန်းသိမ်းထားသည် မသိရသေးကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။
ဗန်းမောက်မြို့အနီးတိုက်ပွဲများကြောင့် စက်တင်ဘာလကုန်မှစတင်၍ စက်တောကျေးရွာ ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ရွာတွင်ကျန်ရှိနေသည့် ရွှေ့ပြောင်းရန်ခက်သည့် ပစ္စည်းများအတွက် အိမ်စောင့်သူများ ကျန်ရှိခဲ့ကြသည်။
ထိုသူများမှာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၁၀၀ ကျော် ရှိကြောင်း သိရသည်ဟု အထက်ပါ ဒေသခံအမျိုးသား က ပြန်လည်လွတ်မြောက်လာသူအချို့ကို ကိုးကား၍ပြောသည်။
ဖမ်းဆီးခံရသူအချို့ကို ဗန်းမောက်မြို့အနောက်မြောက်ဘက် မိုင်အနည်းငယ်အကွာရှိ စိန်ဖြူတောင်တွင် ကတုတ်ကျင်းများ တူးခိုင်းခြင်းနှင့် အလုပ်ကြမ်းများ လုပ်ခိုင်းနေသည်ဟု သတင်းများထွက်ပေါ်နေသော် လည်း Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
စက်တော်ကျေးရွာမှာ ဗန်းမောက်မြို့အနောက်ဘက် ၃ မိုင်ခန့်အကွာတွင် ရှိပြီး အိမ်ခြေ ၁၀၀၀ ကျော်နှင့် လူဦးရေ ၂၀၀၀ ဝန်းကျင်ခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ကာ ကဒူးတိုင်းရင်းသား အများစု နေထိုင်သည်။
ကချင်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ဗန်းမောက်မြို့ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်များနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ လ၂၀ ရက်နေ့တွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစဉ်က SNA တပ်များက မြို့ပေါ်မှနေ၍ မြို့အနောက်ဘက်နှင့်မြောက်ဘက်ရှိ ၎င်းတို့အခိုင်အမာစခန်း များဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်။
SNA နှင့် စစ်တပ်က စက်တင်ဘာလကုန်ပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်လာသည့်အတွက် ကာကွယ်ရေး တပ်များက မြို့နှင့်သုံးမိုင်ခန့် အကွာအထိ နောက်ဆုတ်ပေးခဲ့ရသည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“နဂိုက ပဟင်းခါး ကျေးရွာအထိ၊ ဗန်းမောက်မြို့နဲ့ ကိုးမိုင်အထိကို နယ်မြေစိုးမိုးမှုနဲ့ သိမ်းပိုက်မှုတွေ လုပ် နိုင်ခဲ့တယ်။ နောက်ပိုင်းတွေမှာသူတို့က အင်အားနဲ့ ထိုးလာတော့ ပြည်သူတွေထိခိုက်မှာစိုးလို့ နောက်ဆုတ် ရင်း ဆုတ်ရင်းနဲ့ မြို့နား သုံး လေးမိုင်အကွာမှာ ရောက်နေတာ” ဟု ထိုသူက ဆိုသည်။
လတ်တလောတွင် စက်တောရွာကို SNA၊ စစ်တပ်တို့က ထိန်းချုပ်ထားပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများနှင့် နေအိမ်များကို ဖောက်ထွင်းယူငင်နေသည်ဟု သိရပြီး နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရသည် ဟု သိရသည်။
“ရွာထဲက ဟာတွေအကုန်ဖောက်ထွင်းယူတယ်။ စစ်သားတွေလည်း ပါတယ်၊ ရွာထဲက ကုန်စုံဆိုင်အိမ်တွေ ဖောက်တယ်၊ ကြက်တွေ၊ ဝက်တွေ သတ်စားတာလည်း ဟုတ်တယ်” အထက်ပါအမျိုးသားက ပြောသည်။
ဗန်းမောက်မြို့ကို ကသာခရိုင် တပ်ရင်း(၄)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ကဒူးတိုင်းရင်းသား လူငယ်များ ပါဝင်သလို ကဒူးတိုင်းရင်းသားများဖြင့် စုဖွဲ့ထားသည့် Kadu Army ဟု ခေါ်ကြသည့် မိုင်းတုံ တပ်ရင်းကလည်း မြို့သိမ်းတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသည်။
ယမန်နေ့ ညနေ ၅ နာရီခန့်တွင်လည်း စစ်လေယာဉ်က ဗန်းမောက်မြို့တွင်းသို့ ဗုံးနှစ်လုံးကြဲချခဲ့ပြီး လူ အထိအခိုက်မရှိဟု သိရသည်။
ဗန်းမောက်မြို့နှင့် ဗန်းမောက်မြို့အနီးဝန်းကျင်မှ ဒေသခံအများစုသည် မြို့အရှေ့ဘက် တော်လှန်ရေး တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည်။
လတ်တလောတွင် ဗန်းမောက်အနောက်ဘက် အနီးဝန်းကျင်တွင် စစ်ရေးတင်းမာပြီး နှစ်ဖက် စစ်ဆိုင်ထား ကြသည်ဟုသိရသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ အစိုးရစာရင်းများအရ မြို့ပေါ် သုံးရပ်ကွက်ရှိကာ လူဦးရေ ၆၀၀၀ ကျော်နေထိုင်ကာ တစ်မြို့နယ်လုံးတွင် တစ်သိန်းကျော် နေထိုင်သည်။ စိုက်ပျိုးရေးနှင့် ရွှေသတ္တုတူး ဖော်ရေး၊ သစ်ထုတ်လုပ်ရေးများ လုပ်ကိုင်ကြသည်။
ဗန်းမောက်မြို့၏ အနောက်တောင်ဘက် မိုင် ၆၀ ခန့်အကွာတွင် တည်ရှိသည့် ပင်လည်ဘူးမြို့ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနှင့် ဗန်းမောက်မြို့အရှေ့ဘက် ၂၈ မိုင် အကွာတွင် တည်ရှိသည့် အင်းတော်မြို့ကို ၂၀၂၅ ခုနှစ် ဧပြီလတွင် PDF တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
အာဏာသိမ်းစစ်တပ်ကို PDF နှင့်ပူးပေါင်းတပ်များက မကြာခဏထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊ မြို့သစ်နှင့် ရွှေပြည်အေးမြို့များကို သိမ်းပိုက်ထားနိုင်သည်။
SNA ကို ရှမ်းနီပြည်နယ်ရရှိရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကြွေးကြော်သံဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းနီတိုင်းရင်းသားအများစု ပျံ့နှံ့နေထိုင်သည့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်းတို့ကို အခြေပြုလှုပ်ရှားခဲ့သည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး စတင်ချိန် လက်နက်ကိုင်ခုခံလိုသူတချို့ကို သင်တန်းပေးခဲ့သော်လည်း နောက်ပိုင်း စစ်တပ်နှင့် ဆက်ဆံရေးပိုမိုနီးစပ်သွားကြောင်း ဒေသခံကာကွယ် ရေးအဖွဲ့များထံက သိရသည်။
သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သော KIA ကို ထိန်းညှိရန် အတွက် ကချင်နှင့်ရှမ်းနီ လူမျိုးကြား လူမျိုးရေး မကျေလည်မှုများကို အခွင့်ကောင်းယူကာ စစ်တပ်က SNA ကို လက်ကိုင်တုတ် သဖွယ် အသုံးချနေကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက သုံးသပ်ထားကြသည်။
ဗန်းမောက်မြို့ပေါ်တွင် SNA က စစ်တပ်နှင့်အတူ ပူးတွဲလှုပ်ရှားပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ကလည်း မြို့ပေါ် ရပ်ကွက်များတွင် စစ်သားစုဆောင်းခြင်းများလုပ်ခဲ့သဖြင့် ဒေသခံများ စိုးရိမ်ခဲ့ကြသည်။



