သတင်း

Myanma‌r Now သတင်းထောက် တိုက်ပိတ်ခံထားရ

ရန်ကုန်မြို့ မြေနီကုန်း၌ ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲကို သတင်းယူနေစဉ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဧပြီ ၂၈ ရက်မှစ၍ တိုက်ပိတ်ထားကြောင်း ၎င်း၏ရှေ့နေ ဒေါ်နီလာခိုင်က ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် စစ်ကောင်စီက ဖွင့်လှစ်ထားသည့်အမှုအတွက် အင်းစိန်ထောင်တွင်း ဖွင့်လှစ်စစ်ဆေးသည့် တရားရုံး၌ ယနေ့ (မေ ၆) ရုံးထုတ်စစ်ဆေးစဉ် မကေဇွန်နွေးက ထိုသို့အသိပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“သူပြောတာကတော့ ဘာမှတော့ သူကမလုပ်ဘူး။ ထောင်ထဲမှာ ထိုင်သပိတ်လုပ်ဖို့တို့ ဘာတို့ တခြားသူတွေ လုပ်တာတော့ရှိတယ်။ သူကတော့ (အစ္စလာမ်ဘာသာဝင်များ၏) ဥပုသ်လမို့ အစာမစားတာပဲ ရှိတယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ တိုက်ပိတ်ခံရတယ်တဲ့”ဟု ဒေါ်နီလာခိုင်က ပြောသည်။

မကေဇွန်နွေးအပြင် အခြားအမျိုးသမီးနှစ်ဦးပါ တိုက်ပိတ်ခံရကြောင်း သိရသော်လည်း အသေးစိတ်အကြောင်းအရာများကို အကျဉ်းထောင်အာဏာပိုင်များထံ မေးမြန်းနိုင်ခြင်းမရှိသေးပေ။

“မကေဇွန်က ဥပုသ်လမို့ အစာရှောင်နေတာ၊ ဒါကို ဆန္ဒပြနေသလိုမျိုး ထောင်အာဏာပိုင်ကို သတင်းပေးတဲ့သူရှိတယ်။ အဲဒါကို တိုက်ပိတ်လိုက်တာ” ဟု အာဏာသိမ်းမှုဆန္ဒပြပွဲတစ်ခုတွင်ပါဝင်၍ ဖမ်းဆီးခံရပြီး မေ ၃ ရက်တွင် အင်းစိန် အကျဉ်းထောင်မှ လွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

ယနေ့ရုံးချိန်းတွင် တရားလိုဖြစ်သည့် စမ်းချောင်းမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်ကို စစ်ဆေးခဲ့ပြီး မကေဇွန်နွေးကို အမှုဖွင့်ရသည်မှာ မြေနီကုန်း ခုံးကျော်တံတားအောက် ဆန္ဒပြမှုအတွင်း ဆူပူရန် လှုံ့ ဆော်ခဲ့၍ဟု ထွက်ဆိုကြောင်း ဒေါ်နီလာခိုင်က ပြောသည်။

“သတင်းဥပဒေနှင့်အညီ သတင်းရယူခွင့်ရှိတယ်၊ ဆန္ဒပြသူတွေနဲ့အတူ လှုံ့ဆော်ဆန္ဒပြတယ်ဆိုပေမယ့် သိမ်းဆည်းခံပစ္စည်းတွေမှာလည်း ဖုန်းတစ်လုံးနဲ့ ဖုန်းတင်တဲ့ဒေါက်တိုင်ပဲပါတယ်။ သတင်းလုပ်တဲ့နေရာမှာ သုံးတဲ့ဟာတွေပဲ။ ဆန္ဒပြတဲ့နေရာမှာ သုံးတဲ့ဟာတွေ မဟုတ်ဘူး”ဟု တရားလိုကို ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ မေးခွန်းထုတ်သော်လည်း တိုင်ကြားစာတွင် ပါဝင်သကဲ့သို့ သတင်းယူရင်း ဆန္ဒပြရန် လှုံ့ဆော်သည်ဟူသော ထွက်ဆိုချက်ကိုသာ အခြေခံ၍ တရားလို ရဲစခန်းမှူးက တရားခွင်၌ ထွက်ဆိုခဲ့ကြောင်း ဒေါ်နီလာခိုင်က ဆက်ပြောသည်။

အင်းစိန်ထောင်အတွင်းပြုလုပ်သည့် ယနေ့ရုံးချိန်း၌ Mizzima အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပြီး မကေဇွန်နွေးနှင့်အတူ နောက်တစ်ကြိမ်ရုံးချိန်းကို မေ ၂၀ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ ရဲတစ်ဖွဲ့ဝင်တစ်ဦးကို စစ်ဆေးရန် တရားရုံးက စီစဉ်ထားကြောင်း ဒေါ်နီလာခိုင်က ပြောသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများထဲမှ AP, BBC ကဲ့သို့သော နိုင်ငံတကာသတင်းဌာန သတင်းထောက်အချို့ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း အများစုမှာ ဆက်လက်ထိန်းသိမ်းခံထားရကာ AAPP ၏ စာရင်းအရဆိုလျှင် သတင်းသမား ၄၈ ဦး ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

မေ ၃ ရက်တွင် ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့၌ မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မီဒီယာဝန်ထမ်းများအားလုံးကို ချက်ချင်းလွှတ်ပေးရန် အမေရိကန်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံက ကြေညာချက်တစ်ရပ် ထုတ်ပြန်တောင်းဆိုထားသည်။

Show More

Related Articles

Back to top button