သတင်း

ဗန်းမောက်တွင် ရပ်ကွက်တိုင်း စစ်သားသစ် ၃၀ စီပေးရန် စစ်ကောင်စီ၏မဟာမိတ် ရှမ်းနီတပ် SNA အမိန့်ထုတ်

စစ်ကောင်စီ၏မဟာမိတ်တပ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) သည် စစ်ကိုင်းတိုင်း ဗန်းမောက်မြို့တွင် တစ်ရပ်ကွက်လျှင် တပ်သားသစ် ၃၀ ပေးရမည်ဟု အမိန့်ထုတ်ခဲ့သည်။

စစ်ကောင်စီ၏မဟာမိတ်တပ် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) က စစ်ကိုင်းတိုင်း ဗန်းမောက်မြို့တွင် ယခုလလယ်မှစတင်ပြီး တစ်ရပ်ကွက်လျှင် တပ်သားသစ် ၃၀ ပေးရမည်ဟု အမိန့်ထုတ်ခဲ့သဖြင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ဗန်းမောက်မြို့သည် စစ်ကောင်စီကိုဆန့်ကျင်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အားကောင်းရာ ကချင်ပြည်နယ်၏နယ်စပ်တွင်ရှိသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် SNA အရာရှိများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လူသစ် စုဆောင်းရန်အတွက် သဘောတူခဲ့ကြပြီး ရပ်ကွက်တိုင်းရှိ အိမ်ထောင်စု ဇယားများကို တောင်းယူ စစ်ဆေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထို့နေ့တွင်ပင် မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် SNA တပ်က စတင်ပြီး စစ်သားသစ် စုဆောင်းခဲ့ရာ လွှစင်ကုန်းရပ်ကွက်ရှိ အသက် ၁၈ နှစ်မှ ၄၀ ကြား အမျိုးသား ၃၀ ဦး ကို ခေါ်ယူသွားခဲ့သည်ဟု တော်လှန်ရေးတပ်များနှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျန်တဲ့ရပ်ကွက်က ဟာတွေကတော့ အချိန်ရတော့ ပြေးချိန်ရှိတော့ အကုန်လုံးကတော့ ထွက်ပြေးခဲ့ကြတယ်။ တော်တော်များများ ပြေးကြတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

SNA တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၁၆ ခုနှစ်အတွင်းက တောတွင်းတစ်နေရာ၌ တွေ့ရစဉ်။ (ဓာတ်ပုံ-SNA)

ဗန်းမောက်မြို့တွင် ယခင်က စစ်ကောင်စီတပ်များက ဦးဆာင်ကာ တပ်စွဲနေရာယူထားခဲ့သလို SNA တပ်များကိုလည်း လက်နက်တပ်ဆင်ပေးကာ မြို့လုံခြုံရေးအတွက် အသုံးပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်က ဗန်းမောက်မြို့အနောက်ဘက်ခြမ်းရှိ တော်လှန်ရေးတပ်များ ကြီးစိုးထားသည့် ကျေးရွာများနှင့် နယ်မြေအများစုကို စစ်ကောင်စီအထောက်အပံ့ဖြင့် SNA တပ်များက တိုက်ယူခဲ့ပြီး ၎င်းတို့ ထိန်းချုပ်နယ်မြေဖြစ်ခဲ့သည်။

လက်ရှိတွင် ဗန်းမောက်မြို့ပေါ်၌ စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ အင်အားအနည်းစုသာ ချန်ထားပြီး မြို့လုံခြုံရေးအတွက် SNA တပ်များက ဦးဆောင်ကာ တာဝန်ယူထားသည်ဟု ဒေသခံများ ထံက သိရသည်။

ဒီဇင်ဘာ ၁၄ ရက်ကလည်း ဗန်းမောက်မြို့မြောက်ဘက်ရှိ ရှမ်းနီလူများ အများစုနေထိုင်ရာ နောင်မဲလုံး ကျေးရွာကို SNA တပ်က တပ်သား ၅၀ စုဆောင်းပေးရန် တောင်းဆိုခဲ့ရာ ရွာခံများက ငြင်းဆန်ခဲ့သည် ဟု သိရသည်။

နောက်တစ်ရက်တွင် SNA တပ်များက ကားကြီးသုံးစီးဖြင့် အဆိုပါရွာသို့ ထပ်မံရောက်လာစဉ် တော်လှန်ရေးတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် SNA တပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“ကားသုံးစီးလုံးခေါ်ခဲ့တာ၊ တစ်ရွာလုံး ပေါ်တာဆွဲမယ်ဆိုပြီးတော့ ခေါ်ခဲ့တာ၊ တချို့တွေတောင် ကားပေါ်ရောက်နေပြီ အဲဒါနဲ့ ရွာသားတွေက အကူအညီတောင်းတော့ တော်လှန်းရေးအဖွဲ့ဘက်က ဒရုန်းနဲ့ သုံးလုံးကြဲချခဲ့တာ၊ SNA တပ်သားတစ်ယောက် ဆေးကုရင်းနဲ့သေတယ်၊ တစ်ယောက် ဒဏ်ရာ ရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် SNA တပ်သားအချို့ သေဆုံး ထိခိုက်ခဲ့သလို ရွာသား အချို့လည်း ဒဏ်ရာ ရခဲ့သည်ဟု သိရပြီး SNA အဖွဲ့မှာ တပ်သားမစုဆောင်းနိုင်ဘဲ ဝရုန်းသုန်းကား ဆုတ်ခွာသွားခဲ့ရသည်ဟု သိရသည်။

ယခင်ကလည်း ရှမ်းနီနှင့် ကဒူး၊ ကနန်း တိုင်းရင်းသားအများစု နေထိုင်ရာ ဗန်းမောက်မြောက်ဘက် ကျေးရွာများတွင် SNA တပ်က စစ်သားစုဆောင်းတိုင်း ဒေသခံများက တော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏ အကူအညီတောင်းယူခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

စစ်သားစုဆောင်းမှုကြောင့် မြို့ပေါ်နှင့် အခြားကျေးရွာများမှ ဒေသခံများမှာ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသများသို့ ထွက်ပြေးနိုင်သော်လည်း SNA တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် စစ်သားသစ် ဆက်လက်စုဆောင်းနေသည်ဟု သိရသည်။

စစ်သားစုဆောင်းမှုနှင့် ပတ်သက်ပြီး SNA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းအောင်မိန်းကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကောင်စီကို တွန်းလှန်လိုသူ လူငယ် အများအပြားကို စစ်သင်တန်းပေးခဲ့ဖူးသည့် SNA တပ်သည် တော်လှန်ရေးကာလကြာမြင့်လာသည့် နောက် စစ်ကောင်စီတပ်နှင့် ပူးပေါင်းသွားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်ခန့်မှစတင်ကာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ တိုက်ပွဲအချို့တွင် SNA တပ်ဖွဲ့များသည် စစ်ကောင်စီနှင့် ပူးပေါင်းကာ  KIA နှင့် တော်လှန်ရေးတပ်များကို ပြန်လည်တိုက်ခိုက် လာသည်။ 

တော်လှန်ရေးတပ်များက မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် အင်းတော်မြို့တွင်လည်း စစ်ကောင်စီတပ် ၏ နောက်ဆုံးကျန်ရစ်သည့် ဂျပန်ဆေးရုံကုန်းတွင် စစ်ကောင်စီတပ်များနှင့်အတူ SNA တပ်အင်အား အများအပြား ပူးပေါင်းခုခံနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button