သတင်း

ဟားခါးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံး၊ ဒေသခံများ တိမ်းရှောင်နေရ 

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ယမန်နေ့ (မေ ၁၈) က စစ်ကောင်စီတပ်နှင့် ချင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF)တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဟားခါးမြို့နှင့် ၇ မိုင်အကွာရှိ လောက်လုံးကျေးရွာအုပ်စုအနီး CDF (ဟားခါး) ခေတ္တစခန်းချသည့်နေရာကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်း ၂၆၆ က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့သည်ဟု CDF (ဟားခါး) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထိုသို့လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် မွန်းလွဲ ၃ နာရီခန့်တွင် CDF စခန်းအနီးသို့ တက်လာသော စစ်သားငါးဦးကို CDF တပ်ဖွဲ့ဝင်များက တူမီးသေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ငါးဦးလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အဆိုပါ CDF (ဟားခါး) တပ်ဖွဲ့ဝင်က Myanmar Now ကို ပြောသည်။ 

“သူတို့က လက်နက်ကြီးနဲ့ တော်တော်ပစ်တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ကျွန်တော်တို့ ဆုတ်ခွာသွားနိုင်တယ်။ သူတို့ဘက်က ငါးယောက်ကျတယ်။ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေ သူတို့မီးရှို့ပစ်လိုက်ကြတယ်” ဟု ၎င်းက ပြောသည်။

လက်နက်အင်အားမမျှသဖြင့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆုတ်ခွာလာရကြောင်း၊ CDF တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိပြီး စစ်ကောင်စီဘက်တွင် အင်အား ၁၀၀ ကျော်ရှိမည်ဟု ခန့်မှန်းရပြီး  ထို့ထက်လည်း ပိုများနိုင်သည်ဟုလည်း အဆိုပါ CDF (ဟားခါး) တပ်ဖွဲ့ဝင်က ပြောသည်။ 

“ကျွန်တော်တို့ဘက်က သေနတ်ထုတ်လိုက်တာနဲ့ လက်နက်ကြီးက ကျလာတယ်။ တူမီးနဲ့ပစ်လိုက်ပြီ ဆိုတာနဲ့ ကျွန်တော်တို့ရဲ့ယမ်းတွေက မီးခိုးတွေဖြစ်တယ်လေ။ သူတို့က ချက်ချင်းသိတယ်” ဟု ၎င်းက ဆိုသည်။

လောက်လုံးရွာအနီး တိုက်ပွဲတွင် CDF တပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံး မရှိသော်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ချိန်တွင် ဒေသခံများသည် အဖွဲ့လိုက်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။ 

“လိုအပ်တဲ့ပစ္စည်းတွေလည်း ပါမလာကြတဲ့သူတွေများတယ်။ အဲဒါသူတို့ရွာကပဲ မနက်ည ထမင်းကျွေးပြီး တော့မှ နေရာချထားပေးပြီးတော့မှ အဆင်ပြေသလိုပေါ့ နေနေကြတာပဲ။ အခက်အခဲတွေ အများကြီးရှိပါတယ်။ လူကများတော့ ကျန်းမာရေးအတွက်လည်း အရမ်းစိတ်ပူနေတယ်” ဟု လောက်လုံးရွာသား တစ်ဦးက ပြောသည်။ 

စစ်ဘေးရှောင်များတွင် ငါးနှစ်အောက်ကလေး အယောက် ၅၀ ကျော်ရှိပြီး မေလအတွင်း မီးဖွားရမည့် ကိုယ်ဝန်ဆောင် လေးဦးရှိသည်ဟု သိရသည်။ 

“စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်ပြီးတော့ ဆင်းလာတာ။ ကျွန်တော်တို့ရွာရဲ့ အရှေ့ဘက်မှာ တောင်တန်းကြီးရှိတယ် ဟားခါး ၂၆၆ တပ်ရင်းကနေ တောင်နဲ့မြောက်သွယ်တဲ့ ရုန်းတောင်ပေါ့နော် အဲဒီရုန်းတောင်ရဲ့အောက်မှာ ရွာကရှိတယ်၊ မတူပီလမ်းမပေါ်မှာ။ အဲဒီတောင်ကနေ ဆင်းလာပြီးတော့မှ လက်နက်ကြီးတွေနဲ့ပစ်တယ်” ဟု လောက်လုံးရွာသားက ပြောသည်။

စစ်တပ်က ညပိုင်း ၇ နာရီခန့်အထိ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်နေပြီး လောက်လုံးရွာအနီး Good Friday ခရစ်ယာန်ဝတ်ပြုဆုတောင်းပွဲကျင်းပရာ နေရာတွင် စစ်ကောင်စီက စခန်းချတပ်စွဲလိုက်ခဲ့သည်ဟု ဆိုသည်။ 

“ဒီနေ့ဆိုရင်တော့ ရွာမှာ စစ်သားတွေရှိပြီး လူထုက တစ်ယောက်မှ မရှိတော့ဘူး။ ရွာမှာအိမ်တစ်အိမ်ကို တံခါးထုခွဲပြီးမှ အဲဒီအိမ်မှာ ချက်စားကြတယ်လို့ သတင်းတော့ကြားတယ်။ မနေ့ညက ဖြစ်တဲ့နေရာမှာ အကွဲအစလေးတွေ အိမ်ခေါင်မိုးပေါ်မှာ ကျလာတဲ့အသံတွေ အိမ်မှာနေတဲ့လူတွေကြားတယ်” ဟု လောက်လုံးရွာသားက ပြောသည်။

စစ်သားများမီးရှို့မှုကြောင့် ရွာတွင် ဆိုင်ကယ်တစ်စီးနှင့် အိမ်တစ်အိမ် မီးလောင်ခဲ့သည်ဟု သတင်းကြားရ ပြီး ကိုယ်တိုင်အတည်ပြုနိုင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

ယနေ့ (မေ ၁၉) နံနက်အစောပိုင်းတွင်လည်း စစ်တပ်က လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ထပ်မံထွက်ပြေးလာသည့် ရွာသားများရှိကြောင်း အဆိုပါ လောက်လုံးရွာသားက ပြောသည်။

ဧပြီလဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သော ချင်းပြည်နယ်အတွင်းနှင့် ပြည်နယ်ပြင်ပရှိ ချင်းလူမျိုးများ စုစည်းဖွဲ့ထားခဲ့သည့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (Chinland Defense Force) ဦးဆောင်၍ ဟားခါး၊ ကန်ပက်လက်၊ မင်းတပ်၊ တီးတိန် စသည့်မြို့များတွင် စစ်ကောင်စီတပ်ကို ရိုးရာလက်လုပ် တူမီးသေနတ် များအားကိုးဖြင့် ခုခံတော်လှန်လျက်ရှိသည်။ 

ယခုလဆန်း ၃ ရက်ကလည်း ချင်းပြည်နယ်မြို့တော် ဟားခါးတွင် စစ်ကောင်စီတပ်ကို CDF (ဟားခါး) က ညပိုင်းတွင် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ 

Show More

Related Articles

Back to top button