အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တလုပ်မြို့ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်း  

တူးမီးနှင့် ရရာလက်နက်စွဲကိုင်၍ အာဏာဖီဆန်နေသည့် မြင်းခြံခရိုင်၊ တလုပ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့များက နာရီ ၂၀ ဝန်းကျင် ပစ်ခတ်တိုက်ခိုက်ပြီးနောက် ယနေ့ (မေ ၁၂) မွန်းတည့်ချိန်ခန့်တွင် ဝင်ရောက်တပ်စွဲလိုက်သည်ဟု မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်မှ ကိုအေးကျော်က ပြောသည်။

“(နံနက်) ၁၁ နာရီခွဲလောက်ထိ ကျနော်တို့ သူတို့နဲ့ တိုက်ခဲ့တယ်။ စစ်ကောင်စီဘက်က ခဲယမ်းလက်နက်အပြည့်အစုံနဲ့ တက်လာပြီးပစ်တဲ့အချိန်မှာ ကျနော်တို့လည်း ဆုတ်ရတော့တာပဲ။ တောင့်ခံနိုင်ဖို့လည်း မဖြစ်တော့ဘူး”ဟု ၎င်းကပြောသည်။

တလုပ်မြို့ကို ဧပြီလမှစ၍ ဝင်စီးရန် ကြိုးစားနေသော စစ်ကောင်စီတပ်များ၏ သုံးကြိမ်မြောက်တိုက်ခိုက်မှုကို ယမန်နေ့ (မေ ၁၁) မွန်းလွဲ ၂နာရီမှစ၍ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က အတည်ပြုသည်။

အဆိုပါအချိန်မှစ၍ မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏရှိခဲ့ပြီးနောက်ပိုင်း ယနေ့(မေ ၁၂) နံနက်ပိုင်းမှစ၍ စစ်ကောင်စီတပ်က တလုပ်မြို့ကို အင်အား ၅၀ ကျော်ဖြင့် ရှေ့နောက်ညှပ်ကာ လက်နက်သာလွန်အင်အားကို သုံး၍ အတင်းဝင်ရောက်ပစ်ခတ်သဖြင့် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း ကိုအေးကျော်က ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်မှ ခြောက်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးခံရပြီး၊ ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့သည့် ဒေသခံငါးဦးကို ဘေးလွတ်ရာသို့ ပို့ဆောင်၍ ဆေးကုသပေးနေရကြောင်း ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း၊ တလုပ်မြို့ခံ ၃၀ နီးပါးလည်း ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတို့က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“တိုက်ပွဲပြင်းထန်တာကတော့ ဒီနေ့မနက် ၈ နာရီလောက်မှာ ပြင်းထန်လာတာ။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ ရွာသားတွေကတော့ ဘေးလွတ်ရာပြေးကြတာပေါ့။ ကျွန်တော်တို့က ဘေးလွတ်ရာ ရောက်နေလို့ နှစ်ဖက်သေနတ်သံတွေ ကြားရတာကလွဲရင် ဘာမှမသိရသေးဘူး”ဟု တလုပ်မြို့ခံတစ်ဦးက ပြောသည်။

တလုပ်မြို့သည် ရွာလေးရွာ စုပေါင်းထား‌ခြင်းဖြစ်သည်။ တလုပ်မြို့နယ်နိမိတ်အတွင်း ယမန်နေ့က တိုက်ပွဲစတင်ဖြစ်ပွားရာ မြို့မကျေးရွာ၌ အိမ်ခြေ ၁၄၀၀ ကျော်၊ လူဦးရေ တစ်သောင်းကျော်ခန့် ရှိသည်။ အသက် ၁၈ နှစ်နှင့် ၅၀ ကြား အမျိုးသားများသာ ကာကွယ်ရေးအတွက် နေရစ်ခဲ့ပြီး ကျန်သည့်ဒေသခံများမှာ ကြိုတင်တိမ်းရှောင်နေရသည်ဟု ဒေသခံအချို့က အတည်ပြုထားသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်သတ်လေ့ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသတချို့တွင် အမဲလိုက်သေနတ်ဖြစ်သော တူမီးကိုင်ခုခံသူများနှင့် ရင်ဆိုင်ရလေ့ရှိပြီး အထိအခိုက်အကျအဆုံးမည်မျှရှိသည်ကိုမူ အတည်မပြုနိုင်သေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button