သတင်း

ပြည်မြို့မှ DVB သတင်းထောက် ထောင် ၃ နှစ်ချမှတ်ခံရ

ပဲခူးတိုင်း၊ ပြည်မြို့နေ DVB သတင်းထောက် ကိုမင်းညိုကို ပြည်မြို့အကျဉ်းထောင်တွင်းတရားရုံးက ယမန်နေ့  (မေ ၁၂) တွင်  ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ 

စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသူများကဲ့သို့ပင် သတင်းထောက်သည် မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်သည်။ 

“ပုဒ်မ ၅၀၅ (က)နဲ့ သုံးနှစ်ချလိုက်တယ်။ ရှေ့နေတွေနဲ့ပဲ တွေ့ခွင့်ရတယ်။ မိသားစုနဲ့ တွေ့ခွင့်မရသေးဘူး။ ဖမ်းဆီးပြီးကတည်းက တစ်ခါမှ မတွေ့ရသေးဘူး”ဟု ကိုမင်းညို၏ ဇနီး မမိုးမိုးက Myanmar Now ကို ပြောသည်။ 

ဒေါ်မိုးမိုးက စီရင်ချက်နှင့် ပတ်သက်ပြီး အယူခံ ဆက်တက်သွားမည်ဟု ဆိုသည်။ 

မတ်လ ၃ ရက်နေ့က ပြည်မြို့ဆန္ဒပြပွဲတွင် သတင်းယူနေစဉ် စစ်သားနှင့် ရဲများက ကိုမင်းညိုကို ရိုက်နှက်ဖမ်းဆီးခဲ့သည်။ 

မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်စေရန် ဖုန်းဖြင့် ဆက်သွယ်လှုံ့ဆော်သည်ဟု စစ်ကောင်စီက စွပ်စွဲအမှုဖွင့်ကာ ၈ ကြိမ်မြောက်ရုံးချိန်းတွင် အမိန့်ချခဲ့ခြင်း ဖြစ်သည်။ 

စစ်ကောင်စီသည် ကိုဗစ်နိုင်တင်းကပ်ရောဂါ အကြောင်းပြကာ ၎င်းတို့ ဖမ်းဆီးထားသူများကို ထောင်တွင်းတရားရုံးတွင်သာ စစ်ဆေးနေသည်။ 

ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းမှာ  အာဏာရှင်များ၏ လုပ်နေကျ လုပ်ရပ်များသာဖြစ်ကြောင်း၊ နိုင်ငံအတွက် အကျိုးရှိသည့်လုပ်ရပ်မဟုတ်ကြောင်း မြေလတ်ဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဆလိုင်းကောင်းမြတ်မင်းက ပြောသည်။ 

“ဖမ်းပြမယ်။ နှိပ်စက်ပြမယ် ။ ကိုယ့်အိမ်မှာ ကောင်းကောင်းမနေရအောင်၊ အထိတ်တလန့်ဖြစ်အောင်၊ မိသားစု တကွဲတပြားဖြစ်အောင် နည်းမျိုးစုံနဲ့ အာဏာရှင်တွေရဲ့ လုပ်ရပ်အတိုင်း လုပ်မှာပဲ။ ဒါပေမယ့် မီဒီယာတွေဘက်ကလည်း ရတဲ့နေရာကနေ လုပ်နေကြတယ်။ အရှိန်လျော့မသွားဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ (စစ်တပ်)ရဲ့လုပ်ရပ်တွေဟာ ကျွန်တော်တို့အတွက် ဘာမှ နောက်ဆုတ်စရာမရှိဘူး” 

လန်ဒန်အခြေစိုက် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က သတင်းထောက်ကို ပြန်လွှတ်ရန် ထောင်ချခံရသည့်နေ့တွင်ပင် တောင်းဆိုလိုက်သည်။

“ရက်စက်ကြမ်းကြုတ်သည့် စစ်အာဏာပိုင်များသည် ၎င်းတို့၏ ရာဇဝတ်မှုများကို ဖော်ထုတ်ရန် လုပ်ဆောင်သူတို့ကို နှုတ်ပိတ်နေကြောင်း၊ ဤနည်းဖြင့် ၎င်းတို့နှင့် သဘောထားကွဲသူများကို နှိပ်ကွပ်ချေမှုန်းရန် ဆုံးဖြတ်ထားကြောင်း“ ထိုအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတ် ၁ တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ DVB သတင်းထောက် ကိုအောင်ကျော်သည် နေအိမ်တွင် အကြမ်းဖက်ဖမ်းဆီးခံခဲ့ရသည်။ 

ဧပြီလ ၂၇ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က မန္တလေးအခြေစိုက် Voice of Myanmar သတင်း အယ်ဒီတာချုပ် ကိုနေလင်း၊ သတင်းထောက် ကိုရှိုင်းအောင်တို့ကို ဆွေးနွေးလိုသည်ဟု ဆိုကာ ခေါ်ဆောင်သွားပြီး ဖမ်းဆီးကာ မိသားစုဝင်များနှင့် အဆက်ဖြတ်ထားလိုက်သည်။

မေလ ၁၂ ရက်နေ့တွင်မူ ချမ်းမြသာစည်မြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟု ကိုနေလင်း၏ ဇနီးဖြစ်သူ မဇာနည်မာန်က သတင်းဌာနများကို ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅(က) အတွက် ပြစ်ဒဏ်ကို ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ်သို့  ပြင်ဆင်သတ်မှတ်ခဲ့သည်။ 

ထို့နောက် ထင်ရှားကျော်ကြားသူများ၊ လွှတ်တော်အမတ်များ၊ မီဒီယာသမားများ၊ စစ်ကောင်စီဆန့်ကျင်သူများကိုပါ ယင်းပုဒ်မဖြင့် ဖမ်းဝရမ်းထုတ်၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေသည်။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်ထိ Myanmar Now သတင်းထောက်အပါအဝင် သတင်းသမားအရေအတွက် ၄၈ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားသည်။ 

ရန်ကုန်မြို့ မြေနီကုန်းတွင် သတင်းယူနေစဉ် ဖမ်းဆီးပြီး ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် မကေဇွန်နွေးသည် ဧပြီ ၂၈ ရက်မှစ၍ အင်းစိန်ထောင်၌ တိုက်ပိတ်ခံထားရသည်။ 

ဖမ်းဆီးခံရသူများအနက်မှ ဆင်ဟွာ, AP, BBC ကဲ့သို့သော ပြည်ပအခြေစိုက်သတင်းဌာန သတင်းထောက်တချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အများစုမှာ ဆက်လက်ထိန်းသိမ်းခံထားရသည်။

သို့ရာတွင် မတ် ၆ က မိတ္ထီလာမြို့တွင် စစ်ကောင်စီဆန္ဒပြပွဲ သတင်းယူနေစဉ် အဖမ်းခံရသော Eleven သတင်းထောက် ကို၀ဏ္ဏစိုးကိုမူ ယင်းနေ့ မွန်းလွဲပိုင်း၌ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့သည်။ 

စစ်ကောင်စီသည် မတ် ၉ တွင် Myanmar Now, Mizzima, DVB, 7Day, ခေတ်သစ်သတင်းဌာနတို့ကိုလည်းကောင်း၊ ဧပြီ ၂၉ တွင် ကချင်ပြည်နယ်အခြေစိုက် 74 Media နှင့် မြစ်ကြီးနားသတင်းဂျာနယ်တို့ကိုလည်းကောင်း သတင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပိတ်သိမ်းကြောင်း စစ်ကောင်စီက အကြောင်းကြားခဲ့သည်။  

Show More

Related Articles

Back to top button