အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပြေးနေရသည့် တလုပ်မြို့ဒေသခံတို့ မိုးရာသီအတွက် စိုးရိမ်နေ

စစ်ကောင်စီလက်နက်ကိုင်များ တပ်စွဲထားသည့် မြင်းခြံမြို့၊ တလုပ်မြို့ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာသူရွာသားများက မိုးတွင်းကာလအတွင်း ဒုက္ခကြီးစွာရောက်မည်ကို စိုးရိမ်ကြောင်းပြောကြသည်။

ယခုလကုန်လျှင် မိုးရာသီအစပြုမည်ဖြစ်သော်လည်း ဒေသတချို့တွင် မုန်တိုင်းကြောင့် မိုးရွာနေပြီဖြစ်သည်။

“ညဆို အမိုးအကာ မပါဘဲ ကြမ်းပြင်ပေါ် အိပ်ကြရတယ်။ တချို့ကလည်း ကွပ်ပျစ်လေးတွေနဲ့ ဝါးခြမ်းလေးတွေနဲ့ အိပ်ကြရတယ်။ နေပူတာကို အရိပ်မှာ ခိုလို့ရပေမဲ့ မိုးရွာရင်တော့ အရိပ်မှာ ခိုလို့မရဘူး။ မိုးသက်လေပြင်းကျလာရင်တော့၊ အဲဒီလိုမျိုးဖြစ်လို့ ဖျားတယ်နာတယ်ဆိုရင်တော့ သူတို့ သတ်ရင်လည်း သေရမှာပဲ၊ အပြင်မှာလည်း သေရမှာပဲ အတူတူတော့ ကိုယ့်အိမ်မှာကိုယ်ပဲ ပြန်သေမယ်လို့ စိတ်ကူးထားတယ်” ဟု အသက် ၃၀အရွယ် ဒေသခံတစ်ဦးက ပြောသည်။

၎င်းသည် မိသားစုဝင် ၁၅ဦးခန့်နှင့်အတူ ရွာပြင်ပ၌ ဖြစ်သလိုနေထိုင်နေရသူဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“အရိပ်အမိုးကောင်းတဲ့နေရာတွေ မိုးကာလေးတွေ ထိုးပြီးနေရတာပေါ့။ ရေရှည် တောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာနဲ့ နေဖို့ ကူညီပေးထားတဲ့ မိုးကာနဲ့ နေလို့ကလည်း မရဘူး။ သူတို့က သတင်းရရင် ရသလို တောနင်းရှာနေတာဆိုတော့ ရွေ့လျားပုံစံမျိုးတွေနဲ့ နေနေရတာပေါ့။ တချို့ဆို နေရာ သုံးလေးနေရာလောက်ကို ရောက်ခဲ့ပြီ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် အခြားဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သော ၎င်းတို့ရွာကို စစ်တပ်က ‌မေ ၁၂ ရက်တွင် ပစ်ခတ် စီးနင်းဝင်ရောက်တပ်စွဲပြီး ခုခံသူဟု ၎င်းတို့ယူဆသူများကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေသဖြင့် ဒေသခံအများအပြား အိုးအိမ်စွန့်ခွာထွက်ပြေးနေရခြင်းသည်။

“(စစ်တပ်က) အမြဲတမ်း ဝင်နေမယ်ဆိုရင်တော့ အဆင်မပြေတော့ဘူး။ ပြည်သူပြည်သားတွေက အပြင်ထွက်၊ သူတို့ကတော့ ကောင်းကောင်းနေ ကောင်းကောင်းစားဆိုတော့ ဒါ ဟိုတုန်းက ပြောခဲ့တဲ့ ပြည်သူ့တပ်မတော်ဆိုတာ လုံးဝ မဟုတ်တော့ဘူး။ တကယ်တမ်းဆို သူတို့ လိုချင်တဲ့သူတွေကို တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ။ ကိုယ့်ရဲ့တပ်ရင်းကိုပဲ ပြန်ပြီးတော့ နေတာ အကောင်းဆုံးလို့ မျှော်လင့်ပါတယ်” ဟု မိသားစုနှင့်အတူ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံကပြောသည်။

စစ်သားများ စစ်တန်းလျားပြန်ရန် ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်တပ်၏ တုံ့ပြန်ချက်ရရန် စစ်တပ်ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီက တလုပ်မြို့ရွာကို ဝင်ရောက်တပ်စွဲထားသည်မှာ ယနေ့(မေ၂၂)တွင် ၁၀ ရက်ထိ ကြာမြင့်နေပြီ ဖြစ်သည်။

အိမ်ခြေ ၁၃၀၀ ကျော်ရှိသည့် တလုပ်မြို့ရွာ၌ လူဦးရေ ၇၀၀၀ခန့် ယနေ့တိုင် တိမ်းရှောင်နေရဆဲဖြစ်သည်ဟု ဒေသခံတို့က ဆိုသော်လည်း အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကောင်စီတပ်ဖွဲ့ကြောင့် နေရပ်စွန့်ခွာရသူများကို မိုးကာများ၊ ယာယီရွက်ဖျင်တဲများ၊ ရိက္ခာများ ထောက်ပံ့ကူညီနေသည်ဆိုသော်လည်း လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးနေသဖြင့် ထွက်ပြေးနေရသူထက်ဝက်ခန့်သာ အကူအညီရရှိကြောင်း တလုပ်မြို့ရွာဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်များက တလုပ်မြို့ရွာကို ဧပြီလမှစ၍ အင်အားသုံးကာ သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ မသင်္ကာသူများကို အနီးအနားရှိ တောရော၊ မြို့ပါမကျန် ပိုက်စိပ်တိုက်ဖမ်းဆီးနေခြင်းဖြစ်ပြီး ကူညီစောင့်ရှောက်ထားသူများကိုပါ ရန်ရှာနေပြီး အမျိုးသားများကို အဓိကပစ်မှတ်ထားနေကြောင်း ဒေသခံတို့က ဆိုသည်။

မြင်းခြံခရိုင်အတွင်း၌ပင်ဖြစ်သော တောင်သာမြို့၊ ရုံးပင်ရွာ၌ ယနေ့ (မေ ၂၂)တွင် အငြိမ်းစားကျောင်းဆရာ ဦးသောင်းရီကို စစ်ကောင်စီဆန့်ကျင်သူလူငယ်များကို အားပေးကူညီသည်ဆိုသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း မြို့ခံများက အတည်ပြုသည်။

ထို့အပြင် စစ်ကောင်စီကို ဆန့်ကျင်မှုများပြုလုပ်နေသည့် နွားထိုးကြီးမြို့နယ်၊ စင်္ကြာတောင်ပေါ်ရှိ အမျိုးသမီး၊ အမျိုးသား ၃၀ ဦးခန့်ကိုလည်း ဖမ်းဆီးပြီး အခြားသံသယရှိသူတို့ကို အနီးအနားရှိ ကျေးရွာများသို့ပင် ဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်နေသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများရှိနေသည်ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button