မှောင်မိုက်သည့် ဆောင်းတွင်းညအချိန်တွင် မျက်စိအဝတ်စည်း၊ ပါးစပ်ပိတ်ဆို့၊ လက်နောက်ပြန်ကြိုး တုပ်ခံထားရသည့် ကိုနိုင်ဝင်း အပါအဝင် အကျဉ်းသား ၈ ဦးကို လူတစ်စုက တောထဲသို့ ခေါ်ဆောင်သွားသည်။ ထိုအချိန်က ရှေ့တွင်ကြုံရမည့် အန္တရာယ်ကို ကိုနိုင်ဝင်းတို့လူစု ကြိုတင်မရိပ်မိသေးပေ။
တစ်နေရာအရောက်တွင် အကျဉ်းသား အားလုံးကို ရပ်တန့်ခိုင်းသည်၊ ရပ်လိုက်သည်နှင့် ကိုနိုင်ဝင်း၏ ဦးခေါင်း တစ်စုံတစ်ခုနှင့် ပြင်းထန်စွာရိုက်နှက်ခံရသဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်။
မကြာမီ ကိုနိုင်ဝင်း လည်ပင်းပေါ်သို့ အေးစက်သည့် ဓားချက်က ကျရောက်လာသည်။
ဓားချက်ကြောင့် ကိုနိုင်ဝင်းလည်ပင်းမှ ကြွက်သားပေါ် သည်အထိ စုတ်ပြတ်သွားသော်လည်း ကံကြမ္မာက မျက်နှာသာပေးခဲ့သဖြင့် အသက်ဘေးမှလွတ်ကင်းခဲ့သည်။
ထိုနေ့ညက ခေါ်ဆောင်ခံလာရသူ ၈ ဦးအနက် ၅ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကိုနိုင်ဝင်း အပါအဝင် ၃ ဦးမှာ ပြင်းထန်သည့်ဒဏ်ရာများ ရသွားသည်။
ရန်ပြုသူများ ထိုနေရာမှ ထွက်ခွာသွားပြီးနောက် တိတ်ဆိတ်ခြင်းက ကြီးစိုးနေသည်၊ အချိန်ကာလ မည်မျှကြာသွားသည်ကို မသိနိုင်တော့ဘဲ လွတ်မြောက်အောင် အချင်းချင်းကူညီပြီး ကြိုးပမ်းခဲ့ရသည်ဟု ကိုနိုင်ဝင်းက ပြန်ပြောပြသည်။
“မသေသေးတဲ့သူဘယ်သူရှိသေးလဲဆိုပြီး (တစ်ယောက်က)လိုက်အော်တော့ အင်းအင်းအင်းအင်းပဲ ပြောနိုင်တာလေ။ ပါးစပ်က တိတ်နဲ့ပတ်ထားတော့ အဲ့လိုမျိုးပဲပြောနိုင်တာလေ” ဟု ကိုနိုင်ဝင်းက သူ့မှတ်ဉာဏ်ထဲ စွဲထင်နေသည့် ထိုအခိုက်အတန့်ဖြစ်ရပ်အကြောင်း ပြောပြသည်။
တုပ်နှောင်ထားသည့် ကြိုးများကို အချင်းချင်း ကူညီဖြည်ပေးကြရာ သန်းခေါင်ယံချိန်ခန့်ရောက်မှ အားလုံး လွတ် မြောက်သွားသည်။ သို့သော်လည်း မည်သည့်နေရာ ရောက်နေမှန်းမသိသဖြင့် အလင်းရောင်လာချိန်ထိ စောင့်ပြီးမှ ခရီးဆက်ကြရသည်။
လမ်းရှိရာ ဦးတည်သွားပြီး အနီးဝန်းကျင်ကို မေးမြန်းကြည့်မှ ဟုမ္မလင်းမြို့နယ်၊ သဲဇလောက်ကျေးရွာအနီး ရောက်နေမှန်း သိလိုက်ကြရသည်။
ထိုဖြစ်ရပ် မတိုင်မီက သူတို့သည် ဖားကန့်မြို့နယ် ဆယ်ဇင်းရွာ ရဲစခန်းအချုပ်ခန်းတွင် လနှင့်ချီ ချုပ်နှောင်ခံထားရသူများ ဖြစ်သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ ည ၈ နာရီဝန်းကျင်တွင် ရဲများက ကိုနိုင်ဝင်းတို့ ၈ ဦးကို လက်နက်ကိုင်လူတစ်စုထံ လွှဲပေးလိုက်သည်။
ထိုလူစုသည် ထိုဒေသတွင် စစ်ကောင်စီနှင့် နီးကပ်သောဆက်ဆံရေးရှိသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) မှ ဖြစ်ကြောင်း ကိုနိုင်ဝင်းက ဆိုသည်။
“ကျွန်တော်တို့ကို (အချုပ်ခန်းထဲက) မထုတ်ခင် ရိုးတိုးရိပ်တိတ်မြင်နေရတာကို။ ပြီးတော့ သူတို့ ရှမ်းလို ပြောလိုက်…ဗမာလိုပြောလိုက်၊ ရှမ်းလိုပြောလိုက်၊ ဗမာလိုပြောလိုက် ဆိုတော့ ကျွန်တော်တို့က အဲ့ဒီမှာ သိသွားတော့တာ” ဟု သူက ပြောပြသည်။
ရှမ်းနီလူမျိုးအများစုနေထိုင်ရာ ကချင်ပြည်နယ်တောင်ပိုင်းနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် အခြေပြု လှုပ်ရှား နေသည့် SNA သည် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပူးတွဲ စစ်ရေး လှုပ်ရှား နေကြောင်း ပြောဆိုသူ အများအပြားရှိသော်လည်း SNA ကမူ ထိုစွပ်စွဲချက်ကို အစဉ်တစိုက် ငြင်းဆန်ထားသည်။
SNA ကို ရှမ်းနီပြည်နယ်ရရှိရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကြွေးကြော်သံဖြင့် ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းခဲ့ပြီး ရှမ်းနီတိုင်းရင်းသားများ ပျံ့နှံ့နေထိုင်သည့် စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ် တောင်ပိုင်းတို့ကို အခြေပြုပြီး လှုပ်ရှားသည်။
နွေဦးတော်လှန်ရေး စတင်ချိန်တွင် လက်နက်ကိုင်ခုခံလိုသူတချို့ကို သင်တန်းပေးခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဆက်ဆံရေးပိုမိုနီးစပ်သွား ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောကြသည်။
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ဇာတိဖြစ်သည့် အသက် ၃၃ နှစ်အရွယ် ကိုနိုင်ဝင်းမှာ လွန်ခဲ့သည့် ၅ နှစ်ကတည်း က ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာတွင် ကုန်တင်ကုန်ချလုပ်ကိုင်နေသူဖြစ်သည်။
ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့ အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာရှိ ဆယ်ဇင်းရွာမှာ အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်းလုပ်သားများဖြင့် တောခေါင်ခေါင်အလယ် မြို့ငယ်တမျှစည်ကားခဲ့သည်။ သို့သော်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ကြုံတွေ့နေရသည့် လက်နက်ကိုင်ပဋိပက္ခသည် ဆယ်ဇင်းရွာကိုလည်း လာရောက်ရိုက်ခတ်ခဲ့သည်။
ယမန်နှစ် ဇွန်လကုန်ပိုင်းကစပြီးဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာအနီး KIA, ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်လာမည့် အရိပ်အယောင် စတင် ပေါ်ပေါက်ခဲ့သည်။
ဆယ်ဇင်းရွာအနီး စစ်ကောင်စီတပ်စွဲထားရာ တာဝါတိုင်စခန်း၊ ဆယ်ဇင်းရဲစခန်းနှင့် SNA စခန်းတစ်ခုတို့ကို ဩဂုတ်လဆန်းပိုင်းတွင် KIA, PDF ပူးပေါင်း အဖွဲ့များက စီးနင်းသိမ်းပိုက်ပြီး နောက် စစ်ကောင်စီက မြေပြင်ရော ဝေဟင်ဖြင့်ပင် တုံ့ပြန်ခဲ့သည်။
လေကြောင်းမှ အကြိမ်ကြိမ်ဗုံးကြဲသည်၊ မြေပြင်စစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့ခဲ့သည်။ ဆယ်ဇင်းရွာ စီးနင်း ပစ်ခတ်မှုအတွင်း အာဏာသိမ်းစစ်တပ်နှင့်အတူ SNA တပ်သားများလည်း ပါဝင်သည်ဟု ဒေသခံများ၊ ကာကွယ်ရေးအဖွဲ့များက ဆိုသော်လည်း SNA က ထိုစွပ်စွဲချက်ကို ငြင်းဆိုထား သည်။
ဆယ်ဇင်းရွာ မီးရှို့ခံရချိန်တွင် ကိုနိုင်ဝင်းမှာ ရွာအနီးဝန်းကျင် ဘေးလွတ်ရာတွင် ခိုလှုံနေခဲ့ရသည်။ တစ်ပတ်ခန့်ကြာသည့်တိုင် နေ့ညမပြတ် ပစ်ခတ်သံများကြား ဆက်လက်နေထိုင်ရန် မဝံ့သည့် အတွက် ကိုနိုင်ဝင်း အပါအဝင် ၁၀ ဦးခန့်မှာ ဘေးလွတ်ရာ တိမ်းရှောင်ရန် ဆုံးဖြတ်လိုက်ကြသည်။
သို့သော် ဆယ်ဇင်းရွာမှအထွက် လမ်းတဝက်မှာပင် စစ်ကောင်စီစစ်ကြောင်းနှင့်တွေ့ပြီး ဖမ်းဆီးခံလိုက်ရသည်။ အတူထွက်လာသူများအနက် အမျိုးသမီးများကို ပြန်လွှတ်ပေးလိုက်သော်လည်း ကိုနိုင်ဝင်းအပါအဝင် အမျိုး သား ၅ ဦးကို စစ်ကောင်စီ တပ်စွဲထားသည့်ဆယ်ဇင်းရဲစခန်းသို့ ခေါ်ဆောင်သွားကြသည်။
ထို့နောက် ရဲအချုပ်ခန်းတွင် ၅ လကျော်ကြာ ချုပ်နှောင်ခံထားရပြီးနောက် ဇန်နဝါရီလလယ်တွင် သူအပါအဝင် အချုပ်ခန်းထဲ ရှိနေသူများထဲမှ ၈ ဦးကို ခေါ်ထုတ်ပြီး တောထဲတွင် သတ်ဖြတ်ကြခြင်းဖြစ်သည်။
ကိုနိုင်ဝင်းနှင့် နောက်တစ်ဦးမှာ နောက်စေ့နှင့် လည်ပင်း ရိုက်နှက် လှီးဖြတ်ခံရမှုကြောင့် ရလာသည့် ဒဏ်ရာတို့ကို ကချင်နှင့်စစ်ကိုင်းနယ်စပ်တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်တစ်ဦးက ကုသပေးခဲ့သည်။
ကိုနိုင်ဝင်း၏ လည်ပင်းမှာ ကြွက်သားပေါက်ပြဲသည်အထိ လှီးဖြတ်ခံခဲ့ရသည်။
“ အလယ်တည့်တည့်လှီးတော့ လေပြွန်အထိပဲပေါက်ပြီး ဘေးကသွေးကြောတွေ မထိလို့ အသက်ရှင်တာ” ဟု ကုသမှုပေးခဲ့သည့်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေသည့် ဆရာဝန်က ပြောသည်။
အထက်ပါ ဆယ်ဇင်းရဲစခန်းထဲတွင် ဖမ်းဆီးခံထားရသူများကို အပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး SNA ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး စိုင်းဆေက ၎င်းတို့လက်ချက် မဟုတ်ကြောင်း တုံ့ပြန်သည်။
“ရဲစခန်းနဲ့ အစ်ကိုတို့နဲ့ကလည်း မဆက်စပ်ဘူးလေ။ ပြန်လိုက်ပြီး စိစစ်နေတယ်။ ဘယ်အဖွဲ့က ပုံမှားရိုက်သလဲပေါ့” ဟု ဗိုလ်မှူးကြီး စိုင်းဆေက ဆိုသည်။
SNA က လည်ပင်းလှီးဖြတ်သတ်ဖြတ်မှု မှတ်တမ်းရုပ်သံဖိုင် သုံးခုကို Myanmar Now က လက်ခံရရှိထားသည်။ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် ရိုက်ကူးထားကြောင်း အတည်မပြုနိုင်သေးပေ။
၂ မိနစ် ၁၀ စက္ကန့်ကြာမြင့်သည့် ရုပ်သံတွင် SNA ယူနီ ဖောင်း ဝတ်စုံဝတ်ဆင်ထားသူတစ်ဦး အပါအဝင် လူတစ်စုက တောတွင်းတစ်နေရာတွင် အကျဉ်းသား ၆ ဦးကို မသေမချင်း ဓားဖြင့်ထိုးသတ်နေပုံကို မှတ်တမ်းတင်ထားသည်။ SNA ယူနီဖောင်းဝတ်ထားသူက အကျဉ်းသားတစ်ဦး၏ လည်ပင်းကို ဓားနှင့်လှီးသလို နံကြားကိုလည်း ဓားနှင့်ထိုးနေသည်။
ရုပ်သံမှတ်တမ်းနောက်တစ်ခုတွင်လည်း လက်ထိတ်နောက်ပြန်ခတ်၊ မျက်စိဖုန်းအုပ်ခံထားရသူ အမျိုးသားတစ်ဦးက မြေကျင်း ပေါ်တွင် ဒူးထောက်နေသည်၊ သူ့ကို SNA ယူနီဖောင်းဝတ်တစ်ဦး အပါအဝင် သေနတ်ကိုယ်စီ ကိုင်ဆောင်ထားသည့် လူတစ်စုက လည်ပင်းကို ဓားနှင့်လှီးသတ်ကာ မြေကျင်းထဲတွန်းချကြသည်ကို တွေ့ရသည်။
ထိုဗီဒီယိုဖိုင်တွင် တွေ့ရသူတို့မှာ ၎င်းတို့မဟုတ်ကြောင်း SNA က ပြောသည်။
“ဘယ်အဖွဲ့စည်းက အစ်ကိုတို့ အင်္ကျီကို ယူဝတ်ပြီး လုပ်သလဲဆိုတာ နောက်ပိုင်းတော့ ရအောင် ဆွဲထုတ်မှာပါ။ အစ်ကိုတို့အဖွဲ့ မဟုတ်ဘူးလို့ ပြောချင်တယ်”ဟု SNA ပြောရေးဆိုခွင့် ရသူ ဗိုလ်မှူးကြီးစိုင်းဆေက Myanmar Now ကို တုံ့ပြန်ပြောသည်။
၂ မိနစ်နှင့် ၁၅ စက္ကန့်ကြာ ရုပ်သံမှတ်တမ်းတွင် လက်ပြန်ကြိုးတုပ်၊ မျက်စိ ဖုံးအုပ်စည်းနှောင်ခံထားရပြီး မြေကျင်းအနီး ဒူးထောက်ထိုင်နေရသည့် အမျိုးသားတစ်ဦးကို လူတစ်စုက လည်ပင်းလှီးဖြတ်သတ်ဖြတ်လိုက်သည်၊ မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် SNA က ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်သည်ဟု အမျိုးသား တစ်ဦးက အမိန့်ပြန်တမ်းစာ ဖတ်ကြားသည်ကို တွေ့ရသည်။ အမိန့်ပြန်တမ်းပါ အချက်အလက်အရ ဖောင်းပြင်မြို့နယ်၊ လွင်ကြီးကျေးရွာဟု သိရသည်။ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ SNA စစ်ရေးလှုပ်ရှားရာ မြို့နယ်များထဲတွင် ပါဝင်သည်။
ထိုအမိန့်ပြန်တမ်းနှင့် ပတ်သက်ပြီး SNA ဗိုလ်မှူးကြီး စိုင်းဆေကို မေးမြန်းရာ ၎င်းတို့အဖွဲ့က ထိုပြစ်ဒဏ်မျိုး ပေးလေ့မရှိဟု ဆိုသည်။
“မုဒိမ်းမှုသက်သက်လေးနဲ့တော့ သေဒဏ်ပေးတာ တစ်ခုမှ မရှိခဲ့ဘူး”ဟု ဆိုသည်။
ဒေသခံများကမူ SNA က ၎င်းတို့ကို အခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တို့နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်တတ်ကြောင်း ဆိုကြသည်။
ဟုမ္မလင်းမြို့နယ်မှ အသက် ၅၀ ကျော်အရွယ် ဦးထွန်းဝင်းမှာ ထိုစွပ်စွဲချက် ဖြင့် ဖမ်းဆီးခံရသူများအနက် တစ်ဦး ဖြစ်သည်။
လက်လုပ်လက်စား ရွှေကျင်သည့် ဦးထွန်းဝင်းသည် SNA စခန်းတစ်ခုတွင် ချုပ်နှောင်ခံရဖူးသည်။
“တစ်ပတ်တိတိ ထမင်းမကျွေးဘူး။ တော်တော်လေးခံရတယ်။ နောက်မှ မသတ်တော့ဘဲနဲ့ အလုပ်တွေ ခိုင်းတာ။ ၁၆ ရက်ကြာမှ မျက်နှာပုဝါစည်းတွေကို ဖြုတ်ပေးတာ။ ရေကလည်း တောင်းတိုင်း မပေးဘူး။ နောက်ပြန်ကြိုးတုပ်ထားတယ်။ ခြေကျင်းခတ်ထားတယ်။ အဲ့ဒီ နောက်ပိုင်းမှ သတ်မိန့် က လွတ်သွားတဲ့ပုံစံမျိုးဖြစ်ပြီး ရှေ့လက်ထိပ်ပြန်ခတ်တယ်” ဟု ဦးထွန်းဝင်းက ပြန်ပြောပြသည်။
တဖြည်းဖြည်းချင်း အတုပ်အနှောင်များကို ဖြေလျှော့ပေးပြီးနောက် SNA အဖွဲ့၏ အချုပ်ခန်း ဆောက်လုပ်ရာတွင် သူ့ကို ခိုင်းစေခဲ့သည်။
မြေအောက်တွင်တစ်ဝက်၊ မြေပေါ်တွင် တစ်ဝက် သစ်လုံးများ ကာရံထားသည့် အဆောင်နှစ်ခုပါ အချုပ်ခန်းကို ဆောက်လုပ်ခဲ့ရပြီး နောက်ပိုင်းတွင် ထိုစခန်း၏ ချက်ပြုတ်ရေးတာဝန်ကို ယူခဲ့ရသည်။
ထိုအသစ်စက်စက် အချုပ်ခန်းအတွင်း ချုပ်နှောင်ခံရသူအများစုမှာ KIA/PDF နှင့်ပတ်သက်ကြောင်း သံသယဖြင့် ဖမ်းဆီးလာသူများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု စွဲချက်ဖြင့် ဖမ်းဆီးခံရသူများ ဖြစ်သည်ဟု သူက ပြောသည်။
ဦးထွန်းဝင်းရှိနေစဉ် ရှစ်လတာကာလအတွင်း ဖမ်းဆီးထားသူ ၄ ဦးကို ညဘက် ခေါ်ထုတ်သည့် ဖြစ်စဉ်အချို့ ကြုံခဲ့ရသည်ဟု ဆိုသည်။
“သူတို့က ဝက်ပေါ်တယ်ပြောတာပဲ၊ ညကျရင် ထုတ်သွားတာ။ ကျွန်တော်လည်း ကြည့်ခွင့်မရှိဘူး။ သူတို့တွေ ပြောလို့ကြားတယ်၊ ဝက်ပေါ်တယ်၊ ငါးစာကျွေးတယ်လို့ပဲ ပြောသံကြားတယ်။ အဲ့ဒီလို ညထုတ်သွားပြီးရင် နောက်နေ့ကျ (အဲဒီ အကျဉ်းသားကို) မမြင်ရတော့ဘူး” ဟု ဦးထွန်းဝင်းက Myanmar Now ကို ပြောသည်။
၎င်းရှိနေချိန်ကာလအတွင်း စခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၂ ကြိမ်တိုင် လာရောက်ကြသည်။ သူတို့ကို ခပ်လှမ်းလှမ်းမှသာ လှမ်းမြင်ရသဖြင့် ပြောဆို နေသည့် အကြောင်းအရာကို မသိရဟု ဆိုသည်။ ရှစ်လခန့်အကြာတွင် SNA က ဦးထွန်းဝင်းကို ပြန်လွှတ်ပေးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှု လုံးဝ ပျက်ယွင်းသွားသဖြင့် အနိုင်ကျင့်ခံရသူများမှာ အားကိုးရာမဲ့ ဖြစ်လာသည်။
လူ့အခွင့်အရေးချိုးဖောက်သူ မည်သူ့ကိုမဆို လက်မခံနိုင်ကြောင်း တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ထွေးက မှတ်ချက်ပြုသည်။
“လူ့အခွင့်ရေးချိုးဖောက်တဲ့ ကိစ္စတွေဆိုရင် SNA ပဲဖြစ်ဖြစ်၊ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းတွေပဲ ဖြစ်ဖြစ် ကျွန်တော်တို့က ရှုတ်ချတယ်။ ပြည်သူလူထုထောက်ခံမှု မရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးဆိုတာ အောင်မြင်မှုက ဘယ်လိုမှမရနိုင်ဘူး။ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ တော်လှန်ရေးမှပဲ အောင်မြင်တာ” ဟု TNDP ပါတီမှ ဦးကျော်ထွေးက မှတ်ချက်ပြု သည်။
SNA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းဆေက ၎င်းတို့၏ တပ်များ လူ့အခွင့်အရေးချိုးဖောက်ပါက ရှေးဦးစွာ သက်ဆိုင်ရာ နယ်မြေမှူးများတဆင့် တိုင်ကြားနိုင်ကြောင်း ဆိုသည်။
“နယ်မြေမှူးဆုံးဖြတ်တာ မကျေနပ်ဘူးဆိုရင် တပ်မဟာမှူးတွေကို တက်လို့ရတယ်။ တပ်မဟာမှူးကနေတဆင့် မကျေနပ်ဘူးဆိုရင် ပဋိပက္ခဖြေရှင်းရေး ကော်မတီရှိတယ်။ ပဋိပက္ခဖြေရှင်းရေးကော်မတီ ကနေတဆင့် လုံးဝ မကျေနပ်ဘူးဆိုရင် ဗဟိုကော်မတီအထိ တိုင်တန်းလို့ရတယ်”
တော်လှန်ရေးနှင့် SNA ရပ်တည်ချက်
ဆန္ဒပြသူတို့ကို ပစ်သတ်သည့် စစ်တပ်၏လုပ်ရပ်ကို မခံမရပ်နိုင်သဖြင့် လက်နက်ကိုင် ခုခံရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံအနှံ့မှ ထောင်သောင်းချီသည့် လူငယ်များအနက် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှ ကိုချာလီလည်း ပါဝင်သည်။ ဥရုချောင်းဖြတ်သန်းစီးဆင်းရာ ကချင်နှင့် စစ်ကိုင်း နယ်စပ်ရှိ ဟုမ္မလင်းသည် SNA လှုပ်ရှားရာ နယ်မြေလည်းဖြစ်သည်။
ကိုချာလီ အပါအဝင် လူငယ် အယောက် ၁၄၀ နီးပါးမှာ ၂၀၂၁ ခုနှစ်၊ မေလတွင် SNA နှင့် ဆက်သွယ်ပြီး နှစ်လကြာ စစ်ပညာသင်ယူခဲ့သည်။ လက်ရှိတွင် ကိုချာလီသည် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ HPDF 124 တွင် ဦးဆောင်လှုပ်ရှားနေသည်။
စစ်သင်တန်းဆင်းလာချိန်တွင် စစ်ကောင်စီကို တိုက်ခိုက်ရေးအတွက် SNA ထံမှ ကူညီထောက်ပံ့မှုများရရန် ကိုချာလီတို့၏ မျှော်လင့်ထားချက်မှာ သဲထဲရေသွန်ဖြစ်သွားသည်။
“ SNA ကို လက်နက်များ ငှားရမ်းနိုင်မလားဆိုပြီး ခဏခဏ သွားသွားပြောတယ်။ လက်နက်ငှားပေးပါ၊ တိုက်ပွဲ ဖော်ဆောင်ချင်တယ်၊ အဲဒီလိုမျိုး အကြိမ်ကြိမ်မှ အကြိမ်ကြိမ် သွားသွား ပြောကြတယ်။ ဒါပေမယ့် လုံးဝခွင့်ပြုမပေးဘူး။ ရန်သူဆိုတာ အချိန်ကောင်းကြည့်ရတယ်၊ တိုက်ချင်တိုင်း တိုက်မရဘူး ဆိုပြီး အဲ့လိုစကားလုံးမျိုးတွေနဲ့ အမြဲတမ်း ဟန့်တားတာ သင်တန်းဆင်းပြီး ကတည်းကပဲ”ဟု ကိုချာလီက ပြောသည်။
ထိုအခြေအနေကြောင့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ကိုယ်ထူကိုယ်ထရပ်တည်ရန် ပြင်ဆင် ခဲ့သည်ဟု ကိုချာလီက ဆိုသည်။ လက်ရှိတွင် HPDF 124 မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လက်တွဲ တိုက်ပွဲဝင်လျက်ရှိသည်။
သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သော KIA ကို ထိန်းညှိရန် အတွက် ကချင်နှင့်ရှမ်းနီလူမျိုးကြား လူမျိုးရေး မကျေလည်မှုများကို အခွင့်ကောင်းယူကာ စစ်တပ်က SNA ကို လက်ကိုင်တုတ်သဖွယ် အသုံးချနေကြောင်း ဒေသခံကာကွယ်ရေး အဖွဲ့များက သုံးသပ်သည်။
အာဏာသိမ်းစစ်တပ်နှင့် SNA တို့ ပူးပေါင်းလုပ်ကိုင်နေကြောင်း ပြောဆိုချက်များမှာ ပြီးခဲ့သည့် နှစ်လယ်ပိုင်းမှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်လာသည်။ သို့သော်လည်း SNA ဗိုလ်မှူးကြီးစိုင်းဆေကကမူ စစ်တပ်နှင့် ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ မရှိကြောင်း ငြင်းဆန်သည်။
“နိုင်ငံတော်ဘက်ကလည်း သူတို့ဝင်လာတဲ့အချိန် ကိုယ်တွေကို အကြောင်းကြားပြီးသွားတာလည်း ရှိတယ်၊ မကြားတာလည်းရှိတယ်။ PDF တွေလည်း သွားနေကြတာပဲ”ဟု ဗိုလ်မှူးကြီးစိုင်းဆေက ပြောသည်။
“သူကတော့ နိုင်ငံတော်အစိုးရဆိုတော့ သူ သွားချင်တဲ့ဆီသွားမှာပဲ။ သူကတော့ အစိုးရ ဖြစ်တာကိုး။ အစ်ကိုတို့ကျတော့ အစ်ကိုတို့နယ်မြေမှာပဲ….နယ်မြေကျော်ပြီးတော့ မသွားဘူး။ အစ်ကိုတို့ နယ်မြေမှာ လူထုကို လာပြီးတော့ ညှဉ်းပန်းတယ်ဆိုရင်တော့ အစ်ကိုတို့က ဘယ်အဖွဲ့မဆို တွန်းခံတာပေါ့”ဟု ဗိုလ်မှူးကြီး စိုင်းဆေက တုံ့ပြန်သည်။
အာဏာသိမ်းစစ်တပ်ကို ခုခံမှုအားကောင်းရာ ရှေ့တန်းမျက်နှာစာများအနက်ပါဝင်သည့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် စစ်တပ်ကို ရွပ်ရွပ်ချွံချွံ ခုခံနေသူများအနက် ရှမ်းနီတိုင်းရင်းသား အများ အပြားပါဝင်သည်။
ဟုမ္မလင်းမြို့ဇာတိ ရှမ်းနီတိုင်းရင်းသားဖြစ်သည့် ကိုထိုက်ကြီးက အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တုံ့ ပြန်ရန် ဆုံးဖြတ်လိုက်ချိန်တွင် KIA ထံတွင် စစ်ပညာ သင်ယူရန် ရွေးချယ်ပြီး NUG နှင့်ပူးပေါင်းကာ လက်နက် ကိုင်ခုခံ တော်လှန်နေသူဖြစ်သည်။
ရှမ်းနီတိုင်းရင်းသားတစ်ဦးအနေဖြင့် SNA အပေါ်မျှော်လင့်ချက် ထားသည်ဟု သူက ဖွင့်ဟသည်။
“ပြည်သူတွေရဲ့သဘောထားအတိုင်း တော်လှန်ရေးအပေါ်မှာ ခိုင်ခိုင် မာမာရပ်တည်စေချင်တယ်။ တော်လှန်ရေးနဲ့ တစ်သားတည်းကျစေချင်တယ်” ဟု ကိုထိုက်ကြီးက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။